Saturday, November 14, 2009

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည်ဆိုခြင်းကို သံသယရှိဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆို

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည်ဆိုခြင်းကို သံသယရှိဟု
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆို


NEJ / ၁၃ နိုဝင်ဘာ ၂၀၀၉



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မကြာမီ နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိမ့်မည် ဆိုသည့် ပြောဆိုချက်များအပေါ် သံသယဖြစ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် လာမည့်တနင်္ဂနွေနေ့၌ အမေရိကန်သမ္မတ အိုဘားမားနှင့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ တွေ့ဆုံမည့် အာရှ-ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ညီလာခံတွင် မြန်မာနိုင်ငံအနေဖြင့် အထူးတလည် ထုတ်ပြန်ပြောဆိုလိမ့်မည်ဟု မထင်ကြောင်း ဖိလစ်ပိုင်နိုင်ငံတွင် ရောက်ရှိနေသည့် မစ္စစ် ကလင်တန်က ပြောကြားခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လွှတ်ပေးနိုင်ကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နောက်နှစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ကြောင်း အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအရေးသည် စိတ်ရှည်သည်းခံရန်လိုအပ်ပြီး ရေရှည်အားထုတ် လုပ်ဆောင်ရမည့်ကိစ္စဖြစ်သည်ဟုလည်း မစ္စစ်ကလင်တန်က ABS-CBN သတင်းချယ်နယ်က ပြုလုပ်သည့် နှီးနှောဖလှယ်ပွဲတခုတွင် ပြောကြားခဲ့ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။

ထို့အပြင် ရှေ့နှစ်မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို အများလက်ခံနိုင်ရန် မြန်မာစစ်အစိုးရအနေဖြင့် အတိုက်အခံများ၊ တိုင်းရင်းသားများ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုကို ပြည်တွင်း၌ စတင်လုပ်ဆောင်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားသည်။

“ကျမတို့အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးမှုတွေမှာ ပါဝင်လာအောင် အားပေးတာ၊ တိုက်တွန်းတာ၊ ဖျောင်းဖျတာတွေ လုပ်ပါတယ်။ ဒါတွေဟာ ပထမဆုံးလိုအပ်ချက်ပါ” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံအတွင်း ပြောနိုင်ဆိုနိုင်ရှိသည့် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ကိုလည်း မြန်မာပြည်သူများ အကျိုးရှိစေမည့် ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ကူညီလုပ်ဆောင်ပေးရန် ပြောဆိုထားကြောင်း မစ္စစ်ကလင်တန်က ပြောသည်။

၎င်းက “မြန်မာနိုင်ငံမှာ ခေါင်းဆောင်မှု မှားယွင်းနေတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ မေးစရာရှိတာက သူတို့တွေ ဘယ်လောက်ကြာကြာမှားနေမလဲဆိုတာနဲ့ ကိုယ့်ပြည်သူတွေအတွက် လွတ်လပ်မှုနဲ့ အခွင့်အရေး လမ်းကြောင်းဆီ ဦးတည်ဖို့ သူတို့ကို အားပေးတိုက်တွန်းနိုင်မလား ဆိုတာပါပဲ ” ဟုပြောသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်တွေ့ဆုံမှုများ စတင်လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံ၌ အပြောင်းအလဲများ မဖြစ်မချင်း ပိတ်ဆို့တားမြစ်မှုများကို ရုပ်သိမ်းရန် အဆင်သင့်မဖြစ်သေးကြောင်း မစ္စစ်ကလင်တန်က ပြောသည်။

“ကျမတို့အနေနဲ့ လုပ်နိုင်စရာတွေ အများကြီးရှိတာကို လုပ်မှာမဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ အခုအစိုးရကို ကူညီထောက်ပံ့မှု မပေးချင်လို့ပါပဲ” ဟု ၎င်းက ပြောသည်။

ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် မစ္စစ်ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ထပ်မံတောင်းဆိုခဲ့ပြီး လွတ်လပ် တရားမျှတပြီး အများလက်ခံသည့် ရွေးကောက်ပွဲပြုလုပ်နိုင်ရေးနှင့် ရွေးကောက်ပွဲတွင် အားလုံးပါဝင်ခွင့်ရမှသာ ရွေးကောက်ပွဲရလဒ်ကို တရားဝင်အဖြစ် နိုင်ငံတကာက မြင်ကြမည်ဖြစ်ကြောင်း မစ္စစ်ကလင်တန်က ပြောကြားသည်။

ယခုလအစောပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့သည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်သည် ဆယ်စုနှစ်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန်အရာရှိများ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, November 12, 2009

ဒေါ်အောင်ဆန်းစုကြည်၏ အရေးကြီးသည့် ကြေညာချက် NLD ထုတ်ပြန်မည်

ဒေါ်အောင်ဆန်းစုကြည်၏ အရေးကြီးသည့် ကြေညာချက် NLD ထုတ်ပြန်မည်

Wednesday, 11 November 2009 19:47 ကိုထွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် (CEC) များကို မြန်မာ နိုင်ငံအတွက် အကျိုးကျေးဇူးရှိမည့် အပြုသဘော ဆောင်သော ဆောင်ရွက်ချက် တခုကို ဆွေးနွေးရန် ဒေါ်အောင်ဆန်း စုကြည်က တင်ပြလိုက်ကြောင်း သိရသည်။



ယင်း CEC များနှင့် ဆွေးနွေးရန် ဆောင်ရွက်ချက်ကို ယနေ့ နံနက် ၁၀နာရီက သွားရောက်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တခုရှိတယ်၊ အဲဒီဆောင်ရွက်ချက်ကို CEC ကို တင်ပြ ထားတယ်၊ CEC က တနင်္လာနေ့မှာ ဆွေးနွေးမှာပါ၊ သဘောတူရင် အဲဒီထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ သတင်း ထုတ်ပြန်မှာပါ၊ အခုတင်ပြထားတဲ့ဟာ မြန်မာနိုင်ငံ အတွက် အကျိုးကျေးဇူးရှိပြီးတော့ အပြုသဘော ဆောင်တဲ့ အတွက် ဒါဟာ အရေးကြီးတယ်လို့ ဆိုရင်မှန်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ယနေ့ နေ့လယ် ၁၂း၃၀ နာရီတွင် ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ၈၉ ကြိမ်မြောက် အမျိုးသားနေ့ အခမ်း အနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသူ အားလုံး အထူးသဖြင့် နိုင်ငံရေး တာဝန်များကို ထမ်းဆောင် နေသည့်ကြားမှ တက်ရောက်လာသည့် ပြည်နယ်နှင့် တိုင်းအသီးသီးမှ အဖွဲ့ဝင်များကို ကျေးဇူးတင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပါးလိုက်ကြောင်း ပြန်ကြားရေး အဖွဲဝင် ဦးအုန်းကြိုင်က ဆိုသည်။

“အဲဒါပြီးတော့ အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲလုပ်ပါတယ်၊ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)နဲ့ မကြာသေးမီက ထောင်ကလွတ်လာတဲ့ ကဗျာဆရာ စာရေး ဆရာ မုံရွာ အောင်ရှင်တို့က ဟောပြောပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ယင်းအခမ်းအနားသို့ NLD အဖွဲ့မှ နာမကျန်းသည့် ခေါင်းဆောင် တချို့မှလွဲ၍ ပြည်နယ်၊ တိုင်း၊ မြိုနယ် အသီးသီးမှ NLD ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော်ပါတီ အဖွဲ့ဝင်များ၊ ၀ါရင့် နိုင်ငံရေးသမားများ အဖွဲ့မှ ခေါင်းဆောင်များ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အမျိုးသားနေ့အထိမ်းအမှတ် NLD က ထုတ်ပြန်သည့်ကြေညာချက်အမှတ်၂၈/၂၀၀၉တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ် ပေးရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီကို တောင်းဆိုလိုက်သည်။

