Saturday, January 30, 2010

ပေါချောင်ကောင်းနဲ့ ခေတ်ကို အမီလိုက်ကြစို့ရဲ့

ဝေလင်း
၂၉ ဇန်န၀ါရီ ၂၀၁၀


နအဖ တပ်မတော် (လေ)

စကတည်းက တော်တော်ကြီးလွဲသွားခဲ့တဲ့ မြန်မာ့တပ်မတော်တွင်း ကိစ္စလေးတခုအကြောင်းပါ။ သူများကို မခံချင်လို့ ထသတ်ပါတယ်၊ ဒါပေမယ့် ကိုယ်ကအောက်ကပဲဆိုတဲ့ အဖြစ်မျိုးနဲ့ကြုံပြီး နအဖတို့ နှစ်ထပ်ကွမ်း အရှက်ရသွားခဲ့ပုံတွေပါ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ်ပြဿနာမှာ ထိုင်းဘက်က အမေရိကန်လုပ် F 16 တိုက်လေယာဉ်တွေနဲ့ မြန်မာ့နယ်နိမိတ်ကို ဖြတ်ကျော်ပျံသန်းခြိမ်းခြောက်တာကို နအဖတို့ ခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း အင်အားတောင့်တင်းတဲ့ ခေတ်မီတပ်မတော်ကြီး တည်ဆောက်ရေးဆိုပြီး စစ်တပ်တွေထဲမှာ နအဖတို့ အရှက်ပြေလေသံတွေ ပစ်ခဲ့ကြပြန်ပါတယ်။ F 16 လေယာဉ်တွေတင် မဟုတ်ပါဘူး၊ ထိုင်းတပ်တွေဘက်ကနေ GPS စနစ်ကိုသုံးပြီး ပစ်ခတ်လိုက်တဲ့ အမြောက်ဆန်တွေကြောင့် နအဖတို့တင်မက တာချီလိတ်မြို့ခံတွေတောင် ထိတ်လန့်သွား ပါသတဲ့။ ဒီကစလို့ ခေတ်မီတပ်မတော်ဆိုတဲ့ စကားလုံးတွေပဲ နအဖဗိုလ်ချုပ်တွေ နေ့စဉ်နဲ့အမျှ တောက်လျှောက် ရွတ်ဖတ်နေ ကြပါတော့တယ်။ စစ်လက်နက်ခေတ်မီရေးကိစ္စမှာ နအဖတို့အနေနဲ့ ဘယ်လိုများ ဆက်စွမ်းဆောင်နိုင်ခဲ့ကြသလဲဆိုတဲ့ အကြောင်းတွေကို ထပ်မိတ်ဆက်ပေးချင်ပါသေးတယ်။

မူးတင်းပဲတင်း ငြင်းမနေနဲ့ အလကားရ မြန်မာ့လေတပ်မတော်

မြန်မာ့လေတပ်မတော်ကို ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ (၁၆) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ထပ် (၁) နှစ်နီးပါး အင်္ဂလိပ်တို့ပဲ မြန်မာ့လေတပ်မတော်ကို ဆက်ပြီး ကွပ်ကဲ၊ ထောက်ပံ့၊ လေ့ကျင့်ပေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် လက်ကျန် အင်္ဂလိပ်၊ အမေရိကန်လုပ် လေယာဉ်တွေနဲ့ အခြားနိုင်ငံတချို့က ၀ယ်ယူထားတဲ့ လေယာဉ်အချို့ပဲ လေတပ်မှာ ရှိခဲ့ပါတယ်။ တိုက်ဂါးမောက် (tiger moths)၊ စပစ်ဖိုင်းယား (spit fires) နဲ့ အော်တာ (otter)၊ ဒါကိုတာ (dakota) စတဲ့ ကမ္ဘာစစ်သုံးလေယာဉ်ပေါင်း (၆၃) စီးနဲ့ ဗမာ့လေတပ်မတော်ကို စဖွင့်ခဲ့တာပါ။ စွမ်းရည်ကျနေတဲ့ လေယာဉ်တွေဖြစ်တာမို့လည်း ၁၉၄၉ ခုနှစ် တနှစ်ထဲမှာ လေယာဉ်ပျက်ကျမှု (၂၄) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ရောက်တော့ မြန်မာလေတပ်မှာ အရာရှိ (၂၃၂) ဦး၊ အခြားအဆင့် (၅,၆၇၇) ဦးအထိ အင်အားတိုးလာခဲ့ပါတယ်။

မူလ မင်္ဂလာဒုံ (ပင်မတိုက်ခိုက်ရေး) လေတပ်စခန်းနဲ့ မိတ္ထီလာ (ထောက်ပို့) လေတပ်စခန်းတို့အပြင် နောက်ထပ် လေယာဉ်အုပ်၊ ရေဒါအုပ်တွေကို ဆက်တိုးချဲ့ခဲ့သလို အရာရှိ (၂၆) ဦးနဲ့ စစ်သည် (၇၅၀) ဦးပါ လေထီးတပ်လို့ခေါ်တဲ့ လေကြောင်းချီတပ် တခုကိုလည်း မဆလတို့ခေတ်မှာ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါသေးတယ်။ ၁၉၈၄ နဲ့ ၁၉၈၆ ခုနှစ်တွေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စအတွက် ဗီယက်နမ်စစ်ပွဲကျ ရဟတ်ယာဉ် စုစုပေါင်း (၂၁) စီးကို အမေရိကန်ဆီက အလကားရပြီး တပ်မတော်လေရဲ့ ပြည်တွင်းသောင်းကျန်းသူ စစ်ဆင်ရေးကိစ္စတွေမှာ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့လွတ်လပ်ရေးရပြီးနောက် တလျှောက်လုံး အလကားရတဲ့ စစ်လက်နက်တွေနဲ့ ခေတ်မီအောင် မြန်မာ့လေတပ်မတော်ကို မဆလအစိုးရတို့ တည်ဆောက်ခဲ့ပါတယ်လို့ ပြောရမှာပါ။


