Sunday, November 28, 2010

ဒါရိုက်တာ နှစ်ဦး နှင့် သရုပ်ဆောင်၊အဆိုတော်များ မီဒီယာတွင် ဖော်ပြခွင့် ပိတ်ပင်




အောင်မြင်| ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်၊အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ဟန်ထူးလွင် (ကျားပေါက်)နှင့် ဇနီး၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးစသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုပညာ မောင်နှမများသည် တောင်ဒဂုံရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အမျိုးသမီးခေါင်းဆောင် မဖြူဖြူသင်း ထူထောင် ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာသို့ သွားရောက် လှူဒါန်းခဲ့ပြီး ရက်သတ္တပါတ် အတွင်းမှာပင် အခုလို ပိတ်ပင်ခံရတာ ဖြစ်ပါတယ်။

ဦးကျော်သူနှင့်အတူ စာပေ ဂီတရုပ်ရှင် အနုပညာမောင်နှမ များက လူသားချင်းစာနာ ကူညီထောက်ထားသော စိတ်ဓာတ်တို့ဖြင့် အဆိုတော်အနဂ္ဂမှ သူ၏ အဝတ်အစားများ၊ အနွေးထည်များ၊ ဟန်ထူးလွင်နှင့် မင်းထင်ကိုကိုကြီးတို့မှ ငွေသားများ၊ ဦးကျော်သူ မှ T-Shirt များ၊ ပန်းပေါင်းစုံ ဗုဒ္ဓဆင်းတုတော်တဆူ တို့ကို လှူဒါန်းခဲ့ပြီးနောက် ခုနစ်ရက်သားသမီးများ စုပေါင်းလှူဒါန်းသော ဒံပေါက်ထမင်း၊ ရေခဲမုန့်တို့ဖြင့်ကျွေးမွေးပြီး အားပေး စကားများ ပြောကြားခဲ့ကြပါတယ်။

အနုပညာမောင်နှမများရဲ့ လူသားချင်း စာနာမှု အကြင်နာ၊ ဂရုဏာ၊ မုဒိတာပွားများမှု များကို မြန်မာနိုင်ငံ ဆင်ဆာအဖွဲ့နဲ့ စာပေးစိစစ်ရေး အဖွဲ့က ယခုလို တုန့်ပြန်လိုက်တာပဲ ဖြစ်ပါတယ် ။

ဒါရိုက်တာမောင်မျိုးမင်း ကို အခုလို ပိတ်ပင်ခံရခြင်းနှင့် ပါတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် နီးစပ်သူကို မေးမြန်းကြည့်ရာမှာ —– နိုဝင်ဘာလ ၂၁ ရက်နေ့က သုဝဏ္ဏအားကစားရုံမှာ မောင်မျိုးမင်း ဦးဆောင်ပြီး အစိုးရပိုင်းကို တိုက်ခိုက်တဲ့ ပြက်လုံးတွေနဲ့ ဖျော်ဖြေခဲ့တဲ့ ထာဝရ နှင်းဆီအငြိမ့်ပွဲက ပရိသတ် အကြိုက်ဖြစ်ခဲ့တယ်ဗျာ၊ အခြားအငြိမ့်များလိုမဟုတ်ဘဲ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ ပြက်လုံးတွေကို အခြေခံပြီး ပြက်သွားလို့ ပရိသတ်များ အကြိုက်တွေ့ ခဲ့တာပေါ့၊

အခု ဒီ ထာဝရနှင်းဆီ အဖွဲ့သားတွေရဲ့ အငြိမ့်ဟာ ပြည်တွင်းမှာ နောက်ဆုံး ကပြခဲ့တဲ့ အစိုးရကို ပြက်လုံးတွေကြောင့် အတော်လေးကို အောင်မြင်တဲ့ အငြိမ့်ပေါ့ဗျာ။ ဒီ အငြိမ့်အဖွဲ့ကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က စီစဉ်တာဖြစ်ပြီး လူရွင်တော်များအနေဖြင့် နေတိုး၊ ကျော်ကျော်ဗိုလ်၊ရဲလေး၊ ထွန်းထွန်း နဲ့ မိုးမိုးတို့ ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် ပရိသတ်ရော ကျွန်တော်ရောပါ ကြိုက်တဲ့ပြက်လုံးကဗျာ တိရစ္ဆာန်မျိုးစုံ ထားရှိတဲ့နေရာ ဘယ်နေရာလဲ သိတဲ့လူ ဖြေလို့ လူရွင်တော်တယောက်က မေးတဲ့အခါ အခြားလူရွင်တော်တွေက ငါသိတယ်.. ဟိုဟာ မဟုတ်လား.. ဟိုလေကွာ ….ဒီလေကွာ ဆိုပြီးတစ်ယောက်မှ မဖြေခဲ့ဘူးဗျ ….

လူရွှင်တော်တယောက်က ပရိသတ်ကြီး သိမယ်ထင်တယ်ဆိုပြီး ပရိသတ်ကိုမေးတော့ ပရိသတ်က သံပြိုင်ပါပဲ “နေပြည်တော်” လို့ ဖြေခဲ့ကြတဲ့ ပြက်လုံးကတော့ အကြိုက်ဆုံးပဲဗျာ”လို့ ပြန်လည်ပြောကြားပါတယ်။

နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ လူရွှင်တော် ကိုသူရ(ခ)ကိုဇာဂနာ ထူထောင်ပေးခဲ့တဲ့ သီးလေးသီးအငြိမ့်ဖွဲ့ ပြီးတဲ့နောက်မှာ အခုထာဝရ နှင်းဆီ အဖွဲ့သားတွေက ပြောင်မြောက်တဲ့ ပြက်လုံးတွေပြက်ခဲ့တဲ့အတွက် ပြည်သူတွေရဲ့ အားပေးမှုကို ခံရပြီး ဒါရိုက်တာမောင်မျိုးမင်း ကို ထာဝရနှင်းဆီ အငြိမ့်ကြောင့် ပိတ်ပင် ခံရခြင်းဖြစ်တယ်လို့ Freedom News Group မှ သတင်းရရှိပါတယ်။

source by : http://freedomnewsgroup.com