Saturday, September 11, 2010

ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်း

တတိယလှိုင်းဒီမိုကရေစီအသွင်ကူးပြောင်းရေး လှုပ်ရှားမှုတွေ ကမ္ဘာတ၀ှမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ လှုပ်ရှားမှုခေါင်းဆောင်တွေက ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲတွေနဲ့ အာဏာရှင်တွေက ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲတွေ ဆိုပြီး ရွေးကောက်ပွဲအမျိုးမျိုးက အသွင်သဏ္ဍာန်မျိုးစုံနဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ ရွေးကောက်ပွဲတွေ အများအပြား ပေါ်ထွက်လာတာနဲ့အမျှ ဒီရွေးကောက်ပွဲတွေရဲ့ တရားမျှတမှုရှိမရှိ၊ လွတ်လပ်မှုရှိမရှိ စတဲ့ အချက်တွေပေါ်မှာ အခြေခံပြီး ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ် မှောက်မှုတွေလဲ ပေါ်ထွက်လာပြန်ပါတယ်။ ဒီလိုပေါ်ထွက်လာတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေက ဘာကြောင့် ရွေးကောက်ပွဲတွေကို သပိတ်မှောက်ကြသလဲ၊ သပိတ်မှောက်ရာမှာ ဘယ်လိုသပိတ် အမျိုးအစားတွေကို ပြုလုပ်ကြသလဲ၊ သပိတ်မှောက်ခြင်းရဲ့ အကျိုးဆက်က ဘာတွေလဲ၊ ရွေးကောက်ပွဲသပိတ်ဟာ ထိရောက်မှု ရှိနိုင်ပါသလား ဆိုတဲ့ မေးခွန်းတွေကလဲ လူအများကြားမှာ သုံးသပ်ဆွေးနွေးစရာ ဖြစ်လာပြန်ပါတယ်။

ရွေးကောက်ပွဲအား သပိတ်မှောက်ရခြင်းအကြောင်းရင်းများ

၂၁ ရာစု မတိုင်မီကာလက နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ရွေးကောက်ပွဲ သပိတ်မှောက်ရခြင်း အကြောင်းရင်းတွေကို ပညာရှင်တွေက သုံးသပ်လေ့လာကြရာမှာ အကြောင်းရင်းနှစ်ချက်ကို တွေ့ရှိခဲ့ကြပါတယ်။ ပထမတချက်က နိုင်ငံရေးတည်ငြိမ်မှု အားနည်းချက် (Lack of Political Stability) ဖြစ်ပြီး၊ ဒုတိယအချက်ကတော့ ပါတီစနစ် အင်စတီကျူရှင်းနာလိုင်းဇေးရှင်း အားနည်းချက် (Lack of Party system institutionalization) တို့ ဖြစ်ပါတယ်။ ၂၁ ရာစုထဲ ရောက်လာတဲ့အခါမှာတော့ ရွေးကောက်ပွဲတရားမျှတမှု မရှိခြင်း (electoral unfairness) က ပိုပြီး ရေပန်းစားလာခဲ့ပါတယ်။ အချို့ကလဲ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲသပိတ်မှောက်ရခြင်း အကြောင်းရင်းဟာ တရားမျှတမှုမရှိခြင်းကြောင့် တခုတည်း မဟုတ်ပဲ ရွေးကောက်ပွဲဝင်ပြိုင်တဲ့အခါ သေချာပေါက် အရှုံးပေါ်ခြင်း (Certain Loss) ကို ရင်မဆိုင်လိုခြင်းကြောင့်လိုလဲ ဆိုကြပါတယ်။