ဗရုတ်သုတ်ခထဲ တရုတ်ပဲ ကယ်ပေလို့

၁၉၈၈ ခုနှစ်နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာစစ်အစိုးရကို နိုင်ငံတကာက ၀ိုင်းဝန်းပိတ်ဆို့ခဲ့ပါတယ်။ ဒီပိတ်ဆို့မှုတွေထဲမှာ စစ်လက်နက်ဝယ်ယူခွင့်တွေအပြင် လေယာဉ်နဲ့ ရဟတ်ယာဉ် အင်ဂျင်ပစ္စတင်တွေမှာသုံးတဲ့ အေဗီဂက် (avgas) တွေပါ ၀ယ်မရတာကြောင့် အရင်မဆလခေတ်က တစီးစ နှစ်စီးစ ဟန်ပြအဖြစ် ၀ယ်ထားတဲ့ အနောက်နိုင်ငံလုပ် လေယာဉ်တွေ ပျံတက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘဲလ် (bells)၊ အော်တာ (otters)၊ ချက်မောက် အမျိုးစားလေယာဉ်တွေကို ကနေဒါ၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံသား ပုဂ္ဂလိကလေယာဉ်မောင်းသမားတွေဆီကို လျှော့ဈေးနဲ့ ပြန်ရောင်းပစ်ခဲ့ရပါတယ်။ ၁၉၇၅ ကနေ ၁၉၈၈ ခုနှစ်အထိ အီတလီ၊ ဆွစ်ဇာလန်၊ ယူဂိုစလပ်လုပ် လေယာဉ် (၅၇) စီးဟာ ဆက်အလုပ်မဖြစ်နိုင်တဲ့အခြေကို ဆိုက်သွားပါတယ်။ မပျံနိုင်တဲ့ အနောက်အုပ်စု လေယာဉ်တွေနေရာမှာ တရုတ်၊ ရုရှနိုင်ငံလုပ် လေယာဉ်တွေနဲ့ အစားထိုးဖို့ နအဖတို့ထပ်ပြီး စဉ်းစားလာရပါတော့တယ်။

အာရှဒေသတွင်း ဒုတိယစစ်အင်အားအကြီးဆုံး တပ်မတော်တခုဖြစ်အောင် တည်ဆောက်ရာမှာ ကြည်းတပ်၊ ရေတပ်တို့လို ခေတ်မီလေတပ်ကြီးဖြစ်လာအောင် နောက်ဆုံးပေါ်လေယာဉ်တွေ အများကြီးလိုပါတယ်။ အရင် မဆလခေတ်တုန်းက လေတပ်မှာ လေယာဉ်နဲ့ ရဟတ်ယာဉ်ပေါင်း (၁၃၁) စီး ရှိရာကနေ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း နောက်ထပ် အစီး (၁၀၀) တိုးပြီး စုစုပေါင်း အစီး (၂၃၁) ရှိလာပါပြီ။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက လေယာဉ်ပေါင်း (၃၁၅) စီး၊ ဘင်္ဂလားဒေ့ရှ်က (၂၀၀) စီးစီ အသီးသီးရှိကြပေမယ့် အဆင့်မြင့်လေယာဉ်တွေ အများစုဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ပိတ်ဆို့ခံထားရတာကြောင့် စစ်လက်နက်ဝယ်ယူရေးမှာ ‘တရားအားထုတ် တရုတ်အားထား’ ဆိုသလို နအဖအစိုးရအဖို့ တရုတ်ကလွဲရင် ဘယ်ကမှ အားကိုးရာ မရခဲ့ပါဘူး။ ၁၉၉၀ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ (၂) ဘီလီယံဖိုး တရုတ်လုပ် လေယာဉ်တွေ နအဖတို့ ၀ယ်ယူခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် တရုတ်ဘက်က မှာယူတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့အတူ ရုရှလုပ် MiG 21 လေယာဉ်ကိုတုပြီး တည်ထွင်ထားတဲ့ တရုတ်လုပ် J အမျိုးစား တိုက်လေယာဉ် (၁၂) စီးကို ၀ယ်ယူခဲ့ကြောင်း သိရပါတယ်။ နိုင်ငံစုံကနေ ၀ယ်ထားတဲ့ စုစုပေါင်းလေယာဉ် (၂၃၁) စီးအနက် ထက်ဝက်နီးပါးပမာဏရှိတဲ့ တရုတ်လေယာဉ် (၁၂၀) စီး ယနေ့မြန်မာ့လေတပ်မှာ ရှိနေပါပြီ။

အမျိုးအစားအားဖြင့် ...

ချင်ဒူး (Chengdu) F 7 (၆၀) စီး
ရှင်ယန်း (Shenyang) J (၆) စီး
နန်ချန် (Nanchang) Q 5 (၃၆) စီး
ရှန်စီ (Shaanxi) Y 8 D 2 (၆) စီး
ဟုန်ဒူး (Hongdu) K 8 (၁၂) စီး

… ပေါင်း (၁၂၀) စီး ဖြစ်ပါတယ်။

မြန်မာအစိုးရ၀ယ်ယူခဲ့သမျှ စစ်လက်နက်ပစ္စည်းအားလုံးရဲ့ (၉၀) ရာခိုင်နှုန်းဟာ တရုတ်ဆီကပါပဲ။ ၁၉၈၉ ခုနှစ် နအဖ တက်လာကတည်းက အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံဖိုး လက်နက်တွေကို တရုတ်က ထောက်ပံ့ပေးခဲ့ပြီး ၁၉၉၀ နောက်ပိုင်း အလတ်စားနဲ့ အပေါ့စားတင့်ကား အစီး (၂၀၀)၊ သံချပ်ကာယာဉ် (၂၅၀)၊ ဒုံးပစ်စနစ်များနဲ့ အမြောက်ကြီး၊ လေယာဉ်ပစ် အမြောက်တွေ၊ မြေပြင်ဝေဟင်ပစ်ဒုံးတွေ၊ ကင်းလှည့်ရေယာဉ်တွေ၊ ဒုံးကျည်တပ် အမြန်တိုက်ရေယာဉ်တွေ၊ ကင်းလှည့်တိုက်ရေယာဉ် … စတာတွေအပြင် တရုတ်ဘက်က သင်တန်းဆရာတွေပါ ကူညီပေးခဲ့ပါတယ်။

ဒုတိယအသုတ် ဒေါ်လာသန်း (၄၀၀) ဖိုးရှိ လက်နက်တွေကို ရောင်းချပေးရာမှာ ရေတပ်ကင်းလှည့်သင်္ဘောတွေ၊ အမြောက်တင်သင်္ဘောနဲ့ ရဟတ်ယာဉ်များစွာ ပါဝင်ခဲ့ပါတယ်။ အင်အား (၄) သိန်းကနေ (၅) သိန်းရှိတဲ့ ဒီကနေ့အခြေအနေထိ အင်အားတောင့်တင်းလာအောင် မြန်မာ့တပ်မတော်ကို အဓိက ကူညီပံ့ပိုးပေးခဲ့တာ တရုတ်ပါပဲ။ ဒါကြောင့် မြန်မာပြည်နေရာအနှံ့မှာ လူသုံးတရုတ်ကုန်ပစ္စည်းတွေတင်သာမက မြန်မာစစ်တပ်ထဲ ရှိရှိသမျှ စစ်လက်နက်ပစ္စည်းတိုင်းဟာ တရုတ်ဖြစ်တွေ အများစုပါ။ ၀ယ်ယူပြီး တရက်အတွင်းမှာ ကံမကောင်းရင် အစုတ်ဖြစ်သွားတတ်တဲ့ တရုတ်စက်တွေရဲ့ သဘောအတိုင်း နအဖတပ်ထဲက စစ်လက်နက်ပစ္စည်းတွေအားလုံး ဘာတခုမှ ရေရှည်အာမခံချက်မရှိကြပါဘူး။ အခုရောင်းထားတဲ့ တရုတ်လုပ်လေယာဉ်တွေအားလုံး ရုရှလေယာဉ်ဒီဇိုင်းကို တုပထားပြီး ၁၉၉၀ ခုနှစ်ထုတ် မော်ဒယ်တွေသာ အများစုပါ။