ထို့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ တရားဝင်ရပ်တည်ထားသည့် NLD ၏ အဆင့်ဆင့် သော ရုံးများကို ဥပဒေနှင့် ညီညွှတ်ခြင်းမရှိဘဲ ခေတ္တဆို၍ ယနေ့ထိ ကာလကြာရှည်စွာ ပိတ်ထားခြင်းမှ အမြန်ဆုံး ပြန်လည်ဖွင့်ပေးရန်၊ လွတ်လပ်စွာ စည်းရုံးခွင့်ပေးရန် ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအ၀င် ဖျက်သိမ်းခံ ထားရသည့် ပါတီများကို မှတ်ပုံတင်ခွင့်ပေး၍ လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးရန်လည်း တောင်းဆိုထားသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မော်လမြိုင်ထောင်မှ နိုင်ငံရေးအကျဉ်းသားများ အသက်အန္တရာယ်စိုးရိမ်နေ

မော်လမြိုင်ထောင်မှ နိုင်ငံရေးအကျဉ်းသားများ အသက်အန္တရာယ်စိုးရိမ်နေ

2009-11-11 ( RFA )

မြန်မာစစ်အစိုးရဟာ မကြာသေးခင်က နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တယ် ဆိုပေမယ့် အများစုကတော့ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ မိသားစုနဲ့ဝေးကွာတဲ့ အရပ်က အကျဉ်းထောင်တွေကို ပို့ခံထားရပါတယ်။ ဒါ့အပြင် ရောက်လေရာအရပ်က ထောင်တွေမှာလည်း နိုင်ငံရေးအကျဉ်းသားတွေအပေါ် အမျိုးမျိုး စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်အောင် ထောင်ပိုင်တွေ ထောင်အမှုထမ်းတွေက ဖန်တီးနေကြတယ်လို့ သိရပါတယ်။

မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံနှင့် မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ရုံးတွင် ပြသထားပုံ ဖြစ်ပါသည်။ (Photo: AFP)

မော်လမြိုင်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထားတဲ့ သီးသန့်တိုက်ထဲကို ပြစ်ဒဏ်ကျခံပြီးသား ရာဇဝတ်အကျဉ်းသားတချို့ကို မလွှတ်သေးဘဲ ဆက်ထည့်ထားပြီး ပြဿနာအမျိုးမျိုး ဖန်တီးနေသလို နိုင်ငံရေးအကျဉ်းသားတွေကို အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ အပြုအမူမျိုးတွေကိုတောင် လုပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

မကြာခင်ကမှ မော်လမြိုင်ထောင်ကို ထောင်ဝင်စာ သွားတွေ့ခဲ့စဉ်မှာ အဲဒီထောင်မှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတဦးက လျှို့ဝှက် ရေးပေးလိုက်တဲ့ စာကို သူ့ရဲ့မိသားစုဝင် တယောက်က အာအက်ဖ်အေ ကို အခုလိုဖတ်ပြပါတယ်။

မိသားစုဝင်။ ။'မော်လမြိုင်အကျဉ်းထောင်တွင် သီးခြားတိုက် ၁/၂ တွင် ပြစ်ဒဏ်နှင့် ရောက်လာသော ရာဇဝတ်အကျဉ်းသား ၇ ဦးအား ပြစ်ဒဏ်ကာလ ပြီးဆုံးပြီးသော်လည်း တိုက်ထဲတွင် ဆက်လက်ထားရှိသည်။ သီးသန့်အကျဉ်းသားများနှင့် ပြဿနာဖြစ်ရန် ဖန်တီးထားခြင်း၊ တဦးတယောက်အား စော်ကားသော စကားများနှင့် ဆဲဆိုခြင်း၊ ၎င်းအချိန်တွင် ထောင်မှူးဖြစ်သူ ဦးညိုဝင်းအောင်၊ ထောင်ပိုင်ဖြစ်သူ ဦးအေးကိုကို၊ ထောင်ပိုင်လေးဖြစ်သူ ဦးအေးစိုးတို့ သိရှိသော်လည်း အရေးယူ ဆောင်ရွက်ခြင်း မရှိ။ ၎င်းရာဇဝတ်သား အကျဉ်းသား ၇ ယောက်သည် ၅ (ည) များထားသည့် သီးခြား ၁ တိုက်သို့ ဝင်ထွက်သွားလာခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေး ညစ်ညမ်းအောင် ပြုလုပ်ခြင်း၊ ဆူညံအော်ဟစ်ခြင်းများ နေ့စဉ် ပြုလုပ်နေသော်လည်း အာဏာပိုင်များမှ အရေးယူ ဆောင်ရွက်ခြင်းမရှိပါ။'