လက်တင်အမေရိကတိုက်က ရွေးကောက်ပွဲ သပိတ်တွေရဲ့ ပါတီစနစ် အင်စတီ ကျူရှင်နာလိုင်းဇေးရှင်းကို လေ့လာခဲ့တဲ့ Mainwaring နဲ့ Scully တို့ကတော့ ရွေးကောက်ပွဲသပိတ်တွေဟာ ရွေးကောက်ပွဲကျင်းပတဲ့ အစိုးရရဲ့ တရားဝင်မှု (legitimacy) ကို တိုက်ရိုက် စိန်ခေါ်ချက်တွေဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ အတိုက်အခံ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ယူခြင်းထက် ရွေးကောက်ပွဲရဲ့ တရားဝင်မှုကိုသာ မေးခွန်းထုတ်စိန်ခေါ်မှု ပြုလုပ်ခြင်း ဖြစ်တဲ့ inchoate party systems ကို အသုံးပြုတာ ဖြစ်ပါတယ်။ သို့ပေမယ့်လဲ အတိုက်အခံပါတီတွေအနေနဲ့ ရွေးကောက်ပွဲတရားဝင်မှုကို မေးခွန်းထုတ်စိန်ခေါ်မှု ပြုလုပ်ရခြင်းဟာ ရွေးကောက်ပွဲ တရားမျှတမှု မရှိခြင်းကြောင့်လား၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပေါ်ပေါက်လာတဲ့ reflexive reaction ကြောင့်လား၊ သေချာပေါက် ဖြစ်နိုင်ချေ အရှုံးကြောင့်လား ဆိုတာကိုတော့ သူတို့ရဲ့ ရေးသားချက်တွေထဲမှာ ဆန်းစစ်ထားခြင်း မရှိခဲ့ပါဘူး။

အာဖရိကတိုက် ရွေးကောက်ပွဲသပိတ်မှောက်မှုတွေကို လေ့လာခဲ့တဲ့ Michael Bratton ကတော့ အာဖရိကတိုက်မှာ ရွေးကောက်ပွဲသပိတ်မှောက်မှုတွေ ပေါ်ထွက်လာခြင်းနဲ့ ဒုတိယအကြိမ်ရွေးကောက်ပွဲတွေ ထပ်မံ ကျင်းပရခြင်းဟာ ရွေးကောက်ပွဲတရားမျှတမှု မရှိခြင်း (electoral unfairness) နဲ့ ပိုပြီး ဆက်စပ်တယ်လို့ ဆိုထားခဲ့ပါတယ်။ အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ အမှန်တကယ် မဲခိုးလိမ်လည်မှုတွေ ရှိလာတဲ့ အခါမှာ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်သပိတ်မှောက်ပြီး ဒုတိယအကြိမ် ရွေးကောက်ပွဲထပ်မံကျင်းပဖို့ တောင်းဆိုမှုတွေ ပေါ်ထွက်လာတတ်တာတွေ ရှိသလို၊ အစိုးရက မဲခိုးမဲလိမ်နိုင်ဖွယ်ရှိတယ်လို့ ယူဆလာကြတဲ့ အခါမှာလဲ ရွေးကောက်ပွဲတွေကို ကြိုတင်ဆန့်ကျင် သပိတ်မှောက်မှုတွေ ရှိလာနိုင်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ အာဖရိကတိုက် ရွေးကောက်ပွဲ (၅၃) ခုကို လေ့လာခဲ့တဲ့ Lindberg ဆိုသူကလဲ ရွေးကောက်ပွဲတွေမှာ အတိုက်အခံနိုင်ငံရေး ပါတီတွေ ပါဝင်မှုဟာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်ခြင်း ရှိမရှိ ဆိုတဲ့ အချက်အပေါ် ဆန်းစစ်သုံးသပ်မှုတွေနဲ့ သက်ဆိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