ဒါကြောင့် ၂၀၀၇ ဒီဇင်ဘာ (၁၈) ရက်နေ့က ပျက်ကျခဲ့တဲ့ တရုတ်လုပ် နန်ချန် Q 5 တစီးဟာ ၁၉၉၄ ခုနှစ်မှာ ၀ယ်ခဲ့တာဖြစ်ပြီး အဲဒီဝယ်ခဲ့တဲ့ လေယာဉ်အားလုံးကို (၅) နှစ်သက်တမ်း အာမခံချက်ပဲ တရုတ်ကုမ္ပဏီတွေက ပေးထားပါတယ်။ ဒါကြောင့် တရုတ်လုပ်လေယာဉ်တွေ စီးဖို့ကို လေသူရဲတိုင်း ထိတ်လန့်နေကြတဲ့အဖြစ် ရောက်နေရပါပြီ။ လေတပ်ထဲက သက်သာဆိုင်တွေမှာ စစ်ဆင်ရေးရှိရင် ဖယောင်းတိုင်တွေ သိပ်ပြီးရောင်းကောင်းကြပါတယ်။ လေယာဉ်ပျက်မကျအောင် လေယာဉ်မှူးတွေ ဆုတောင်းဖို့ပါတဲ့။

တပ်မတော်တရပ်ကို အခြေခံကစပြီး ခေတ်မီအောင် မတည်ဆောက်ဘဲ ပေါချောင်ကောင်း ဟန်ရေးပြကောင်းလောက်ရုံ အဆင့်သာရှိတဲ့ တပတ်ရစ် စစ်လက်နက်တွေကို ၀ယ်ယူတပ်ဆင်ခဲ့တာကြောင့် အလွဲလွဲအမှားမှားတွေဖြစ်ပြီး နအဖတို့ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပုံကို ၂၀၀၁ ခုနှစ် ထိုင်းနယ်စပ်ဖြစ်ရပ်တွေက မီးမောင်းထိုးပြခဲ့ပြီးပါပြီ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ်အရေးပြီးတဲ့နောက် အရေးပေါ်အဖြစ် ရုရှလုပ် MIG 29 လေယာဉ် (၁၂) စီးနဲ့အတူ အမေရိကန် F 16 တိုက်လေယာဉ်ကို တုပထားတဲ့ တရုတ်လုပ်လေယာဉ်တွေကို နအဖတို့ ၀ယ်ယူခဲ့ပါတယ်။

အခုလည်း မြန်မာ့တပ်မတော် (လေ) က တရုတ်ပြည်လုပ် J အမျိုးစား ရှင်ယန်း တိုက်လေယာဉ်တစင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာ (၃) ရက်နေ့မှာ မှော်ဘီလေတပ်စခန်းကနေ ပျံသန်းလေ့ကျင့်စဉ် ကြံခင်းမြို့အနီး ပျက်ကျသွားပြန်ပါတယ်။ ၀ နယ်စပ်မှာ စစ်ပွဲတွေဖြစ်လာခဲ့ရင် အသင့်ရှိနေအောင် အမှတ်စဉ် (၁၃) ဦးမြောက် လေချုပ်ကြီး ဗိုလ်ချုပ်မြတ်ဟိန်း အမိန့်အရ အခုလို ပျံသန်းခဲ့ခြင်းဖြစ်ပါတယ်တဲ့။ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ လေယာဉ်ပျက်ကျမှု ပေါင်း (၉) ကြိမ်ဖြစ်ခဲ့ပြီး ပျမ်းမျှ တနှစ်ကို တစင်းလောက် ပျက်ကျနေတယ်လို့ ဆိုရမှာပါ။ လေယာဉ်တွေက အဆင့်နိမ့်သလို လေသူရဲတွေခမျာလည်း ကျွမ်းကျင်မှု နည်းကြပါတယ်။ လိုအပ်သလို အမြဲတမ်း လေ့ကျင့်ပျံသန်းနိုင်ခွင့်လည်း လေယာဉ်မှူးတွေ မရကြပါဘူး။

သင်တန်းဆင်း ရဟတ်ယာဉ်မှူးကောင်းတယောက်အဆင့်ရောက်အောင် ပျံသန်းလေ့ကျင့်ချိန် နာရီ (၅၀) လောက်သာ ခွင့်ပြုပေးထားပါတယ်။ ကျန်အချိန်တွေမှာလည်း နေပြည်တော်က အမိန့်ပေးလာမှ လေယာဉ်ပေါ်တက် လေ့ကျင့်ပျံသန်းခွင့် ရှိကြပါတယ်။ လေ့ကျင့်ပျံသန်းစဉ် စစ်လက်နက်၊ ဗုံးသီး၊ မြေပြင်ဝေဟင်ပစ်ဒုံးတွေကို တပ်ဆင်မောင်းနှင်ခွင့် လုံးဝမရှိဘူးလို့ သိရပါတယ်။ တဘက်ကလည်း လေယာဉ်တခါပျံတက်ရင် တနာရီမှာ လေယာဉ်ဆီ PC 7 အတွက် (၃၄) ဂါလန်၊ Mi2 ရဟတ်ယာဉ်အတွက်ဆို (၆၈) ဂါလန်၊ A 5 လေယာဉ်များအတွက် (၆၂) ဂါလန်လောက်စီ ကုန်ပါတယ်။ လေယာဉ်ဆီ အလွန်ကုန်ကျတာကြောင့်မို့လည်း လေယာဉ်တွေကို အမြဲတမ်း ပျံတက်လေ့ကျင့်ပေးမနေနိုင်ပါဘူး။ မြေပြင်မှာ စက်နှိုးစမ်းသပ်ရုံလေးနဲ့ကို တစီးကို လေယာဉ်ဆီ နေ့စဉ် (၁၀) ဂါလန်ကျော် ကုန်ကျပါတယ်။ ဒါကြောင့် မြေပေါ်မှာပဲ (၁၀) မိနစ်လောက် စက်ကိုပူအောင် စက်နှိုးပြီး မြေပြင်စမ်းသပ်ပျံသန်းခြင်းတွေကိုသာ နေ့တိုင်းနေ့တိုင်း လုပ်နေကြရပါတယ်။

