Saturday, December 4, 2010

ဒုတိယပင်လုံအတွက် ရွေးကောက်ပွဲဝင်ပါတီများနှင့် ဆွေးနွေးမည်

ဒုတိယပင်လုံ ညီလာခံဖြစ်မြောက်ရေးအတွက် လက်ရှိ အဖွဲ့ဝင် ၉ဝ ရွေးကောက်ပွဲအနိုင်ရ ပါတီတွေ အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီတွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆွေးနွေးဖို့ ပြင်ထားတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ စီအာပီပီက ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ကျင်းပတဲ့အစည်းအဝေးမှာ ဒီလိုဆွေးနွေးတာ ဖြစ်ပြီး ဒုတိယပင်လုံ ဟာ အချို့အကဲခတ်တွေ ထင်နေသလို စစ်အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်း မဟုတ်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး နည်းလမ်းဖြစ်တယ်လို့ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က ခုလို စတင် ပြောကြားခဲ့ပါတယ်။

“အထူးသဖြင့်ဒါက တချို့ထင်သလိုတော့ ထိပ်တိုက်ရင်ဆိုင်တွေ့ရေး မဟုတ်တဲ့အကြောင်း၊ ပြီးတော့ ဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဖို့ ကြိုးပမ်းတဲ့ အကြောင်း၊ အမျိုးသားပြန်လည်းသင့်မြတ်ရေး ဆိုတာက ဒီမိုကရေစီအင်အားစုနဲ့ နဝတ၊ နအဖ တပ်မတော်အင်အားစု သင့်မြတ်ရုံနဲ့ မပြီးဘူး၊ တိုင်းရင်းသားများနဲ့လည်းပဲ သင့်မြတ်ဖို့လိုတယ်၊ ပြည်တွင်းစစ် ရပ်ဖို့လိုတယ်၊ ခုလို လက်နက်ကိုင် ပဋိပက္ခတွေ တင်းမာနေတာတွေကိုလည်း လျှော့ပေါ့သွားဖို့ ပြေ လျှော့ သွားဖို့လိုတယ်၊ ဒီလို ပြည်တွင်းစစ်တွေ ရှိနေရင် တကယ့် ခေတ်မှီတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်ဖို့ဆိုတာဟာ မလွယ်ပါဘူး။ ပြီးတော့ ခေတ်မှီတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်နိုင်ဖို့အတွက် ဆိုရင် ပြည်တွင်းစစ် လုံးဝ ချုပ်ငြိမ်း သွားဖို့လိုတယ်၊ အခုလို တင်းမာနေတာတွေ ပြေငြိမ်းသွားဖို့ လိုတယ်၊ ဒီလိုဆိုရင် တိုင်းရင်းသားများနဲ့ အဓိက က ညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့လိုတယ်၊ အဲဒီလို တည်ဆောက်ဖို့ဆိုရင် ပင်လုံသဘောတူညီချက် ပင်လုံစိတ်ဓါတ်ကို အခြေခံပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်။”

၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီတွေနဲ့ ဆွေးနွေးမယ့် အကြောင်းကိုလည်း သူက အခုလို ဆက်ပြော ခဲ့ပါတယ်။

“ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ တိုင်းရင်းသားပါတီများနဲ့လည်းပဲ ဘယ်လို ဆက်သွယ်ပြီးတော့ သူတို့ရဲ့ သဘောထားတွေ၊ ရပ်တည်ချက်တွေ၊ တိုင်းပြည် အတွက် အကျိုးရှိမယ့် အလုပ်တွေမှာ ဘယ်လိုပူးပေါင်း ဆက်သွယ် ဆောင်ရွက် နိုင်မလဲ ဆိုတာတွေကိုလည်း ဆွေးနွေးကြပါတယ်၊ အဲဒီပါတီများရဲ့ သဘောထားတွေ၊ ရပ်တည်ချက်တွေကို မီဒီယာတွေမှာလောက်ပဲ ကြားကရတယ်၊ တကယ့် အတွင်း သဘောထားတွေက ဘယ်လို ရှိတယ်ဆိုတာကို သိအောင် ဘယ်လို နည်းတွေနဲ့ ဆက်သွယ်ပြီးတော့ ဆွေးနွေးပြီးတော့ ဘယ်လို အကျိုးတူ ကိစ္စတွေမှာ ဆောင်ရွက် နိုင်မလဲ ဆိုတာတွေကိုလည်းပဲ ဆွေးနွေးကြပါတယ်။”

ဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အဖွဲ့ဝင်တွေကတော့ အန်အယ်လ်ဒီ ပါတီမှ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ လှဖေ၊ သန်းထွန်း၊ ညွန့်ဝေနဲ့ တိုင်းရင်းသားတွေဘက်က ဦးအေးသာအောင်၊ နိုင်ထွန်းသိန်း၊ ကျင်ရှင်ထန်း၊ ထောင်ကိုထန်၊ တသီးပုဂ္ဂလ ဦးသိန်းဖေနဲ့ ဦးစိုးဝင်းတို့ ဖြစ်ပါတယ်။

တခြား အဖွဲ့ဝင်တွေ ဖြစ်တဲ့ ခွန်ထွန်းဦး၊ ဦးကျော်မင်းတို့ကတော့ ဖမ်းဆီးခံနေရဆဲဖြစ်ပြီး ကျန်တဲ့လူတွေ ကတော့ ကျမ်းမာရေးမကောင်းလို့ လာမတက်နိုင်ဘူးလို့ သိရပါတယ်။

နန်းခမ်းကယောက်

source by : http://burmese.dvb.no