အလားတူ အဖြစ်အပျက်မျိုး ဖျာပုံထောင်မှာလည်း ဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့မျက်ကွယ်ကို ပို့ဆောင်လိုက်ပြီး နောက်ဆက်တွဲ ညှဉ်းပမ်းနှိပ်စက်မှုတွေ လုပ်နေတာဟာ စစ်အစိုးရအနေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာဖြစ်တဲ့အကြောင်း ခုလိုဆက်ပြောပါတယ်။

ဦးတိတ်နိုင်။ ။'သူတို့က နိုင်ငံရေးအကျဉ်းသားတွေကို ပြဿနာရှာတဲ့၊ ရန်စောင်တဲ့အဆင့်အထိ ဖြစ်လာတယ်။ အဲဒါကို ထောင်အာဏာပိုင်တွေ ကိုယ်နိုက်ကိုက မြှောက်ပေးနေတယ်လို့လည်း ကြားရပါတယ်။ မော်လမြိုင်ထောင်နဲ့ ဖျာပုံထောင်မှာ အဓိက ဖြစ်နေတာပါ။ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ ဝေးတဲ့ ထောင်တွေကို ပို့တယ်။ နိုင်ငံတကာရဲ့မျက်စေ့နဲ့ နားနဲ့ ဝေးတဲ့နေရာတွေကို ပို့လိုက်တယ်။ ဒီအပြင် အခု ဒီလိုမျိုး အခြေအနေတွေ ဖန်တီးနေတယ်ဆိုတော့ ဒါဟာ တမင်သက်သက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ချိုးဖောက်နေတယ်လို့ မြင်ပါတယ်'

မော်လမြိုင်ထောင်က နိုင်ငံရေးအကျဉ်းသားတွေဟာာ သတင်းစာဖတ်ခွင့်လည်း မရကြဘူးလို့ သိရပါတယ်။ ထောင်ပတ်ဝန်းကျင်ဟာ သန့်ရှင်းမှု လုံးဝ မရှိသလို ရေနဲ့မိလ္လာစနစ်တွေလည်း အလွန်ညံ့ဖျင်းတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ အဲဒီ နိုင်ငံရေးအကျဉ်းသားရဲ့စာမှာ ဖော်ပြထားပါတယ်။ အဝီစိ ရေတွင်းတူးပြီး ရေစုပ်စက် တပ်ဆင်ထားပေမယ့် ညွှန်ကြားရေးမှူး လာစစ်တုန်းက နှစ်ရက်သာ ဖွင့်ပြီး တောက်လျှောက် ချိုးရေတွင်းက ရေကိုဘဲ အကျဉ်းသားတွေ ပြန်သောက်နေကြရတယ်လို့ ဆိုပါတယ်။

မော်လမြိုင်ထောင်မှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၆၅ ဦး အကျဉ်းကျခံနေရတယ်လို့ အေအေပီပီ အဖွဲ့ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, November 9, 2009

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည် ကျေနပ်အားရ

အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည် ကျေနပ်အားရ

2009-11-09 ( RFA )

အမေရိကန်အစိုးရရဲ့ကိုယ်စားလှယ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kurt Campbell တို့ဟာ မြန်မာ့အရေးအပေါ် တကယ် စေတနာထား လုပ်ဆောင် နေတာတွေ့ရပြီး သူတို့အဖွဲ့နဲ့ တွေ့ဆုံခွင့်ပြုခဲ့တဲ့အပေါ်မှာ စီစဉ်ပေးတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နိုဝင်ဘာ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။


အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့ အလန် မာစီယယ်လ် (ဝဲ) နှင့်မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင် (ယာ) တို့ ဖိလိပိုင်နိုင်ငံ၊ မနီလာမြို့တွင် နှစ်ရက်ကြာ ကျင်းပသော အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိများ အထူးအစည်းအဝေး (SOM) အတွင်း နိုဝင်ဘာ ၇ ရက်နေ့က ရိုက်ကူးထာသော မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်ကို အယူခံကိစ္စ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ၄ ဦးစလုံးက ဒီကနေ့ တွေ့ခွင့်ရခဲ့တဲ့အချိန်မှာ အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရှေ့နေလည်းဖြစ်၊ NLD ပြောခွင့်ရပုဂ္ဂိုလ်တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက RFA ကို အခုလို ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'ကျွန်တော်တို့ ရှေ့နေ လေးဦးပါ။ သူတို့ နေ့ခင်း ၁ နာရီကနေပြီးတော့ ၃ နာရီကျော်ကျော်လောက်ထိ ကျွန်တော်တို့ တွေ့ခွင့်ရပါတယ်။'