မပျံဘဲ အပျံစာရင်းပြပြီး လေယာဉ်ဆီထုတ်ရောင်းစားတဲ့ ဖြစ်ရပ်မျိုးတွေကလည်း လေတပ်စခန်းတိုင်းမှာ တပုံကြီးပါ။ ပစ္စည်းတွေက ခေတ်မမီ၊ စစ်သည်တွေက စားဝတ်နေရေးမပြေလည်တော့ ဆီခိုးရောင်းစား အကျင့်ပျက်ကြ၊ ပြုပြင်ထိန်းသိမ်း လေ့ကျင့်ဖို့ နေနေသာသာ လေယာဉ်ဆီဖိုးနဲ့ လေ့ကျင့်ပျံသန်းစရိတ်ကိုတောင် တပ်မတော်လေမှာ လုံလောက်အောင် ချထားမပေးပါဘူး။ မြန်မာ့ဝေဟင်ကို စိုးမိုးမယ့် တပ်မတော်လေ လေယာဉ်တွေ မြေပေါ်မှာ နေ့တိုင်း အပျံကျင့်ပေးနေရတယ်လို့ လေတပ်ပြုပြင်ထိန်းသိမ်းရေးအုပ်က စစ်သည်တွေကိုယ်တိုင် ပြောစမှတ်တွင်နေလေတော့ မခက်ပါလား၊၊

လွဲတာကတော့ အတော့်ကို လွဲနေကြတာပါ။ လေယာဉ်ကို စက်နှိုးပြီး နွားလှည်းလို မြေပြင်မှာ ပျံခိုင်းနေတဲ့ တပ်မတော်ကို ဒါမှ မြန်မာ့ခေတ်မီတပ်မတော် စစ်စစ်ပါလို့ ပြန်ပြင်ပြီး ခေါ်ရတော့မလိုပါပဲ။ စစ်ဆင်ရေးရှိလို့ ပျံကြရပြီဆိုရင်လည်း ဘုရားတပြီး လေယာဉ်တွေ မောင်းနေကြရတဲ့အဖြစ်မျိုး။ တနှစ်တယောက် ကံဆိုးသူမောင်ရှင်စာရင်းထဲ ပါသွားတဲ့ အဖြစ်ဆိုးနဲ့ တပ်မတော်လေက အရာရှိတွေ ရင်ဆိုင်နေရပါတယ်။ ။


source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

တွေ့ဆုံညှိနှိုင်းမှုတွေ မရှိမဖြစ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ တိုက်တွန်း

2010-01-29 ( RFA )

အခုနှစ်အတွင်း ကျင်းပမဲ့ ရွေးကောက်ပွဲကို အများက လက်ခံယုံကြည်နိုင်မှု ရှိရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား တွေ့ဆုံညှိနှိုင်းမှုတွေ မရှိမဖြစ် လိုအပ်ကြောင်း တိုက်တွန်းထားတဲ့ ကြေညာချက် တရပ်ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ က ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေထဲမှာ သက်ဆိုင်သူ အားလုံးကို ပါဝင်ခွင့်ပေးဖို့ အခုလို တိုက်တွန်းရတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင် ကိုစိုးထွန်းက RFA ကို ပြောပါတယ်။

စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်သူ အားလုံးပါဝင်နိုင်ရေးဟာ အရေးကြီးတယ်လို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာက တိုက်တွန်းထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးရေးဟာ အဓိကကျတဲ့ ခြေလှမ်းဖြစ်ကြောင်း၊ စစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ရွေးကောက်ပွဲ မတိုင်ခင် တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်ရေးဟာ မလွဲမသွေ ဆောင်ရွက်ရမဲ့ တာဝန်ဝတ္တရား တခုဖြစ်ကြောင်း မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်တွေ အရေးကိုလည်း တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့နည်းတဲ့ ဖြေရှင်း ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ဒီကြေညာချက်မှာ အလေးပေး ဖော်ပြထားပါတယ်။

'တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း အပြန်အလှန် ညှိနှိုင်းအဖြေရှာခြင်းသာ အကောင်းဆုံး ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစုများ၏ သဘောထားဖြစ်သည့် တန်းတူရည်တူရှိမှု၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိမှုတို့အပေါ် နားလည် လက်ခံပေးခြင်းသည် တိုင်းပြည်အေးချမ်းသာယာ ဝပြောရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်း အဖြေရှာမှုကို အလေးအနက်ထား ဆောင်ရွက်စေလိုပါသည်။'

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့အကြား တွေ့ဆုံဆွေးနွေးမှုတွေ ရှိပေမဲ့ အမှန်တကယ် အဆုံးအဖြတ်ပေးနိုင်တဲ့ စစ်အစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံနိုင်ဖို့က မလွဲမသွေ လိုအပ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ က ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုစိုးထွန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

နားဆင်ရန်



source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Friday, January 29, 2010

ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ဖြစ်ပွား

2010-01-29 ( RFA )

ရန်ကုန် လှော်ကား ကွန်ပျူတာ တက္ကသိုလ် ကျောင်းအာဏာပိုင်တွေက ကျောင်းသားတွေအပေါ် ပြုမူဆက်ဆံတာတွေကို သဘောမကျတဲ့အတွက် ကန့်ကွက်ကြောင်း ကျောင်းတွင်း စာကပ်တဲ့ လှုပ်ရှားမှုတခု ဖြစ်ပွားခဲ့တဲ့အတွက် ဇန်နဝါရီ ၂၈ ရက် မနေ့က ကြာသပတေးနေ့မှာ ကျောင်းအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်လို့ မျက်မြင် ကျောင်းသားတွေက ပြောဆိုကြပါတယ်။


ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝတွင် ဝတ်စုံပြာ လုံခြုံရေး ဝန်ထမ်းများ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

မနက်ပိုင်း ၁ဝ နာရီလောက် ကျောင်းခေတ္တနားချိန်မှာ စာကပ်သွားတာ ဖြစ်တယ်လို့ ကျောင်းသားတဦးက RFA ကို အခုလို ပြောပြပါတယ်။

