Thursday, December 2, 2010

ကမ္ဘာ့ အေအိုင်ဒီအက်စ် နေ့

ချင်းမိုင် (မဇ္ဈိမ) | ကမ္ဘာ့ AIDS နေ့ အခမ်းအနားကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ် NLD ရုံးချုပ်မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ဟာ ဒီဇင်ဘာ ၁ ရက်နေ့ဖြစ်ပေမယ့် အမျိုးသား အောင်ပွဲ အခမ်းအနားနဲ့ တိုက်နေတာကြောင့် ဒီနေ့မှ ကျင်းပရတာလည်း ဖြစ်ပါတယ်။

အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ပြောကြားသွားခဲ့ရာမှာတော့ HIV နဲ့ အသက်ရှင် နေထိုင်သူတွေ အနေနဲ့ စိတ်ဓာတ်မကျမနေဘဲ လူ့အသိုင်းအဝန်း ကောင်းကျိုးကို ဝိုင်းဝန်း လုပ်ဆောင်နိုင်ကြောင်း ပါရှိပါတယ်။

ဒီပွဲကို နိုင်ငံခြားသံတမန်တွေ၊ ကိုရဲလွင်အပါအဝင် အနုပညာသည်တွေနဲ့ imagesကဗျာဆရာတွေ တက်ရောက်သလို ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ ကိုယ်စားလှယ်များဖြစ်တဲ့ ဒေါက်တာစိုးနိုင်၊ ဒေါက်တာ ဘုန်းဝင်းတို့လည်း တက်ရောက်ပါတယ်။

မနက် ၁ဝ နာရီမှ ၁၂ နာရီအထိ ကျင်းပတဲ့ အခမ်းအနားမှာ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က အခမ်းအနားမှူးအဖြစ် တာဝန်ယူပြီး၊ NLD ရဲ့ ဒုဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

ဖျော်ဖြေရေး အစီအစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းမှလည်း “Blowing in the wind” သီချင်းကို သီဆိုခဲ့ပြီး၊ ကဗျာဆရာ ကိုငြိမ်းသစ်မှလည်း ကိုယ်တိုင်ရေးစပ်တဲ့

“စစ်ပြီးရင်း စစ်
ငါတို့ လူမဖြစ်တော့ဘူး
ပြည်တွင်းစစ်တွေ ရပ်ပါတော့
အဓမ္မစစ်တွေ ရပ်ပါတော့” စာသားပါတဲ့ ပြည်တွင်းစစ်၏ ဆိုကျိုးကို ပုံဖေါ်ရေးသားထားတဲ့ “ငုံနေတဲ့ မနက်ခင်း” ကဗျာကို ရွတ်ဆိုခဲ့ပါတယ်။

အခမ်းအနားကို မဖြူဖြူသင်းတို့က ကျန်းမာရေး စောင့်ရှောက်မှုပေးထားတဲ့ HIV နဲ့ အသက်ရှင်နေထိုင်သူများ ၁၂ဝ ခန့်၊ တောင်တွင်းကြီး၊ မကွေး၊ ဖျာပုံ နဲ့ နယ်မှ လာရောက်ကြတဲ့ HIV နဲ့ အသက်ရှင်နေထိုင်သူ ၁၃ဝ ခန့်၊ ဧည့်ပရိသတ် ၁ဝဝ ကျော် တက်ရောက်တယ်လို့ HIV နဲ့ အသက်ရှင် နေထိုင်သူတွေကို ကူညီဆောင်ရွက်ပေးနေသူ မဖြူဖြူသင်းက မဇ္ဈိမကိုပြောပြပါတယ်။

aidsday1မြန်မာနိုင်ငံရဲ့ ပထမဆုံး အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ် ပိုးကူးစက်ခံ ရသူကို ၁၉၈၈ ခုနှစ်၌ စတင်တွေ့ရှိခဲ့ပြီး ပထမဆုံး အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပွားသူကတော့ မူးယစ်ဆေး သွေးကြောထဲ ထိုးသွင်းသူဖြစ်ကာ ၁၉၉၁ ခုနှစ်မှာ တွေ့ရှိခဲ့တာပါ။