အခြားတဘက်မှာလဲ အချို့ နိုင်ငံရေးပညာရှင်တွေက ရွေးကောက်ပွဲ သပိတ်မှောက်မှုတွေ ပေါ်ထွက်လာရခြင်းဟာ ရွေးကောက်ပွဲတရားမျှတမှုနဲ့ ပတ်သက်ဆက်စပ်မှု မရှိကြောင်း ငြင်းဆိုခဲ့ကြပြန်ပါတယ်။ Robert Pastor ဆိုသူက အတိုက်အခံနိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ရခြင်းဟာ သူတို့ရဲ့ အားနည်းချက်တွေကို သိမြင်ပြီး ရွေးကောက်ပွဲမှာ အရှုံးပေါ်မှာ စိုးရိမ်ခြင်းကြောင့်လို့ အဆိုပြုခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်အရှုံးကို ပြည်သူတွေဆီ ချပြလိုက်ရခြင်းထက် ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး အစိုးရအပေါ် သံသယကြီးမားလာအောင် ပြုလုပ်ခြင်းက ပိုပြီး သိက္ခာရှိနိုင်ကြောင်း ယူဆချက်တွေကြောင့် ရွေးကောက်ပွဲသပိတ်တွေ ပေါ်ထွက်လာရတာလို့ ပညာရှင်အချို့က ရေးသားဖော်ပြခဲ့ကြပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့ အစိုးရတွေရဲ့ ထိပ်တန်းခေါင်းဆောင်များကလဲ အလားတူ မှတ်ချက်မျိုးကို ဖော်ပြလေ့ ရှိကြပါတယ်။ ၁၉၉၅ ခု၊ ဟေတီး ရွေးကောက်ပွဲမှာ အတိုက်အခံ နိုင်ငံရေးပါတီရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်မှုအပေါ် အစိုးရ ထိပ်တန်းခေါင်းဆောင်များက ' အတိုက်အခံ နိုင်ငံရေးပါတီမှာ လူထုထောက်ခံမှု မရှိဘူး။ ဒါကြောင့် ရွေးကောက်ပွဲဝင်ရင် ရှုံးမယ်ဆိုတာ သိတဲ့အတွက် ရွေးကောက်ပွဲ မ၀င်ပဲ သပိတ်မှောက်တာ ဖြစ်တယ်' လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ၂၀၀၅ ခုနှစ်၊ ဗင်နီဇွဲလား ရွေးကောက်ပွဲသပိတ်မှာလဲ Chavez က 'မဲခိုးတယ်ဆိုတာဘာကို ပြောတာလဲ။ အတိုက်အခံတွေဘက်မှာ လူထုရဲ့ ထောက်ခံမှု မရှိဘူးဆိုတဲ့ အမှန်တရားကို လက်ခံဖို့သင့်ပြီ။ အမှန်တရားကို လက်မခံပဲ သပိတ်မှောက်တာဟာ နိုင်ငံရေးလုပ်ကြံတာပဲ' လို့ ဆိုခဲ့ဖူးပါတယ်။

နိုင်ငံရေးပညာရှင် Beaulieu နဲ့ Hyde ကတော့ ရွေးကောက်ပွဲသပိတ်တွေဟာ နိုင်ငံတကာက အကဲခတ်လေ့လာစောင့်ကြည့်သူတွေ ရှိနေချိန်တွေမှာ ပေါ်ထွက်လာတတ်တယ်လို့ ဆိုခဲ့ပါတယ်။ တခါတရံမှာ ရွေးကောက်ပွဲ ကျင်းပတဲ့ အစိုးရဟာ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေကို ဖိတ်ကြားပြီး၊ ရွေးကောက်ပွဲတရားမျှတမှု ရှိသယောင် အပေါ်ယံဗန်းပြမှုတွေ ရှိတတ်ပါတယ်။ နောက်ကွယ်မှာတော့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ ဖော်ထုတ်လို့ မရနိုင်မယ့် overt fraud တွေကို အသုံးပြုပြီး အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းတွေ အရှုံးပေါ်အောင် ပြုလုပ်လာပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပညာရပ်က ဒါကို Prudent manipulation လို့ ခေါ်ဝေါ်သတ်မှတ်ပါတယ်။ ဒီလိုနည်းလမ်းကို အစိုးရက ကျင်းပလာတဲ့အခါ အတိုက်အခံနိုင်ငံရေးပါတီတွေအနေနဲ့ အစိုးရကို overt fraud လုပ်ဆောင်ချက်တွေကို နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေ သိမြင်သွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်လေ့ရှိကြပါတယ်။

