Friday, October 16, 2009

ဒေါ်အောင်ဆန်းစုကြည် အယူခံ အလားအလာ ပိုကောင်းလာ

ဒေါ်အောင်ဆန်းစုကြည် အယူခံ အလားအလာ ပိုကောင်းလာ

2009-10-16 ( RFA )

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးဆောင်ရှေ့နေတွေ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ ဒီကနေ့ တနာရီကျော်ကြာ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကိစ္စနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အကျိုးဆောင်ရှေ့နေ ဦးဥာဏ်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပြင်သစ်နိုင်ငံ ပါရီ မြို့တော်ခမ်းမရှေ့တွင် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က နာမည်ကျော် ပြင်သစ်အနုပညာရှင်များ စုဝေးပြီး ငြိမ်သက်စွာ တောင်းဆိုဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: RFA)

ရန်ကုန်တိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံကို ပယ်ချခဲ့တဲ့ အကြောင်းပြ အချက်အလက်တွေဟာ ရှင်းလင်းမှု မရှိပေမယ့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေက အတည်မဖြစ်တော့ဘူး ဆိုတာကို ဆုံးဖြတ်ခဲ့တဲ့အတွက် ဥပဒေကြောင်းအရ အလားအလာတွေ ပိုကောင်းလာတယ်လို့ ဦးဥာဏ်ဝင်းကဆိုပါတယ်။

ဦးဥာဏ်ဝင်း။ ။'ဥပဒေအရ ကျနော်တို့ နဂိုရ် ရှိတဲ့အခြေအနေကနေ ပိုတောင် ကောင်းလာသေးတယ်။ တိုင်းတရားရုံးက ၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အတည်မဖြစ်တော့ဘူး၊ သုံးလို့မရဘူး၊ သုံးခွင့်မရှိတော့ဘူးလို့ ဆုံးဖြတ်တာဟာ ပိုပြီးတော့ ဥပေဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အပြစ်မရှိကြောင်း ပိုမိုထင်ရှားစေတဲ့ ဥပဒေ အချက်အလက်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါကိုလည်း ကျနော်တို့ ပြင်ဆင်မှုမှာ ဒီအချက်ကို ထည့်သွင်းထားပါတယ်'

ဒီကနေ့ တွေ့ဆုံရာမှာ အရေးယူပိတ်ဆို့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် အပါအဝင် သံတမန်တွေနဲ့ ဆွေးနွေးခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပြခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တိုးတက်မှု လက္ခဏာတရပ်လို့ သုံးသပ်ပေမယ့် အသေးစိတ်သဘောထားကိုတော့ အခုချိန်မှာ ပြောလို့မရသေးဘူးလို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ခဲ့တဲ့ ဥပဒေပုဒ်မဟာ တရားမဝင်တဲ့ ၁၉၇၄ ဖွဲ့စည်းပုံအရ ဖြစ်နေတာကြောင့် အမှုကနေ ကွင်းလုံးကျွတ် လွတ်ရမှာဖြစ်တယ်လို့ အကျိုးဆောင် ရှေ့နေတွေက အဓိကတင်ပြနေတာ ဖြစ်ပါတယ်။

အင်းစိန်ထောင်တွင်းတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် တနှစ်ခွဲ ချမှတ်ထားတဲ့ စီရင်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်ရာမှာ ရန်ကုန်တိုင်းတရားရုံးက ပြီးခဲ့တဲ့လက ပယ်ချ ခဲ့တဲ့အတွက် ဗဟိုတရားရုံးအထိ ဆက်လက်တင်သွင်းတာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ နေအိမ်မှာ အကန့်အသတ်နဲ့ နေရပြီး အာဏာပိုင်တွေက အကျိုးဆောင်ရှေ့နေတွေနဲ့ပဲ တွေ့ဆုံခွင့်ပြုထား ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီခေါင်းဆောင်ဖြစ်တဲ့အတွက် အဖွဲ့ဝင်တွေနဲ့ တွေဆုံညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ အကျိုးဆောင်ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ တွေ့ဆုံခဲ့တဲ့ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဆက်သွယ် မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။