Wednesday, November 3, 2010

မင်္ဂလာဈေးတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး စာရွက်များ ထပ်မံကြဲချ




ရန်ကုန်မြို့ရဲ့ အထင်ကရ ဈေးကြီးတခုဖြစ်တဲ့ မင်္ဂလာဈေး အပေါ်ထပ်ကနေ ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာတွေကို မနေ့ နေ့လည်ပိုင်းက ကြဲဖြန့်ခဲ့တယ်လို့ ဧရာဝတီသို့ ပေးပို့လာတဲ့ စာမှာ ဓါတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

ဒီစာရွက်တွေမှာ ပြည်သူ့အစိုးရ ဖွဲ့စည်းရေး ဒို့အရေး ၊ မဲမပေးနဲ့ ပြည်သူ့ အစိုးရဖွဲ့၊ လူထုလုပ်ရှားမှုကော်မတီ ၂၀၁၀ လို့ ဖော်ပြထားတာပါ။ မင်္ဂလာဈေးအပေါ်ထပ်ကနေ ရွေးကောက်ပွဲဆန့်ကျင်ရေး စာရွက်တွေကို လွန်ခဲ့တဲ့လပိုင်းကလည်း ကြဲဖြန့်မှုရှိခဲ့ပြီး အခုတကြိမ်ဟာ ဒုတိယအကြိမ် ကြဲဖြန့်မှုဖြစ်ပါတယ်။

စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲဟာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ခံနေရပြီး ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကြီးကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း အတိအလင်း ထုတ်ပြန်ထားပါတယ်။ရွေးကောက်ပွဲ ကျင်းပရန် ၃ရက်သာ လိုတော့ချိန်တွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မြင့်တက်လာပါတယ်။

မနေ့က တောင်ဒဂုံမှာ မဲမပေးဘဲ နေပိုင်ခွင့်ရှိ စာရွက်စာတမ်း ဖြန့်ဝေမှုတွေနဲ့ ပတ်သက်ပြီး တောင်ဒဂုံမြို့နယ် NLD စည်းရုံးရေးအဖွဲ့ဝင် ကိုအေးသွင်ကို အာဏာပိုင်တွေက ယနေ့ နံနက်ပိုင်းက ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

source by : http://www.irrawaddyblog.com