ကျောင်းသားတဦး။ ။ 'ကျောင်းသားသမဂ္ဂကနေပြီးတော့မှ ကြေညာချက်တစောင် ကပ်သွားတယ်ဗျ။ ဘာတွေပါလဲဆိုတော့ ဟိုဟာပေါ့၊ ကျောင်းမှာက ဟို ကျောင်းပတ်လည်လေ၊ ကော်ရစ်ဒါပတ်လည်မှာ သံပန်းတံခါးတွေ ကပ်တယ်၊ အဲဒါကို ကျောင်းသားတွေ မကျေနပ်တဲ့ကိစ္စ၊ အဲဒီအချက်လည်းပါတယ်၊ နောက်ပြီးတော့ ကျောင်းအားကစားကြေး ဆိုပြီးတော့ ကောက်သေးတယ်၊ ချလံမှာ တရားဝင်ကို ကောက်ထားတာ၊ ကျောင်းသားတွေ ပါဝင်ဆင်နွှဲရမဲ့ အားကစားပွဲလည်း မလုပ်ပေးဘူး။ ကျောင်းသားတွေပေါ့နော်၊ ကန်တဲ့ ဘောလုံးကွင်းကိုလည်း အခု ပိတ်ပစ်လိုက်ပြီ။ အဲဒါကို မကျေနပ်တဲ့အတွက် မကျေနပ်ဖူးပေါ့။ ကန့်ကွက်တဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းဆိုတဲ့ ဥစ္စာလေး ကပ်ထားတယ်ခင်ဗျ။'

၂ဝ၁ဝ ခုနှစ်အတွင်း ရွေးကောက်ပွဲလည်း ကျင်းပဖို့ ရှိနေပြီး၊ ကျောင်းသားတွေပေါ်မှာ မယုံသင်္ကာစိတ်နဲ့ ထိန်းချုပ်လို့ လွယ်ကူအောင်၊ ဝင်ပေါက်တပေါက်လောက်ပဲ ထားပြီး၊ အားလုံးကို သံပန်တံခါးတွေနဲ့ ပိတ်ဆိုကာရံလိုက်တဲ့အပေါ် ကျောင်းသားတွေက မကျေနပ်ကြကြောင်းနဲ့ ကျောင်းတွင်းလှုပ်ရှားမှုတွေအဖြစ်၊ fresher welcome လို ကျောင်းသားပွဲတွေက စလို့၊ လှုပ်ရှားမှုတွေ၊ အခမ်းအနားတွေလည်း မရှိတဲ့အတွက် ကျောင်းသားတွေက မကျေနပ်ကြကြောင်း နောက်ထပ်မျက်မြင် ကျောင်းသားတဦးက ပြောဆိုပါတယ်။

'ရုတ်ရုတ်ရက်ရက်တော့ ဖြစ်တာပေါ့ဗျာ၊ ကျောင်းသားတွေအနေနဲ့ တော်တော်များများကတော့ အဲဒီမှာ ကျောင်းက နံရံ၊ တံခါးဘောင်တွေပေါ့ အစ်ကိုရာ အဲလိုမျိုးတွေမှာလည်း တွေ့ကြတယ်၊ နောက် အိမ်သာထဲတွေမှာလည်း တွေ့ကြတယ်ပေါ့၊ အဲဒီတော့ အကုန်လုံးကတော့ ဝိုင်းပြီးတော့ ဖတ်ကြတာပေါ့ဗျာ၊ ကျောင်းသားတွေကတော့။ အဓိက ရေးထားတာကတော့ဗျာ၊ ဒီကွန်ပျူတာကျောင်းမှာပေါ့ဗျာ၊ သံပန်းတံခါးတွေ တပ်ထားတယ်ဗျာ၊ ကျောင်းရှေ့ ကော်ရစ်ဒါပေါ့လေ၊ ကော်ရစ်ဒါတွေကို သံပန်းတွေ အကုန်ပိတ်လိုက်တယ်ဗျ။ ကင်တင်းကို သွားတဲ့ဟာတွေကအစ အကုန်လုံး ပိတ်လိုက်တယ်ဗျာ။ အဓိကကတော့ အပေါက်တပေါက်တည်း ထားလိုက်တယ်၊ ထောင်သဘောမျိုး ဖြစ်သွားတာပေါ့ဗျာ။'

စကပ်လို့ ကျောင်းသားတွေ ဖတ်တာကို တွေ့တဲ့အခါ ကျောင်းအာဏာပိုင်တွေက၊ စာရွက်တွေကို ချက်ချင်း ပြန်ခွာသွားကြတယ်လို့ ကျောင်းသားတွေက ပြောပြပါတယ်။ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်ဟာ လှော်ကားမှာ ရှိပြီး ကျောင်းသား တထောင်ကျော်လောက်၊ တက်ရောက် သင်ကြားနေတာ ဖြစ်တယ်လို့ သိရပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

မြန်မာနဲ့ မြောက်ကိုရီးယား အထူးသတိထား စောင့်ကြည့်ဖို့လို

2010-01-29 ( RFA )

ဝါရှင်တန်ဒီစီအခြေစိုက် ISIS သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေးအဖွဲ့ကနေ အနုမြူစွမ်းအင် လိုချင်နေတဲ့ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံအကြား သံသယဖြစ်ဖွယ် အဆက်အသွယ်တွေ ရှိနေတာကို အထူးသတိထား စောင့်ကြည့်ဖို့ လိုကြောင်း အစီရင်ခံစာတစောင် ဇန်နဝါရီ ၂၈ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်တပ်၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ဝဲ) နှင့် မြောက်ကိုရီးယား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကင်မ်ဂျုပ်စစ် (ယာ)တို့ ပြုံယမ်းမြို့တော်၊ ကာကွယ်ရေး ဝန်ကြီးဌာနတွင် ၂ဝဝ၈၊ နိုဝင်ဘာ ၂၂ရက်က တွေ့ဆုံနေပုံ ဖြစ်ပါသည်။
(Photo: RFA)

အဲဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ အနုမြူစွမ်းအင်ဆိုင်ရာ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပြီး၊ ခေတ်မီပစ္စည်းတွေကို နိုင်ငံခြားကနေ ဝယ်ယူနေကြောင်း၊ တချို့ပစ္စည်းတွေဟာ အနုမြူအစီအစဉ် ဒါမှမဟုတ်၊ ဒုံးပျံလက်နက် အစီအစဉ်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ကြောင်း လက်ရှိမှာ မြန်မာနိုင်ငံအတွင်း လျှို့ဝှက်အနုမြူဓာတ်ပေါင်းဖိုတွေ အနုမြူစွမ်းအင် ထုတ်လုပ်ရေး အဆောက်အဦးတွေ ရှိနေပြီလို့ အထောက်အထား အခိုင်အမာ မတွေ့ ရသေးပေမဲ့လည်း၊ ရရှိထားတဲ့သတင်းတွေအရ၊ မြန်မာစစ်အစိုးရကို အနီးကပ် သတိထား စောင့်ကြည့်ဖို့ လိုနေပြီ ဖြစ်ကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ အနုမြူစွမ်းအား အေဂျင်စီ (IAEA) ကို သုတေသန ပြုလုပ်ဖို့အတွက် အနုမြူဓာတ်ပေါင်းဖိုတခု တည်ဆောက်ရေးမှာ အကူအညီပေးဖို့ သက္ကရာဇ် ၂ဝဝဝ ခုနှစ်က၊ တောင်းခံခဲ့ပါတယ်၊ ဒါပေမဲ့ IAEA ကို အသိမပေးပဲ ရုရှားနိုင်ငံကနေ ၁ဝ မီဂါဝပ် ရှိတဲ့ အနုမြူဓာတ်ပေါင်းဖို တခု တည်ဆောက်ရေးအတွက် လျှို့ဝှက် ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ၂ဝဝ၇ နှစ်မေလမှာ အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် နှစ်နိုင်ငံသဘောတူ လက်မှတ် ရေးထိုးခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလအထိတော့၊ စတင် ဆောက်လုပ်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံနဲ့ မြန်မာအစိုးရကြား ထူးခြားတဲ့ ဆက်ဆံရေး ရှိနေတာကို၊ နိုင်ငံတကာ အနေနဲ့ ဥပက္ခာပြုလို့ မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လည်းဆိုတော့မြောက်ကိုရီးယားနိုင်ငံဟာ ဆီးရီးယားနိုင်ငံကို အနုမြူဓာတ်ပေါင်းဖို့တခု လျှို့ဝှက်ရောင်းချခဲ့တာကို၊ ကမ္ဘာကျော် ထောက်လှမ်းရေးအဖွဲ့တွေဟာ အတော်အချိန်နှောင်းမှ သိခဲ့ရပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ အနုမြူစွမ်းအင် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူရာမှာ မြန်မာနိုင်ငံကတဆင့် တင်သွင်းနေတာလည်း ဖြစ်နိုင်ပါသေးတယ်လို့ ISIS ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ရေးလုပ်ငန်းတွေ လျှို့ဝှက်လုပ်ကိုင်နေပြီ၊ ယူရေနီယံသတ္တုတွေ တူးနေပြီ စသည်ဖြင့် အဖွဲ့အစည်းအတော်များများက၊ ပြောနေကြတာဟာ၊ စစ်အစိုးရ အရာရှိဘဝကနေ ဘက်ပြောင်းလာသူတွေ ကောင်းကင်ဂြိုဟ်တုကရတဲ့ ဓာတ်ပုံတွေနဲ့ သံသယဖြစ်စရာ မြေအောက်လိုင်ခေါင်း ဓာတ်ပုံတွေကို အခြေခံပြီး ပြောနေကြတာ ဖြစ်ပေမယ့်လည်း၊ မြန်မာစစ် အစိုးရ လုပ်ရပ်တွေဟာ သတိထား စောင့်ကြည့်ဖို့ လိုနေပြီဖြစ်ကြောင်း စသည်ဖြင့် ISIS သိပ္ပံပညာ နဲ့ နိုင်ငံတကာ လုံခြုံရေးအဖွဲ့ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၂၈ ရက် မနေ့က အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးမြန်းရာမှာ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ခရိုလီက ဒီအစီရင်ခံစာကို လေ့လာရဦးမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာ နိုင်ငံတကာ အနုမြူလက်နက် မပြန့်ပွားရေးနဲ့ ပတ်သက်ပြီး၊ မိမိတို့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော် ပြောဆိုခဲ့တာတွေတော့ ရှိပါကြောင်း၊ ဖြေကြားသွားပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ဒုရဲအုပ်တဦး ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာ

Friday, 29 January 2010 18:14 ဘစောတင်

ကရင်ပြည်နယ် ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် စိုးမင်းသည် မကြာသေးခင် ရက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင် လာခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူလူထု နည်းတူ စစ်အစိုးရ၏ ဖိနှိပ်မှုကို ခံနေကြရပြီး စားဝတ်နေရေးအပါအ၀င် တခြားသော အခက် အခဲများကြောင့် ယခုကဲ့သို့ ရောက်ရှိလာခဲ့ရခြင်း ဖြစ်သည်ဟု ဒု ရဲအုပ် စိုးမင်းက ဧရာဝတီသို့ ပြောသည်။

“ရဲတပ်ဖွဲ့ထဲမှာ ကျနော်လုပ်သက် (၁၄) နှစ်လောက် လုပ်ခဲ့ပေမယ့် မိသားစု စားဝတ် နေရေးတောင် အဆင် မပြေဘူးဗျ၊ ကျနော့်လိုပဲ ရဲထဲမှာ ထွက်ပြေးလို့ ထောင်မကျရင် ပြေးမယ့်လူတွေ အများကြီးရှိတယ်၊ ပိုဆိုးတာ ကတော့ တပ်ဘက်က ကျနော်တို့ကို အခိုင်းအစေလောက် သဘောထားတယ်၊ လူမုန်းခံစရာရှိရင် ရဲတွေက ရှေ့ကခံ၊ ၀ါးစရာရှိရင်တော့ သူတို့ပဲ၊ ကြာလာတော့ မခံနိုင်တော့ဘူး၊ ဒါကြောင့်တိမ်းရှောင်လာတာ”ဟု သူက ဆိုသည်။

ဒုရဲအုပ် စိုးမင်းသည် ၁၉၉၆ခုနှစ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သို့ ၀င်ရောက်ခဲ့ပြီး၂၀၀၂ ခုနှစ်တွင် ဒု ရဲအုပ် ဖြစ်ခဲ့ပြီး ကိုယ်ပိုင်နံပါတ်မှာ လ/၁၇၆ ၉၆၈ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် အသက်(၃၃)နှစ် အရွယ်ရှိပြီး ပဲခူးတက္ကသိုလ်မှ မြန်မာစာဘွဲ့ ကို ၂၀၀၀ ပြည့် နှစ်တွင် ရရှိခဲ့သည်ဟု ဆိုသည်။

၎င်းသည် ရဲအရာရှိ ဖြစ်ပြီးနောက် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့ရုံး၊ ပိုက်ကျုံးမြို့နယ်ခွဲ ရဲစခန်း နှင့် ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တို့တွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသည်ဟု သိရသည်။

တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကြုံရဖူးသော အခက်အခဲများနှင့် ပတ်သက်ပြီး“ကျနော်တို့ ပြည်နယ်မှာက အဖွဲ့အစည်းက မျိုးစုံရှိတယ်လေ၊ ငြိမ်းအဖွဲ့တွေက မြို့ထဲမှာ သူတို့ ထင်သလို နေတာ၊ ကျနော်တို့ ရဲ ဆို တာကလည်း အထက်အမိန့် အရ သတ်မှတ်ထားတဲ့ ဥပဒေ ကို ဖောက်ဖျက်ရင် ဒါမှ မဟုတ် ဖောက်ဖျက်တယ်လို့ ယုံကြည်ရရင် ဖမ်းရတာပဲ၊ ဒီအခါ ပြဿနာက ပြည်သူကိုဆိုရင် အပြစ်ပေးရ တယ်၊ ငြိမ်းချမ်းရေးက လူတွေကို အပြစ်ပေးလို့ မရဘူးဗျ။ အဲဒီ တော့ ပြည်သူက ကျနော်တို့ကို မကြည်မလင် ဖြစ်ပြန်ရော”ဟု ဒုရဲအုပ် စိုးမင်းက ပြောပြသည်။

ဒုရဲအုပ် စိုးမင်း “ကျနော့်အနေနဲ့ ပြည်သူတရပ်လုံး တောင်းဆိုနေတဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တိုက်ပွဲများမှာ အုပ်တချပ် သဲတပွင့် ပေးဆပ်လို့ ရသရွေ့ ပါဝင် လုပ်ဆောင်သွားပါမယ်”ဟုလည်း ဆက်ပြောသည်။

ယခုအခါ ၎င်းသည် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် Free Burma Project ၏ အကူအညီဖြင့် နေထိုင် လျက် ရှိကြောင်း သိရသည်။

Free Burma Project အဖွဲ့သည် မြန်မာအစိုးရ လက်နက်ကိုင် အဖွဲ့အစည်းများမှ ထွက်ပြေးတိမ်းရှောင် လာသူများ၊ နိုင်ငံရေးအရတိမ်းရှောင်လာပြီး စိုးရိမ်ရသူများကို ကူညီပေးသော အဖွဲ့ ဖြစ်သည်ဟု ဆိုသည်။

Free Burma Project ဥက္ကဌ ကိုမိုးဇက်က“နိုင်ငံတွင်းမှာ ဘယ်လိုမှ နေမဖြစ်တဲ့အဆုံး ထွက်ပြေးလာကြတဲ့ သူတွေထဲမှာ အရမ်းကိုစိုးရိမ်ရတဲ့ အနေအထားမှာရှိတဲ့သူတွေ ပါဝင်နေတယ်။ လက်နက်ကိုင် အဖွဲ့အစည်း က လူတွေ။ နိုင်ငံရေးသမားတွေ သူတို့မှာ ထောင်ထဲဝင်မလား။ ပြေးမလားလို့ ရွေးစရာလမ်း နှစ်လမ်းပဲ ရှိတဲ့ သူတွေပါတယ်၊ ဒီလိုလူမျိုးတွေကို ကျနော်တို့ ကူညီတယ်”ဟု ပြောသည်။

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

Thursday, January 28, 2010

နိုဝင်ဘာလွှတ်မည် ပြောကြားမှု တရားဥပဒေနှင့်မညီဟု ဒေါ်အောင်ဆန်းစုကြည် ဆို

Thursday, 28 January 2010 18:45 ကိုထွေး

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်သည် တရားဥပဒေနှင့် ညီညွတ်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။


“အမှုနဲ့ ပတ်သက်ပြီးတော့ တရားရုံးချုပ်မှာ တင်ထားတာ အဆုံးအဖြတ် မပြုရသေးဘူး၊ ဒီလို ပြောခြင်းအားဖြင့် တရားရုံး အဆုံးအဖြတ်ကို အနှောင့်အယှက်ပြုသလို ဖြစ်နေတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ကျောက်ပန်းတောင်းမြို့၊ မြို့တော် ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ဗိုလ်ချုပ်မောင်ဦးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အိမ်ပြင်ဆင်ရေး အတွက် ကိုယ်စားလှယ် လွှဲအပ်ထားခြင်း ခံရသူ ဦးထင်ကျော်နှင့် ဦးဉာဏ်ဝင်း တို့သည် ယနေ့ နေ့လယ် ၁ နာရီမှ ၃ နာရီ ၃၀ ခန့် အထိ ၂း၃၀ နာရီကြာ သွားရောက် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်အပေါ် ပြန်လည် ပြောဆိုခြင်း ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဆိုသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အင်အားတောင့်တင်းရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း အသေးစိတ် ပြောကြား၍ မရနိုင်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မောင်ဦးသည် ပြည်ထဲရေးဝန်ကြီးဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ဗိုလ်ချုပ်မှူးကြီး၏ ပြစ်ဒဏ် လျှော့ပေါ့ပေးသည့် အမိန့်ကို တရားခွင်၌ လာရောက် ဖတ်ကြားသွားသူလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဉာဏ်ဝင်းတို့သည် နေအိမ် ပြင်ဆင်ရေး အတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

“လုပ်ငန်းသဘောကို အရင်ဆွေးနွေးဖြစ်တယ်၊ ဒီအပေါ်မှာ ဒေါ်စုရဲ့မှတ်ချက်က ဒီကိစ္စက သွေးရိုး သားရိုးဟုတ်ရဲ့လားလို့ သူ စိုးရိမ်နေတယ်၊ တခြား ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေသလားလို့ ခံစားရတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခင်က အိမ်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်တွင် ကန့်ကွက်စာမိတ္ထူ တောင်းခံထားသည်မှာ ယခုချိန်အထိ မရရှိသေးကြောင်း၊ သို့သော်လည်း အိမ်နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သင့်သည်များကို ဆက်လက် လုပ်ဆောင်ရန် ညှိနှိုင်းခဲ့ကြောင်း၊ အိမ်၏ လက်ရှိအနေအထားမှာ အမိုးများ ပြင်ဆင်ရန်အတွက် တချို့သော အစိတ်အပိုင်းများမှာ ဖြုတ်ထားရသည့် အတွက် မိုးရွာပါက တအိမ်လုံးရေများစိုရွှဲနိုင်ပြီး မလုံခြုံသည့် အနေအထားတွင်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

နေအိမ် လုံခြုံရေးအတွက် ပြင်ဆင်နေမှုကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ပြီးခဲ့သည့် ကြာသပတေးနေ့က ပထမဆုံးအကြိမ် တားဝရမ်းဖြင့် ကန့်ကွက်ခဲ့သည်။

အာဏာပိုင်များက ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ပြင်ဆင်ခဲ့ရာမှ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် အိမ်ပြင်ရန် ခေတ္တခဏ ရပ်ဆိုင်းထားရကြောင်းလည်း သိရသည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်တွင်း အမှု ရင်ဆိုင်နေရစဉ် ကတည်းက ၎င်း၏ နေအိမ်ကို လုံခြုံရေး အတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိကထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန်အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