သပိတ်အမျိုးအစားများ

ရွေးကောက်ပွဲဆန့်ကျင်ရေး သပိတ်ပဲဖြစ်ဖြစ်၊ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု သပိတ်ပဲဖြစ်ဖြစ်၊ ကျောင်းသား အခွင့်အရေးသပိတ်ပဲဖြစ်ဖြစ်၊ အလုပ်သမား၊ လယ်သမားအခွင့်အရေးသပိတ်ပဲ ဖြစ်ဖြစ်၊ သပိတ်မှောက်ရခြင်း ရည်ရွယ်ချက်တွေနဲ့ တောင်းဆိုချက်တွေ အမျိုးမျိုး ကွဲပြားနိုင်ပေမယ့် သပိတ်သဏ္ဍာန် အမျိုးအစားကြီး နှစ်မျိုးအပေါ်မှာပဲ မြစ်ဖျားခံလာတတ်ပါတယ်။ ပထမတမျိုးကတော့ ငြိမ်းချမ်းစွာ အကြမ်းမဖက်ရေးလမ်းစဉ်ပေါ် အခြေခံတဲ့ (Gandhian) သပိတ်အမျိုးအစား ဖြစ်ပြီး၊ ဒုတိယသပိတ် အမျိုးအစားကတော့ လူထုလှုပ်ရှားမှုသပိတ်တွေမှာ လက်နက်အင်အားကို ပေါင်းစပ်အသုံးပြုတဲ့(Fearonian)သပိတ်အမျိုးအစားပဲဖြစ်ပါတယ်။

