Saturday, December 4, 2010

ကေအိုင်အေနှင့် နအဖ တိုက်ပွဲဖြစ်

တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်အနီးက ကချင်ပြည် လွတ်လပ် ရေးတပ်မတော် (ကေအိုင်အေ) ရှေ့တန်းတပ်စခန်းတခုကို နအဖကတပ်တွေက ဒီကနေ့ ဝင်ရောက် ပစ်ခတ်ခဲ့လို့ နှစ်ဖက်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဗန်းမော်အခြေစိုက် ခလရ(၂၃၆)စစ်ကြောင်းက ကောင်းဆာကျေးရွာကို ဒီကနေ့ နေ့လည်(၂)နာရီ ခွဲမှာ ရောက်ရှိလာပြီး အနီးက ကေအိုင်အေ တပ်ရင်း(၁၆)ရဲ့ရှေ့တန်း စခန်းကို လာရောက် ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်တာလို့ ကေအိုင်အေ သတင်း ရပ်ကွက်က ပြောပါတယ်။

အဲဒီလို ပစ်ခတ်ရတဲ့ အကြောင်းရင်းက ကေအိုင်အေ အဖွဲ့က ဒေသအတွင်း မူးယစ်ဆေးဝါး နှိမ်နင်းမှုတွေ လုပ်တဲ့ အနေနဲ့ မူးယစ်ဆေး သုံးစွဲသူတွေကို ဖမ်းဆီးနေမှုအပေါ် ခလရ (၂၃၆) စစ်ကြောင်းက ကျေးရွာတွေကို လာရောက် စစ်ဆေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျေးရွာထဲ ရောက်ရှိနေတဲ့ ကေအိုင်အေ ရဲဘော်တဦးက ရွာအနီးက ရှေ့တန်းစခန်းကို ထွက်ပြေးခဲ့တာကြောင့် နအဖတပ်တွေက လိုက်လံ ပစ်ခတ်ခတ်ရာ ကေအိုင်အေ တပ်ဖွဲ့ကလည်း ပြန်လည် ပစ်ခတ်တာဖြစ်ပါတယ်။ အခုအချိန်အထိ နအဖတပ်တွေမှာ အဲဒီစခန်းအနီးနားမှာဘဲ နေရာယူထားဆဲဖြစ်ပြီး နောက်ထပ် ပစ်ခတ်မှုတော့ မရှိသေးပါဘူး။

ကေအိုင်အေ ဘက်ကတော့ ထိခိုက်မှု မရှိကြောင်းနဲ့ နောက်ထပ် တိုက်ပွဲဆက်ဖြစ်နိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ ကေအိုင်အေ သတင်းရပ်ကွက်အရ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ကေအိုင်အို အဖွဲ့က တာဝန်ရှိသူတွေကို ဖုန်းဆက်သွယ်ပေမယ့် မရရှိ သေးပါဘူး။

ဒီဗွီဘီ

source by : http://burmese.dvb.no