Thursday, September 30, 2010

ဗန်းမော်တွင် ရွေးကောက်ပွဲဆန့်ကျင်စာများ ပြန့်

သျှမ်းသံတော်ဆင့်| လာမည့် နိုဝင်ဘာလ ရ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ၀ိုင်းဝန်းဆန့်ကျင်ရန် တိုက်တွန်း ထားသောစာများ ယနေ့ နံနက်အစောပိုင်းက ဗန်းမော်မြို့၏ လူစည်ကားရာနေရာ တချို့၌ ပြန့်နှံ့ လျှက်ရှိကြောင်း သိရသည် ။

“၂၀၀ဂ ဖွဲ့စည်းပုံကို အသွင်းသွင်းပြီး စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲဖြစ်၍ ပြည်သူများကဆန့် ကျင်သင့်ကြောင်း” အဆိုပါစာတွင် တိုက်တွန်းထားကြောင်း သိရသည် ။

အေဖိုးဆိုက် လျှောက်လွာစာရွက်တွင် ကွန်ပြူတာစာစီဖြင့် ရေးသားထားပြီး ဒီမိုကရေစီလူငယ် အင်အားစု (မြန်မာပြည်) ဆို သည့် အဖွဲ့က ဖြန့်ဝေသည်ဟု ဖေါ်ပြထားကြောင်း စာလက်ခံရရှိသူ မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

စာပါအကြောင်းအရာကို သူက ဖတ်ပြရာတွင်

“စစ်အစိုးရသည် အာဏာတည်တံ့ ခိုင်မြဲရေးအတွက် ကြံ့ဖွံ့အသင်းကို ပါတီ အဖြစ် အသက်သွင်းခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ပါတီများအား စည်းရုံးလှုပ်ရှားခွင့် စာပေ ထုတ်ဝေခွင့်များအား ကန့်သတ်ချုပ်ကိုင်ထားပြီး ကြံ့ဖွံ့ပါတီအား လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့် ပေးထားသည်”

“၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်မည်မဟုတ် စစ်အာဏာ မြဲမြံစေမည့် ရွေးကောက်ပွဲဖြစ်သည်။ ၄င်းတို့ တစ်ဘက်သတ် ရေးဆွဲထားသော ၂၀၀ဂ ဖွဲ့စည်းပုံခိုင်မြဲစေရေး အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီ လိုလားသော ပြည်သူများအနေဖြင့် အောက်ပါ အချက်များမှ တစ်ချက်ကို ရွေးချယ်သင့်သည်”

၁ ။ရွေးကောက်ပွဲကို ဆန့်ကျင်သင့်သည် ၊ ပြည်သူတို့၏ အခွင့်အရေးဖြစ်သော လွပ်လပ်စွာ မဲမပေးဘဲလည်း နေနိုင်ပါသည်။

၂။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲ မပေးသင့် ။

၃ ။ မဲပေးလိုသည့် ဆန္ဒရှိပါက စစ်အစိုးရ၏ သြဇာခံ လက်ဝေခံ လက်ကိုင်တုတ် မဟုတ်သော အခြား ဒီမိုကရေစီ ပါတီများ ကိုသာ မဲပေးသင့်သည် ။

အောက်မှာက အာဏာသည် ပြည်သူ့ထံမှ သက်ဆင်းရမည် ။

(ပုံ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒီမိုကရေစီ လူငယ်အင်အားစု (မြန်မာပြည်) ဆိုပြီးရေးထားတယ် လို့ သူက ဆိုသည် ။


“ဒီနေ့မနက်အစောကြီးပဲ ဆိုင်မဖွင့်ခင် ဆိုင်တွေမှာ ချထားတာလေ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ စာပေါ့၊ အဖွဲ့ကတော့ ဒီမိုကရေစီ လူငယ်အင်အားစု(မြန်မာပြည်) ပေါ့၊ မသိဘူး ဒီအဖွဲ့နာမည် တစ်ခါမှ မကြားဖူးသေးဘူး” လို့ နောက်ထပ်မြို့ခံ တစ်ဦး က ပြောသည် ။

ဗန်းမော်မြို့တွင် အဆိုပါစာ လက်ခံရရှိသူ အမြောက်အများရှိကြောင်း သျှမ်းသံတော်ဆင့်က စုံစမ်းမေးမြန်းချက်အရ သိရ သော်လည်း စာဖြန့်သည့် အဖွဲ့အစည်းကိုမူ ဆက်သွယ်စုံစမ်း၍ မရရှိသေးပေ ။

source by : http://www.mongloi.org