Sunday, September 26, 2010

ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုတဲ့အပေါ် အမေရိကန် တုံ့ပြန်ပြောဆို

RFA | မြန်မာစစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့် ပြုရုံတင်မက နေအိမ်အကျယ်ချုပ်က လွှတ်ပေးပြီး စစ်မှန်တဲ့ ဆွေးနွေးမှု စတင်သင့်ပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Mark Toner က မနေ့က ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်တွင် တည်ရှိသည့်၊ အမေရိကန် ပြည်ထောင်စု၏ ဒီမိုကရေစီ မဏ္ဍိုင်ဖြစ်သော ကွန်ဂရက် လွှတ်တော် အဆောက်အအုံ ဖြစ်ပါသည်။ (Photo: AFP)

မြန်မာပြည်ရဲ့ ဖိနှိပ်တဲ့ နိုင်ငံရေးဝန်းကျင် အခြေအနေအပေါ် မိမိတို့ စိုးရိမ်နေဆဲ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ဖို့ တိုက်တွန်းကြောင်း၊ ရွေးကောက်ပွဲကလည်း လွတ်လပ်မျှတမှာ မဟုတ်တဲ့အတွက် အမျိုးသား ရင်ကြားစေ့ရေး ပထမခြေလှမ်းအဖြစ် ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့တွေနဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှု စတင်ဖို့ မစ္စတာ Mark Toner က စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့ပြင် နိုင်ငံတကာက လက်မခံတဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် အစိုးရမျိုးကို အပြည့်အဝ မယုံကြည်နိုင်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

စိုးရိမ်မှုရှိနေဆဲလို့ ဆိုပေမယ့် သမ္မတအိုဘားမား အစိုးရကတော့ မြန်မာ စစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံရေးကိုသာ အနာဂတ် မြန်မာနိုင်ငံအပေါ် သြဇာ သက်ရောက်နိုင်မယ့် အကောင်းဆုံး နည်းလမ်းအဖြစ် ဆက်လက် ကျင့်သုံးသွားမယ်လို့ ဆိုခဲ့ပါတယ်။


source by :http://www.rfa.org