Gandhian သပိတ်အမျိုးအစားကို လက်နက်ကိုင်တော်လှန်ရေးအင်အားအသုံးပြုမှုမရှိတဲ့ အတိုက်အခံတွေက သုံးစွဲလေ့ရှိပါတယ်။ ရွေးကောက်ပွဲသပိတ်တွေမှာ Gandhianသပိတ်အမျိုးအစားကို ဦးဆောင်ဆင်နွှဲတဲ့ နိုင်ငံရေးပါတီတွေက ပြည်တွင်းမဲပေးမယ့် ပြည်သူလူထုနဲ့ ပြည်ပနိုင်ငံတကာ အသိုင်းအ၀ိုင်းက လူတွေရဲ့ မျက်လုံးမှာ ရွေးကောက်ပွဲကျင်းပမယ့် အစိုးရနဲ့ ရွေးကောက်ပွဲကို တရားမ၀င်သူတွေအနေနဲ့ မြင်သွားစေရေးကိုပဲ ဦးစားပေးလုပ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ပါတီရဲ့ နိုင်ငံရေးပန်းတိုင်ရောက်ရှိရေးကို ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီဆောင်ကျဉ်း ပေးသွားမယ်လို့ မျှော်လင့်ထားကြပါတယ်။ အတိုက်အခံနိုင်ငံရေးပါတီအနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းအပေါ်မှာ ပြည်သူလူထုက အားပေးထောက်ခံပြီး မဲမပေးပဲ နေခြင်း၊ ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းတွေ ပြုလုပ်လာမယ်လို့ ယူဆထားကြပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့လဲ ရွေးကောက်ပွဲကို အသိအမှတ်မပြုပဲ သံတမန်ရေးရာ ဖိအားတွေ ပြုလုပ်လာမယ်လို့ ယူဆထားကြပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားနဲ့ အမာခံလူထုအင်အား ပြည့်စုံတောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေကတော့ Fearonian သပိတ်အမျိုးအစားကို အသုံးပြုပါတယ်။ သပိတ်စုံ၊ သူပုန်ထနည်းလမ်းတွေကို အသုံးပြုပြီး လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲကို ပေါင်းစပ်အသုံးပြုပါတယ်။ Gandhian သပိတ်ခေါင်းဆောင်တွေနဲ့ မတူတဲ့ အချက်ကတော့ Fearonian သပိတ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲ legitimacy ကို စိန်ခေါ်ပြီး၊ လူထုနဲ့ နိုင်ငံတကာက သူ့ အလိုလို အကူအညီပေးလာမယ့် အချိန်ကို ထိုင်စောင့်နေသူများ မဟုတ်ပါဘူး။ ရွေးကောက်ပွဲသပိတ်နဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေကို အစိုးရဘက်က မလိုက်လျောရင် အစိုးရကို ဖြုတ်ချနိုင်မယ့် တော်လှန်ရေးလှုပ်ရှားမှုတွေအတွက်ကိုပါ ကြိုတင်ပြင်ဆင်တည်ဆောက်ပြီး စုဖွဲ့လေ့ရှိပါတယ်။ လူထုတရပ်လုံးပါဝင်လာမယ့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီးတွေကို ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းလေ့ရှိပါတယ်။ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို ပျက်ယွင်းစေနိုင်မယ့် အင်အားကို စုစည်းပြီးမှ အစိုးရရဲ့ တရားဝင်မှု ကို စိန်ခေါ်ခြိမ်းချောက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲသပိတ်နဲ့ ပတ်သက်ပြီး နောက်ထပ်ခွဲခြားမှု သဏ္ဍာန်တမျိုးကတော့ သပိတ်ကြီး (Major boycott) နဲ့ သပိတ်ငယ် (Minor boycott) ကွဲပြားမှု ဖြစ်ပါတယ်။ ရွေးကောက်ပွဲသပိတ်မှာ အတိုင်အခံနိုင်ငံရေးပါတီကြီးအပါအ၀င် အတိုက်အခံ အင်အားစုအများက ပါဝင်တယ်ဆိုရင် ဒါကို သပိတ်ကြီးလို့ ခေါ်ဆိုနိုင်ပါတယ်။သပိတ်ကြီးမှာ များသောအားဖြင့် အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုအပါအ၀င် နိုင်ငံရေးပါတီငယ်များ၊ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လေ့ရှိပေမယ့် နိုင်ငံရေးအဖွဲ့အစည်းအားလုံးက ညီညီညွတ်ညွတ် စုပေါင်းဆင်နွှဲတဲ့ (Unified opposition election boycott) ကတော့ အတော်ရှားပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းကြီးတွေ အားလုံးက သပိတ်မှောက်ရေးကို သဘောတူညီခဲ့ရင်တောင် အစိုးရရဲ့ အာဏာစက်ကို မလွန်ဆန်နိုင်တဲ့ ပါတီငယ်လေးတွေနဲ့ နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေဦးမှာ ဖြစ်လို့ပါပဲ။ တကယ်လို့ နိုင်ငံရေးပါတီငယ်လေးတွေနဲ့ တဖွဲ့စီပျံ့ကျဲနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ရွေးကောက်ပွဲကို သပိတ်မှောက်တာဆိုရင်တော့ ဒါကို သပိတ်ငယ်လို့ သတ်မှတ်လေ့ရှိပါတယ်။

၁၉၉၀ နောက်ပိုင်းကာလ ကမ္ဘာတ၀ှမ်းမှာ ပေါ်ပေါက်ခဲ့တဲ့ ရွေးကောက်ပွဲသပိတ်တွေမှာ ဒီလို ကွဲပြားတဲ့ သပိတ်အမျိုးအစားသဏ္ဍာန်တွေကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ (၁၉၉၀) မှာ ဖြစ်ပွားခဲ့တဲ့ အီဂျစ်ရွေးကောက်ပွဲသပိတ်နဲ့ ၁၉၈၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဂျမေကာ ရွေးကောက်ပွဲသပိတ်တွေမှာ အတိုက်အခံနိုင်ငံရေးပါတီအများစုက ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ရေးကို ငြိမ်းချမ်းစွာနဲ့ပဲ ငြင်းဆန်ခဲ့ကြတဲ့အတွက် Major, Gandhian သပိတ် အမျိုးအစား အဖြစ် သတ်မှတ်နိုင်ပါတယ်။ (၁၉၉၃) ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပါကစ္စတန်ရွေးကောက်ပွဲကို MOM က သပိတ်မှောက်မှုကိုတော့ Minor, Gandhian သပိတ်အမျိုးအစား အဖြစ်ပဲ သတ်မှတ်နိုင်ပါတယ်။ အရွယ်အစားနဲ့ လူအင်အားအရ ကြီးမားပေမယ့် ရွေးကောက်ပွဲသပိတ်မှောက်မှုမှာ တနိုင်ငံလုံးအရေးကို တောင်းဆိုခြင်းမရှိပဲ အုပ်စုတစုအခွင့်အရေးကိုသာ တောင်းဆိုခဲ့တာကြောင့် သပိတ်ကြီးလို့ သတ်မှတ်လို့ မရနိုင်တာ ဖြစ်ပါတယ်။

