Wednesday, October 14, 2009

ငွေမပေးနိုင်သူ မြန်မာအလုပ်သမားအများစု မလေးရှား အကျဉ်းစခန်းတွေမှာ သောင်တင်ဆဲ

ငွေမပေးနိုင်သူ မြန်မာအလုပ်သမားအများစု မလေးရှား အကျဉ်းစခန်းတွေမှာ သောင်တင်ဆဲ

2009-10-14 ( RFA )

မလေးရှားနိုင်ငံမှာ အကြောင်းမျိုးစုံနဲ့ တရားမဝင် နိုင်ငံခြားသားအဖြစ် အဖမ်းဆီးခံရပြီး လူဝင်မှုကြီးကြပ်ရေး စခန်းတွေမှာ အကျဉ်းကျနေတဲ့ မြန်မာအလုပ်သမားတွေ ထောင်နဲ့ချီ သောင်တင်နေပါတယ်။


ထိုင်း-မလေးရှားနယ်စပ်ရှိ ဘလန်တစ် လူဝင်မှုကြီးကြပ်ရေးဌာန လျှို့ဝှက် အကျဉ်းစခန်းကို အပြင်မှ မြင်ရပုံ ဖြစ်ပါသည်။ မလေးရှားနိုင်ငံတွင် တရားမဝင် လာရောက် အလုပ်လုပ်သော နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်မပေးမီ ၎င်းအကျဉ်းစခန်းတွင် ချုပ်နှောင်ဖမ်းဆီးထားသည်။ (Photo: RFA)

ဒီမြန်မာအလုပ်သမားတွေကို မြန်မာအစိုးရက ဌာနေပြန်နိုင်ဖို့ စီစဉ်နေတယ်လို့ မကြာခင်က စစ်အစိုးရ မီဒီယာတွေကတဆင့် ထုတ်ပြန်ပြောကြားပေမဲ့ ဒီအစီအစဉ်အရ မလေးရှားအကျဉ်းစခန်းမှာ ကျနေတဲ့ သူတွေအဖို့ ငွေကြေးမတတ်နိုင်တဲ့အပြင် လုံခြုံရေး စိတ်မချရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာသံရုံးက အရာရှိတွေမဟုတ်ပဲ ပွဲစားနဲ့ ကိုယ်စားလှယ်တွေပဲ လာတာကြောင့်လည်း မြန်မာအလုပ် သမားတွေဟာ ဒီအစီအစဉ်ကို မယုံမရဲဖြစ်နေကြတယ်လို့ မကြာခင်ကမှာ မလေးရှား လန်ကန်းအကျဉ်းစခန်းက ပြန်လွတ်လာသူ မြန်မာတဦးက RFA ကို ပြောပြပါတယ်။

ပြန်လွတ်လာသူ။ ။ 'ကျွန်တော်တို့ မြန်မာပြည်က လူတွေကို ဒီ အင်မီဂရေးရှင်းတွေက အရင်လို ထိုင်းဖက်တွေကို ထိုင်းမှာ သွားဂွမ်းနေမလား၊ အဲဒီလိုလည်း မဂွမ်းတော့ဘူး။ သူတို့က သံရုံးနဲ့ ညှိပြီးမှ သံရုံးက အေးဂျင့်နဲ့ လွှတ်တယ်ဗျာ။ ခုနက ၂၂ဝဝ တို့၊ ၅၅ဝ တို့နဲ့ ရောက်လာတယ်။ အဲဒီတော့ လူတွေက အဲဒီဟာတွေကို မယုံကြည်ဘူး၊ စောင့်ကြည့်ကြတယ်။ စောင့်ကြည့်တော့ သူတို့ သတင်းရတာက ကောင်းကောင်းမွန်မွန် မရောက်ဖူး၊ ပိုက်ဆံတွေ ပေးရတယ်ကြားတယ်။ ၅၂ဝ သမားရော၊ ၂ဝ၂ဝ သမားတွေရော။ အဲဒါကြောင့် လူတွေက မပြန်တဲ့လူ၊ မပြန်ရဲကြဘူး။ အဲဒီဟာက အဓိက ဒုက္ခပဲ။'

လောလောဆယ် မလေးရှားနိုင်ငံအနှံ့ လဝက အကျဉ်းစခန်း ၁ဝ ခု ရှိပြီး ဒီစခန်းတွေမှာ မြန်မာအလုပ်သမားတွေက အများစု ဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားမှာ ငွေကြေးတောင်းခံတဲ့အပြင် မြန်မာပြည်က မိသားစုတွေဆီကို ငွေတောင်းခံတာ၊ မင်္ဂလာဒုံ လေဆိပ်မှာ စစ်ဆေးထိန်းသိမ်းထားတာနဲ့ ငွေကြေး မတတ်နိုင်တာတွေကြောင့်လည်း ဒီအစီအစဉ်ဟာ မအောင်မြင်ပဲ ရှိနေတယ်လို့ ဆိုပါတယ်။

တချို့ကလည်း အဖမ်းအဆီးကို စိုးရိမ်တဲ့အတွက် မလေးရှားမှာပဲ ဒုက္ခသည်အဖြစ် ဆက်နေလိုသူတွေ ရှိတယ်လို့ လူ့အခွင့်အရေးလုပ်ကိုင်နေသူ မြန်မာတွေက ပြောပါတယ်။

မကြာခင်ကမှာ မလေးရှား လန်ကန်းအကျဉ်းစခန်းက ပြန်လွတ်လာသူ မြန်မာတဦးကို RFAအဖွဲ့သား ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။