Saturday, December 4, 2010

ယနေ့ သတင်းများ (၄ ရက် ဒီဇင်ဘာလ၊ ၂၀၁၀)

သတင်း

ညနေ (၄ နာရီ ၃၀ မိနစ်) ယနေ့နေ့လယ် ၂ နာရီခန့်က ဝေါလေဒေသ စူးကလိ ကျေးရွာအနီးတွင် နအဖ စစ်တပ်မှ ၄၀၃ စစ်ကြောင်းနှစ်နှင့် ဒီကေဘီအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နံနက်(၉ နာရီ ၃၀ မိနစ်) ယမန်နေ့က သင်္ကန်းညီနောင်မြို့အထိုင်တပ်ဖြစ်တဲ့ ခမရ ၃၅၆ တပ်ရင်းတွေကို နယ်ခြားစောင့်တပ်(BGF)တွေနဲ့ လဲလှယ်နေကြောင်း သိရပါတယ်။ လဲလှယ်သည့် သင်္ကန်းညီနောင်မြို့ အထိုင်တပ် ခမရ ၃၅၆ ကို တိုက်ပွဲများ ဖြစ်ပေါ်နေသည့် နေရာများသို့ စစ်အင်အားအဖြစ် ပို့ဆောင်မယ်လို့ သိရှိရပါတယ်။

နံနက်(၉ နာရီ ) ယမန်နေ့ည ၁၁ နာရီမှာ ဝေါလေဒေသ ဖလူးကျေးရွာအနီး သံမဏိကုန်းပေါ်ရှိ နအဖ ဗျူဟာအခြေစိုက် စစ်စခန်းတခုကို ဒီကေဘီအေ တပ်များ ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှု များပြားကြောင်း သိရှိရပါတယ်။ မြ၀တီ ဆေးရုံနဲ့ ဘားအံဆေးရုံတွေမှာ နအဖ စစ်သားများ ထိခိုက် ဒဏ်ရာမှုများပြားတဲ့တွက် ထားဝယ်၊ မြိတ်၊ မော်လမြိုင်က ခွဲစိတ်ဆရာဝန်တွေကိုလည်း နယ်စပ်ဆေးရုံများသို့ အကူအညီပေးဖို့ အတင်းအကျပ် ပို့ဆောင်စေလွှတ်မှုတွေ ရှိနေကြောင်း သိရပါတယ်။

နံနက်(၈ နာရီ ၃၀ မိနစ်) နအဖ စစ်တပ် တပ်ရင်း ၂၃၀ မှ စစ်သားတွေက နိုဝင်ဘာလ ၃၀ ရက်နေ့က ဖလူးကျေးရွာ ပြောင်းဖူးဂိတ်အနီးတွင် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇၇ က ရဲဘော် ၆ ဦး တပ်ဖွဲ့ဝင်တွေကတော့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး အာဏာပိုင်တွေဘက်က ပြန်လည် လွတ်ပေးခြင်း မရှိတာကြောင့် ပစ်သတ်ခံလိုက်ရပြီလို့ ယူဆကြောင်း ငြိမ်းချမ်းရေး ကောင်စီကတော့ ပြောဆိုနေပါတယ်။ (ကိုးကား- ဗွီအိုအေ)

နံနက်(၈ နာရီ ၁၅ မိနစ်) ကရင်ပြည်နယ်၊ မြ၀တီမြို့ တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ ဖလူးကြီးကျေးရွာ နအဖ စစ်တပ်နဲ့ ဒီကေဘီအေတပ်များ ယမန့်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ နအဖ စစ်တပ် ခမရ ၂၃၀ တပ်ကို ရိက္ခာလာပို့သည့် စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ တပ်ရင်းနဲ့ ဒီကေဘီအေတို့ ဖလူးကြီး ကျေးရွာထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ကားလမ်းတွေကို ဒီကေဘီအေ တပ်များ ပိတ်ဆို့ထားတဲ့တွက် ခမရ ၂၃၀ ကို ရိက္ခာထမ်း ပို့ဆောင်ဖို့အတွက် နအဖ တပ်မှ ရွာသားတွေကို ပေါ်တာ လိုက်ဆွဲနေတယ်လို့လည်း သိရပါတယ်။ ဒီကေဘီအေရဲ့ ရှေ့ထွက်မိုင်းများနဲ့ ခြုံခို တိုက်ခိုက်ခြင်း ခံရတဲ့အတွက် နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှုများများနေပြီး မြ၀တီနဲ့ ဘားအံ ဆေးရုံများသို့ စစ်သားလူနာ အများအပြား ရောက်ရှိနေကြောင်း သိရှိရသည်။

source by : http://soneseayar.blogspot.com