ဒီကနေ့တွေ့ခဲ့တာဟာ အယူခံကိစ္စ ပြောဆိုဆွေးနွေးတာ ဖြစ်သလို အမေရိကန် ကိုယ်စားလှယ်တွေနဲ့ တွေ့ခဲ့တုန်းက အခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းတဲ့အတွက် ပြောဆိုဖြစ်ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

စစ်အစိုးရဟာ အရင်တခေါက်က ဒေါ်အောင်ဆန်းစုကြည်အတွက် အကျိုးဆောင် နေတဲ့ ရှေ့နေ ၄ ဦးရှိရာမှာ ၂ ဦးကိုပဲ တွေ့ခွင့်ပြုခဲ့ပြီး၊ ဒီတခေါက်မှာတော့ ၄ ဦးစလုံးကို တွေ့ခွင့်ပြုလိုက်တာပါ။

အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အကောင်းမြင်တယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဖြစ်ပေါ်တိုးတက်မှုတွေ တွေ့လာရင် လက်ရှိချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းဖို့ စဉ်းစားမှာ ဖြစ်သလို အကူအညီတွေလည်း ပေးဖို့ ရှိတယ်လို့ ဆိုထားပါတယ်။ ဒီအတွက် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ပါတီခေါင်းဆောင်တွေ ပုံမှန်တွေ့ဆုံခွင့်ပြုဖို့ စသဖြင့် အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေက မြန်မာ စစ်အစိုးရကို တိုက်တွန်းထားပါတယ်။

ဒီအတောအတွင်း မြန်မာစစ်အစိုးရက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင် ပြန် လွှတ်ပေးနိုင်ဖွယ်ရှိတယ်လို့ မြန်မာသံအရာရှိ ဦးမင်းလွင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်း တပုဒ်မှာ ဒီကနေ့ ဖော်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင် ပြန်လွှတ်ပေးဖို့ အစီအစဉ်ရှိကြောင်း သူ့အနေနဲ့ သူ့ ပါတီလုပ်ငန်းတွေကို လုပ်ကိုင်နိုင်မှာ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က စင်ကာပူလေဆိပ်မှာ အေပီသတင်းဌာနကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ ပြောဖို့ ငြင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာသံအရာရှိ ဦးမင်းလွင်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၂ ရက်ကြာ ပြုလုပ်ခဲ့တဲ့ အာဆီယံဆိုင်ရာ သံအမတ်များ ဆွေးနွေးပွဲကို တက်ရောက်ပြီး အပြန် စင်ကာပူလေဆိပ်မှာ အခုလို ပြောဆိုခဲ့တာလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ကိစ္စဟာ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံ အပေါ် ထားရှိတဲ့ မူဝါဒ အပြောင်းအလည်းကြောင့် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်ရှိနေသေးတဲ့အတွက် ဒီ မူဝါဒ အပြောင်းအလဲကြောင့် လတ်တလော ထူးထူးခြားခြား ပြောင်းလဲမှု မရှိနိုင်ကြောင်း ဦးမင်းလွင်က ပြောတယ်လို့ အေပီသတင်းက ဆိုပါတယ်။

မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း အခုလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင် ပြန်လွှတ်ပေးမယ်ဆိုပြီး မရေမရာ ပြောဆိုခဲ့ပေမယ့် ဘယ်တော့ လွှတ်ပေးမယ် ဆိုတာကိုတော့ တိတိကျကျ ပြောဆိုတာ မရှိသေးပါဘူး။ အခုတခါ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး ပါတီလုပ်ငန်းတွေ ပြန်လုပ်ကိုင်ခွင့် ပေးမယ်ဆိုပေမယ့် လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပြုမှာလား၊ မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်ခွင့်ပေးမှာလား ဆိုတာတော့ သဲသဲကွဲကွဲ မသိရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်းကို RFA အဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။


ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>>>> ဒီမှာ ကလစ် ပါ ခင်ဗျား...။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Saturday, November 7, 2009

သမ္မတ အိုဘားမား မြန်မာခေါင်းဆောင်နဲ့ တွေ့ဖို့ အစီအစဉ်ရှိ

သမ္မတ အိုဘားမား မြန်မာခေါင်းဆောင်နဲ့ တွေ့ဖို့ အစီအစဉ်ရှိ

2009-11-07 ( RFA )

အမေရိကန်သမ္မတ Barack Obama ဟာ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့ စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် APEC ခေါ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်ပတ်လည်ထိပ်သီး အစည်းအဝေးကို တက်ရောက်တဲ့အခါမှာ မြန်မာအပါအဝင် အာစီယံနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

မစ္စတာအိုဘားမားကို ဇန်နဝါရီလ ၁၈နေ့ ညတွင် ကျင်းပသော ကျမ်းသစ္စာကျိန်ဆိုပွဲ အကြိုတွင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

APEC ထိပ်သီးဆွေးနွေးပွဲအတွင်း အာစီယံ ၁ဝ နိုင်ငံက ခေါင်းဆောင်တွေနဲ့ သီးခြား တွေ့ဆုံမှာ ဖြစ်တယ်လို့ အာစီယံရေးရာ အမေရိကန် သံအမတ်ကြီး Scot Marciel က နိုဝင်ဘာလ ၇ ရက်နေ့က ပြောလိုက်တာပါ။ Mr. Scot Marciel ဟာ သမ္မတ Obama နဲ့ အာစီယံ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံမယ့်ကိစ္စကို ကြိုတင်စီစဉ်ဖို့အတွက် အာစီယံ ၁ဝ နိုင်ငံက သံတမန်တွေနဲ့ ဖိလစ်ပိုင်မှာ ဆွေးနွေး ညှိနှိုင်းနေတာ ဖြစ်ပါတယ်။

ဒီ APEC အစည်းအဝေးကို မြန်မာစစ်အစိုးရကိုယ်စား ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မယ်လို့ ဖိလစ်ပိုင်နိုင်ငံက မြန်မာသံအမတ် ဦးမင်းလွင်က အေပီသတင်းဌာနကို ပြောပါ တယ်။ ဒါပေမယ့် သမ္မတ Obama ဟာ ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ သီးခြား တွေ့ဆုံဖို့ ရှိမရှိဆိုတာကို တော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒ အပြောင်းအလဲ ကို အပြုသဘောဆောင်တဲ့အတွက် ကြိုဆိုကြောင်း ဦးမင်းလွင်က ပြောပါတယ်။

၁၉၆၆ ခုနှစ်က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့စဉ်တုန်းက အမေရိကန်သမ္မတ Johnson နဲ့ တွေ့ဆုံခဲ့ပြီးနောက် အခုတကြိမ်ဟာ နှစ်ပေါင်းများစွာအတွင်း နောက်ထပ်တကြိမ် အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံ အစိုးရအဆင့်မြင့် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alberto Romulo က ပြောဆိုရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒ အပြောင်းအလဲကို အာစီယံအဖွဲ့အနေနဲ့ ကြိုဆိုကြောင်းနဲ့ ကျန်တဲ့ မိမိတို့ အာစီယံနိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေး လုပ်နေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲဖို့အတွက် မြန်မာစစ်အစိုးရကို တောက်လျှောက် တိုက်တွန်း နေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, November 6, 2009

ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံ ဖော်ပြခြင်းအပေါ် ညွှန်ကြားချက်ထုတ်ပြီး ကန့်သတ်

ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံ ဖော်ပြခြင်းအပေါ် ညွှန်ကြားချက်ထုတ်ပြီး ကန့်သတ်

2009-11-06 ( RFA )

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr Kurt Campbell ရဲ့မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြည်တွင်းထုတ် စာစောင်တွေမှာ အပေါ်ယံ လောက်ပဲ ရေးသားခွင့်ပြုတဲ့အပြင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဓာတ်ပုံကို ဖော်ပြမယ်ဆိုရင် ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ဓာတ်ပုံကိုပါ တပြိုင်နက် ထည့်သွင်းဖော်ပြရမယ် လို့ စာပေစိစစ်ရေးဌာနက အမိန့်ထုတ်ထားကြောင်း သိရပါတယ်။

အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ်(ဝဲ) နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်)၊ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီယယ်လ် (ယာ) တို့ နိုဝင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ အင်းယားကန်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးပြီး ရိုက်ကူးထာသော မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

Mr Campbell နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၄ ရက် ဗုဒ္ဓဟူးနေ့က အင်းယားကန်ဟိုတယ်မှာ တွေ့ဆုံခဲ့ကြပြီးနောက် သတင်းထောက်တွေကို ဓာတ်ပုံရိုက်ခွင့် ပေးခဲ့တဲ့အတွက် ဒီတပတ်ထုတ် ဂျာနယ်အတော်များများက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ဖော်ပြဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ဓာတ်ပုံမပါရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံ မဖော်ပြရဆိုတဲ့အမိန့်ကြောင့် ဂျာနယ်တွေ အကျပ်ရိုက် သွားခဲ့ကြတာဖြစ်တယ်လို့ သတင်းထောက်တဦးက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ Mr Campbell ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ်အတွင်း သတင်းထောက်တွေကို ဓာတ်ပုံရိုက်ဖို့ မဖိတ်ကြားခဲ့တဲ့ အတွက် ပြန်ကြားရေး ဝန်ကြီးဌာနရဲ့သတင်းမီဒီယာတွေလောက်ပဲ ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ ဓာတ်ပုံကို ရိုက်ယူနိုင်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံဖော်ပြချင်တဲ့ ဂျာနယ်တွေဟာ ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ ဓာတ်ပုံကို အစိုးရ သတင်းစာတွေကနေ တဆင့်ကူးယူဖော်ပြဖို့ အားထုတ်ကြပေမဲ့ ဓာတ်ပုံအရည်အသွေး ညံ့တာက တကြောင်း၊ ဂျာနယ် အလျင်မီထုတ်ဝေဖို့ တက်သုတ်ရိုက် ဆောင်ရွက်ရတဲ့အတွက် ဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ ဓာတ်ပုံကို ပြန်ကြားရေးဝန်ကြီးဌာနမှာ အချိန်ကုန်ခံပြီး သွားရောက် မတောင်း ယူနိုင်တာတွေကြောင့် နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံမပါပဲ ထုတ်ဝေဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ ဂျာနယ်သမားတဦးက ပြောပါတယ်။

Mr Campbell ရဲ့ ခရီးစဉ်သတင်းကို ရေးသားရာမှာလည်း အမေရိကန်က အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လာရောက်တဲ့အကြောင်း၊ ဘယ်သူတွေနဲ့ တွေ့ဆုံတယ်ဆိုတဲ့ အကြောင်း တွေလောက်ပဲ ရေးသားခွင့်ပြုပြီး၊ ဝေဖန်သုံးသပ်ချက်နဲ့ သတင်းအကြောင်းအရာ အသေးစိတ်ကို ထုံးစံအတိုင်း ရေးသားခွင့် မပြုပါဘူး၊ Mr Campbell ရဲ့ခရီးစဉ် သတင်းကို အခုတပတ် ထုတ် Myanmar Times နဲ့ Bi Weekly Eleven ဂျာနယ်တွေမှာ ဦးဦးဖျားဖျား ဖော်ပြထားတာ တွေ့ရတယ်လို့ ရန်ကုန် စာနယ်ဇင်းသမားတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့် မပြုတာအပါအဝင် မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လက်ရှိအခြေအနေ၊ အလားအလာတွေနဲ့ ပတ်သက်လို့ BMA မြန်မာသတင်း သမဂ္ဂရဲ့ဒုတိယ ဥက္ကဌ ဦးဇင်လင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်း ထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါခင်ဗျား ...။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, November 5, 2009

အမေရိကန်ကိုယ်စားလှယ် မြန်မာနိုင်ငံအတွေ့အကြုံရှင်းလင်း

အမေရိကန်ကိုယ်စားလှယ် မြန်မာနိုင်ငံအတွေ့အကြုံရှင်းလင်း

2009-11-05 ( RFA )

အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖြစ် ၂ ရက်ကြာ မြန်မာနိုင်ငံကို သွားခဲ့တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မူအခြေအနေတွေ မမြင်ရရင် စီးပွားရေးပိတ်ဆို့မှုကို ဆက်ပြီးထားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။


မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ သွားရောက်ခဲ့သော အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့မှ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာစီရယ်လ် (ဝဲ) ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ ချူလာလောင်ကွန် တက္ကသိုလ်တွင် နိုဝင်ဘာ ၅ ရက်နေ့က အတွေ့အကြုံ ရှင်းလင်းပွဲ ပြုလုပ်နေပုံ ဖြစ်ပါသည်။ (Photo: RFA)

မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့အဖွဲ့မှာ ပါတဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အဆင့်မြင့်အရာရှိ မစ္စတာ စကော့ မာဆီရယ်လ်က မြန်မာနိုင်ငံမှာ ဆွေးနွေးခဲ့ကြတဲ့အကြောင်းတွေကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့က ချူလာလောင်ကွန်း တက္ကသိုလ်မှာ ဒီကနေ့ အောက်တိုဘာလ ၅ ရက်နေ့ မနက်က ရှင်းလင်းပြောကြားခဲ့တာပါ။

အဲဒီရှင်းလင်းပွဲမှာ မစ္စတာ စကော့မာဆီရယ်လ်က ဒီနှစ်ရက်တာ ဆွေးနွေးပွဲတွေမှာ ကျနော်တို့ ဘာတွေ ဆောင်ရွက်မယ် ဘာတွေ မဆောင်ရွက်ဘူး ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို အရေးယူ ဒဏ်ခတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုနည်းလမ်းဟာ ထိရောက်မှု နည်းပါးပေမဲ့ အမေရိကန်အစိုးရ အနေနဲ့ ဆက်လက် ဆောင်ရွက်ဦးမှာပါ။ ဒါပေမဲ့လည်း မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ အထောက်ပံ့တွေ ပေးသွားမယ်။ မြောက်ကိုရီးယားနဲ့ ဆက်နွယ်ဆောင်ရွက်နေတဲ့ အနုမြူ ကိစ္စတွေအပေါ်မှာ အမေရိကန်အစိုးရအနေနဲ့ အထူးစိုးရိမ်မှု ရှိပါတယ်။ အထူးသဖြင့်တော့ အစိုးရနဲ့ အတိုက်အခံတွေကြား၊ တိုင်းရင်သား အင်အားစုတွေကြားမှာ စစ်မှန်တဲ့နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ အဲဒီဖြစ်စဉ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည် ကို သူ့ပါတီခေါင်းဆောင်တွေနဲ့ ပုံမှန်တွေ့ခွင့်ပြုဖို့ ကျနော်တို့ တိုက်တွန်းခဲ့သလို၊ နိုင်ငံရေး အကျဉ်း သား ကိစ္စတွေနဲ့ တိုင်းရင်းသားကိစ္စတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေ အပေါ် မှာလည်း ကျနော်တို့အနေနဲ့ အထူး စိုးရိမ်နေပါတယ်လို့ ပြောသွားပါတယ်။

ဒီကနေ့ ရှင်းလင်းပွဲကို ထိုင်းအစိုးရအရာရှိတွေ၊ အစိုးရမဟုတ်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ မြန်မာ့အရေး ဆောင်ရွက်နေသူတွေနဲ့ နိုင်ငံတကာ သတင်းထောက်တွေ တက်ရောက်ခဲ့ကြပြီး မေးခွန်းတွေ မေးမြန်းခဲ့ကြသလို မစ္စတာ စကော့မာဆီရယ်လ်ကလည်း မေးခွန်းတိုင်းကို ရှင်းလင်း ဖြေကြားပါတယ်။

နိုင်ငံတကာ သတင်းထောက်တွေအတွက် သီးသန့် သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ ပါတယ်။

မစ္စတာ စကော့မာဆီရယ်လ်ရဲ့ရှင်းလင်းပွဲနဲ့ ပတ်သက်လို့ RFA ကိုနေရိန်ကျော်က အပြည့်အစုံ တင်ပြထားပါတယ်။

အပြည့်အစုံ နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...