Monday, November 1, 2010

ပဲခူးမှာ ကြံ့ခိုင်ရေးနဲ့ စစ်တပ် ခိုက်ရန်ဖြစ်

BBC | ရွေးကောက်ပွဲကျင်းပဖို့ သီတင်းတစ်ပါတ်ပဲ လိုတော့တဲ့ အချိန်မှာ ပဲခူးမြို့ ကျောက်တိုင်ကန် အခြေချတဲ့ တပ်မ ၇၇ လက်အောက်ခံ ခမရ ၇ တပ်ရင်းက ရဲဘော်တွေနဲ့ အဲဒီကို လာရောက် မဲဆွယ် စည်းရုံးတဲ့ ပဲခူးမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်တွေ မနေ့က ခိုက်ရန် ဖြစ်ပွါးလို့ ရဲဘော် ၁ ဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ် ဘက်က ၃ ဦးထက် မနည်း ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့မဲဆွယ်စည်းရုံးနည်း

တပ်တွင်းကို စည်းရုံးဖို့အတွက် ဝန်ကြီးချုပ်ဦးသိန်းစိန်ရဲ့ အမိန့်နဲ့လာတဲ့ ပဲခူးမြို့က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် ၃၀ ခန့်ကို တပ်တွင်း ဝင်ခွင့် မပေးရာက ဂိတ်စေါင့် တပ်သားတွေနဲ့ စကား များပြီး ခိုက်ရန် ဖြစ်ပွါးခဲ့ တယ်လို့ မျက်မြင် တပ်သား တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဂိတ်ဝမှာ အပြန်အလှန် ပြောဆို နေတဲ့ အချိန် ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ် တစ်ဦးက လက်သီးနဲ့ စတင် ထိုးတဲ့ အကြောင်း၊ အဲဒီ အချိန်မှာ တပ်ရင်းက ရဲဘော်တွေ ရောက်လာတဲ့ အကြောင်း၊ ဂိတ်ဝအနီးမှာ အလုပ်လုပ် နေကြတဲ့ ရဲဘော် တချို့ကလည်း မခံနိုင်လို့ အပြန်အလှန် ထိုးကြိတ်ကြတဲ့ အကြောင်း အဲဒီ မျက်မြင် တပ်သား ကပဲ ပြောပြ ပါတယ်။

မကျေနပ်ကြတဲ့ ခမရ ၇ က အရာရှိ အရာခံ အကြပ် တပ်သားတွေဟာ ပဲခူးမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရုံးကို ဝိုင်းဖို့ လူစု နေချိန်မှာ တပ်မမှုး ဗိုလ်မှုးကြီးတင်ထွန်းက သူလည်း မကျေနပ်တဲ့ အကြောင်း၊ ဒါပေမဲ့ ခေတ္တ ခဏတော့ သည်းခံပေးဖို့ ဖြောင်းဖျခဲ့ ရတယ်လို့ သူက ပြောပြ ပါတယ်။

ရဲဘော်တွေ စားဝတ် နေရေး ကြပ်တည်းမှု ကိုပဲ ကြိုးစားရုန်းကန် ဖြေရှင်း နေရလို့ ရွေးကောက်ပွဲ ကိုလည်း စိတ်မဝင်စားတဲ့ အချိန်မျိုးမှာ အခုလို အတင်း မဲဆွယ်စည်းရုံးရင်း ထိုးကြိတ်တဲ့ အထိ ဖြစ်ကုန်တာ ဖြစ်ပါတယ်။

source by : http://www.bbc.co.uk