Monday, November 1, 2010

ရွေးကောက်ပွဲအတွက် လုံခြုံရေးပိုတင်းကျပ်

နရီလင်းလက် | ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာပြီ ဖြစ်သောကြောင့် ရန်ကုန်မြို့တွင်း လုံခြုံရေးကို ယနေ့မှ စတင်၍ ပိုမိုတင်းကျပ် ထားသည်ဟု ရန်ကုန် ဒေသခံများထံမှ သိရသည်။

လူထုလှုပ်ရှားမှု ဖြစ်ပွားလာပါက အချိန်မီ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လုံခြုံရေးတင်းကျပ်မှုများကို ရန်ကုန်မြို့တွင်းနှင့် မြို့စွန်ဟူ၍ အပိုင်း၂ပိုင်း ခွဲကာ စတင်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီး တဦးက ပြောသည်။

NLD ၏ မဲမပေးဘဲ နေနိုင်ခွင့်ရှိသည့် စာတန်းပါ တီရှပ် ဝတ်ဆင်ထားသူများ

၎င်းက ဆက်လက်၍ “ပြီးခဲ့တဲ့လကတည်းက တချို့ မြို့နယ်တွေမှာ မဲမပေးဘဲ နေခွင့်ရှိတယ်ဆိုတဲ့ စာသားပါတဲ့ အင်္ကျီဝတ်ပြီး လမ်းလျှောက်တာတို့၊ နောက်တော့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာရွက်ဝေတာတွေကို မြို့နယ်တော်တော်များများမှာ လုပ်ခဲ့တယ်။ ဒီလို ဆန့်ကျင်တဲ့ ကိစ္စတွေက ရွေးကောက်ပွဲနီးလေ အရှိန်မြင့်လာလေ ဖြစ်လာမှာဆိုတော့ နေရာပေါင်းစုံမှာ လုံခြုံရေး ချထားတယ်။ ဆန့်ကျင်ရေး လုပ်မယ့်သူဆိုလည်း ဟန့်သွားအောင်ပေါ့” ဟု ဆိုသည်။

ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ လသာ၊ လှည်းတန်း စသည့် ရန်ကုန်မြို့တွင်း နေရာများတွင် ရဲတပ်ဖွဲ့၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာစသည့် မြို့စွန်နေရာများတွင် တပ်မ ၇၇ နှင့် တပ်မ ၆၆ တို့အား လုံခြုံရေး တာဝန် ပေးထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ဘက်ဆိုင်ရာ အရာရှိတဦး ကပြောသည်။

လုံခြုံရေးတာဝန်ယူထားသည့် တပ်မ ၇၇ နှင့် တပ်မ ၆၆ သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော သံဃာတော်များအား အကြမ်းဖက် ဖြိုခွင်းခဲ့သည့် တပ်မများလည်းဖြစ်သည်။

အဆိုပါ လုံခြုံရေးတိုးမြှင့်မှုများ ဆောင်ရွက်နိုင်ရန် သြဂုတ်လမှ စတင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အင်အားဖြည့်တင်းမှုများကို ပြုလုပ်ခဲ့သည်ဟု အဆိုပါ စစ်ဘက်ဆိုင်ရာ အရာရှိကြီးက ပြောသည်။

“ရွှေဝါရောင်တော်လှန်ရေးကို ဖြိုခွင်းပြီးနောက်ပိုင်း နိုင်ငံတကာ ဝေဖန်မှုတွေ တော်တော်များ များရှိခဲ့တော့ အခု နောက်ပိုင်းမှာ စစ်တပ်သုံးတာကို လျှော့ချပြီး ရဲတပ်ဖွဲ့ကို တာဝန်ပိုပေးလာတယ်။ စစ်ဘက်က တချို့ လူတွေကိုလည်း ရဲတပ်ဖွဲ့ထဲ ပြောင်းပြီး တာဝန်ပေးတယ်။ ရဲ အင်အားဖြည့်တာပေါ့” ဟု ၎င်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ အဖြစ် ကူးပြောင်းမည်ဖြစ်သောကြောင့် လုံခြုံရေး ကိစ္စရပ်များတွင် တပ်မတော်၏ အခန်းကဏ္ဍကို လုံးဝလျှော့ချသွားရန် ကာကွယ်ရေးဝန်ကြီးဌာန ထိပ်ပိုင်း အာဏာပိုင်များက မှာကြားထားကြောင်းလည်း သူက ပြောသည်။

ထင်ရှားသော ဆန္ဒပြပွဲများဖြစ်သည့် ၈၈၈၈ အရေးတော်ပုံနှင့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတို့တွင် စစ်တပ်ကသာ တာဝန်ယူဖြိုခွင်းခဲ့သည်။

source by : http://www.irrawaddy.org