မေလက ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်သို့ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီး နောက်ပိုင်း နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

ကရင်စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်ပို့မည်ဟု ထိုင်းပြောကြား

ရဲရင့်/ ၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးကော်မရှင်အဖွဲ့က ကန့်ကွက်နေသည့်ကြားမှ ထိုင်း-မြန်မာ နယ်စပ် ထာ့ဆောင်ယန်းမြို့နယ်အတွင်း ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၁,၆၃၃) ဦးကို ယခုရက်ပိုင်းအတွင်း အမြန်ဆုံး နေရပ်ပြန်ပို့မည်ဟု ထိုင်းအမှတ် (၃) စစ်တိုင်းမှူးက ပြောကြား လိုက်သည်။

စစ်ပြေး ဒုက္ခသည်အချို့ ခိုလှုံနေသည့် နောင်ဘိုး ယာယီဒုက္ခသည်စခန်းသို့ ယနေ့ ရောက်ရှိလာသည့် ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုဗိုလ်ချုပ်ထနွန်စာ အဖိရတ်ယိုထင်က ဒေသခံ သတင်းထောက်များကို ပြောကြားခြင်းဖြစ်သည်။

တိုင်းမှူးက “ဒီလူတွေ ထိုင်းဘက်မှာနေတာ (၈) လနီးပါးရှိပြီ၊ မြန်မာဘက်မှာ တိုက်ပွဲတွေလည်း မရှိတော့ဘူး အေးချမ်းသွားပါပြီ၊ ဒီအချိန်မှာသူတို့ပြန်ဖို့လည်း သင့်တော်ပါပြီ။ တိုက်ပွဲရှိတဲ့အခါ ပြေးလာ မရှိတဲ့အခါတော့ ကိုယ့်နေရာကိုယ် ပြန်နေကြရမှာ ဖြစ်တယ်။ ဒီမှာနေရင် ဒီကပေးတဲ့ ရိက္ခာတမျိုးပဲရမယ်၊ ကိုယ့်မြေ ကိုယ့်ရေမှာဆိုရင် လုပ်စားကိုင်စားဖို့ ပိုပြီးအဆင်ပြေမယ်” ဟု ပြောသည်။

ထိုင်းဘက်မှ စစ်ပြေးဒုက္ခသည်များကို ပြန်ပို့မည့် အစီအစဉ်နှင့် ပတ်သက်၍ ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်က ကန့်ကွက်လိုက်ပြီး လုံခြုံရေး အာမခံချက် အနေအထား မည်မျှရှိသည်ကို မသိရသည့် ဒေသသို့ ပြန်ပို့မည့်အစား နီးစပ်ရာ တရားဝင်ဒုက္ခသည်စခန်းများတွင် ပြောင်းရွှေ့ပေးသင့်သည်ဟု ပြောသည်။

အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် မြန်မာဘက်ခြမ်းရှိ ၎င်းတို့နေအိမ်များအား ယနေ့နံနက် သွားရောက်ကြည့်ရှုခဲ့သည့် ကရင်စစ်ပြေးဒုက္ခသည်များတွင် ပါဝင်သူတဦးက “ဒီကေဘီအေ တပ်ဖွဲ့က မင်းတို့ အိမ်မှာပဲ နေရမယ်၊ အိမ်ပြင်ထွက်ရင် မိုင်းကိစ္စ ငါတို့တာဝန်မယူဘူးဆိုတော့ အကျယ်ချုပ်လိုပဲ နေရမယ့် သဘောဖြစ်နေတယ်။ ရိက္ခာလည်း မပေးဘူး၊ အရင်ပြန်တဲ့ လူတွေလည်း တလတခါ ထိုင်းဘက်ခြမ်းမှာပဲ ရိက္ခာ လာထုတ်ကြတယ်။ ဒီပုံနဲ့ ပြန်လို့တော့ မဖြစ်ဘူး၊ သူတို့ အတင်းဖမ်းပြီး ပြန်ပို့ရင်တော့ ပြန်ရမယ်၊ မပြန်လို့ ဘယ်လိုလုပ်မှာလဲ” ဟု ပြောသည်။

နေရပ်ပြန်မည့် ကရင်စစ်ပြေးဒုက္ခသည်များအတွက် လုံခြုံရေးကို တာဝန်ယူသော်လည်း မြေမြုပ်မိုင်း ကိစ္စနှင့်ပတ်သက်၍ တာဝန်မယူနိုင်ကြောင်း ဒေသအခြေစိုက် ဒီကေဘီအေ (၉၉၉) အခြေချစစ်ဗျူဟာ တပ်ရင်း (၇) ၏ ဒုရင်းမှူး ဗိုလ်ကြည်လင်က ထိုင်းအခြေစိုက် သတင်းထောက်များကို အင်္ဂါနေ့က ပြောကြားခဲ့သည်။

၎င်းက “ရွာသားတွေပြန်ရင် လုံခြုံရေးအတွက် အာမခံပေမယ့် မြေမြုပ်မိုင်းကိုတော့ အာမ မခံနိုင်ဘူး။ ကျနော်တို့နယ်မှာရှိတဲ့ မိုင်းတွေဟာ ကေအန်ယူက ထောင်ထားတာတွေ ဖြစ်တယ်” ဟု ပြောသည်။

စစ်ပြေးဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက “ဒုက္ခသည်အားလုံးရဲ့ ဆန္ဒကတော့ လက်ရှိ အနေအထားမျိုးနဲ့ ဘယ်သူမှ မပြန်ချင်ကြဘူး။ ဒါပေမယ့် သူတို့ရဲ့ ကံကြမ္မာကတော့ ထိုင်း အာဏာပိုင်တွေအပေါ်မှာပဲ မူတည်တယ်” ဟု ပြောသည်။

အဆိုပါဒုက္ခသည်များသည် ယမန်နှစ် ဇွန်လ ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်ဖွဲ့နှင့် ကေအန်ယူတပ်ဖွဲ့တို့ အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည် တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရမ်းမြို့နယ်ဘက်သို့ ထွက်ပြေးလာသူများ ဖြစ်သည်။

မကြာမီပြန်ပို့ခံရမည့် ဒုက္ခသည်အများစုမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှဖြစ်ပြီး ထိုင်းဘက်မှ ယာယီဖွင့်ထားပေးသည့် နောင်ဘိုးစခန်း အနီးပတ်ဝန်းကျင်တွင် ခိုလှုံနေသူများဖြစ်သည်။


source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...