WHO, UNAIDS, UNICEF တို့ ၂ဝဝ၈ ခုနှစ် အောက်တိုဘာလအတွင်းက ပူးပေါင်းထုတ်ပြန်တဲ့ ကပ်ရောဂါဗေဒဆိုင်ရာ အချက်အလက်စာတမ်းမှာတော့ မြန်မာနိုင်ငံမှာ HIV ကူးစက်ခံထားရသူပေါင်း ၂၄ဝ,ဝဝဝခန့်ရှိပြီး HIVကူးစက်ခံထားရသူ ၂၄ဝ,ဝဝဝရဲ့ သုံးပုံနှစ်ပုံမှာ အသက် ၂၄ နှစ်အောက် လူငယ်များဖြစ်တဲ့အကြောင်း UNICEF က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပါရှိပါတယ်။ ဒါ့အပြင် အမျိုးသမီးအရေအတွက် ခန့်မှန်းခြေ ၁သိန်းခန့်ဟာလည်း HIVကူးစက်ခံထားရပြီး သူတို့တွေက မွေးဖွားလာမယ့် ကလေးငယ်တွေဟာလည်း HIV ကူးစက်ခံရမှု အန္တရာယ်ရှိနေတဲ့အကြောင်း UNICEF ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။


ကိုငြိမ်းသစ် ယနေ့ရွတ်ဆိုခဲ့သည့် “ငုံနေတဲ့ မနက်ခင်း” ကဗျာ



မနက်ခင်းဟာ
စပယ်ပန်းတွေ ပွင့်လေမလားလို့ 
ငေးကြည့်ရင်းနဲ့ 
သူ့ အသက်ရှူသံတွေ တိမ်နေတော့တယ်

လူတွေ မြို့ဆန်နေပုံကလည်း
နားမျက်စိတွေ ပြန့်ကားပြီး
ကြောက်ကြောက်နဲ့  အစာကောက်နေရတဲ့
ငှက်တကောင်အဖြစ်လိုပ။

ဒို့သွေးချင်းတွေကျတော့ကော
ရိုးရာပွဲတွေ ကင်းပ
သူတို့ဘဝ သူတို့ မရကြဘူး

လုံးတက်လာတဲ့ မီးခိုးအလိပ်လိပ်တွေထဲက
သူတို့ ရွာ၊ သူတို့ စပါးတွေကို
ငေးဆနေပေမပေါ့၊

ဟိုတောင်ကြော တောင်မတွေထဲက
စစ်ရှောင်ပုန်းရင်းနဲ့ 
ခိုးလုပ်ရတဲ့ လယ်ကွက်ကလေး

ကြည့်စမ်း
သေနတ်သံမကြားရင်
ဟောဒီ စပါးတွေ
ဘယ်လောက် သန်လိုက်မလဲ၊

ယမ်းငွေ့ မလွှမ်းရင်
ဟောဒီ တောပန်းတွေ
ဘယ်လောက် ပွင့်လန်းလိုက်မလဲ၊

အဲဒီ မြည်တမ်းမှုတွေ ကြေမွ
ငါတို့ သက္ကရာဇ်တွေ ပြန်မရသေးဘူး၊

ရွာဦးကျောင်းက တုံးမောင်းဟာလည်း
ကျည်ဆံရာ ဗရပွနဲ့ ထုံအနေပါပြီ၊

အမိုးပွင့်နေတဲ့ စာသင်ကျောင်းက ကလေးတွေ
ဗုံးခိုကျင်းတွေထဲမှာ ဆွံ့ အ
ဘယ်က အစာလာချမလဲ
မျှော်တနေရော့မယ်

စစ်ပြီးရင်း စစ်
ငါတို့ လူမဖြစ်တော့ဘူး
ပြည်တွင်းစစ်တွေ ရပ်ပါတော့
အဓမ္မစစ်တွေ ရပ်ပါတော့။

ငြိမ်းသစ် (၁၉၉၈)


source by : http://www.mizzimaburmese.com