သပိတ်ငယ်လေးတွေမှာ လက်နက်အင်အားသုံးဖြေရှင်းမှုနဲ့ ထိပ်တိုက်ရင်ဆိုင်တော်လှန်မှုတွေ ပါဝင်လာတဲ့အခါ Minor, Fearonian သပိတ်အမျိုးအစားလို့ သတ်မှတ်နိုင်ပါတယ်။ ဥပမာ- ၁၉၈၈ ခု၊ သီရိလင်္ကာ ရွေးကောက်ပွဲမှာတုန်းက ပါတီငယ်လေးတခုဖြစ်တဲ့ JVP ပါတီဟာ ရွေးကောက်ပွဲသပိတ်မှောက်ခြင်း၊ လုံခြုံရေးဝန်ထမ်းများ၊ အရပ်ဘက်ဝန်ထမ်းများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း စတာတွေ ပြုလုပ်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Cote d’Ivoire ရွေးကောက်ပွဲသပိတ်နဲ့ ၁၉၉၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲသပိတ်တွေမှာတော့ အစိုးရလက်ကိုင်ဒုတ်တွေနဲ့ ပြည်သူလူထုအကြား ထိပ်တိုက်ရင်ဆိုင်တဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် Major, Fearonian သပိတ် အမျိုးအစားလို့ သတ်မှတ်နိုင်ပါတယ်။

ရွေးကောက်ပွဲသပိတ်ရဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ ထိရောက်နိုင်မှုက ဦးဆောင်သူတွေ ကျင့်သုံးတဲ့ သပိတ်အမျိုးအစားပေါ်မှာ မူတည်ပါတယ်။

ရွေးကောက်ပွဲသပိတ်မှောက်ခြင်း၏ နိုင်ငံရေးအခင်းအကျင်း

ရွေးကောက်ပွဲသပိတ်မှောက်ခြင်းရဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို မဖော်ပြခင်မှာ ဒီမိုကရေစီနည်းလမ်းမကျပဲ အာဏာရယူထားတဲ့ အစိုးရတွေက ဦးဆောင်ပြီး ရွေးကောက်ပွဲကျင်းပရခြင်းရဲ့ အခြေခံသဘောတရားတွေကို လေ့လာသိရှိဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီ နည်းလမ်းမကျပဲ အာဏာရယူထားတဲ့ အစိုးရတွေဆိုတာ တိုင်းပြည်ရဲ့ အာဏာကို လက်နက်နဲ့ ခြိမ်းချောက်ပြီး သိမ်းပိုက်ရယူထားတဲ့ အစိုးရတွေနဲ့ မသမာနည်းလမ်းတွေအသုံးပြုပြီး ရွေးကောက်ပွဲမှာ အာဏာရယူထားတဲ့ အစိုးရတွေကို ဆိုလိုပါတယ်။ ဒီလို အစိုးရတွေအနေနဲ့ ရွေးကောက်ပွဲမကျင်းပပဲ အာဏာကို ဆက်လက်ထိန်းသိမ်းထားလို့ မရနိုင်ဘူးလားလို့ အချို့က ဆိုတတ်ကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ မကျင်းပပဲ အာဏာဆက်ယူထားတဲ့အခါ ပြည်တွင်း၊ ပြည်ပမှာ တရားဝင်မှု (legitimacy) မရတဲ့အတွက် နိုင်ငံရေး၊ သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေးတွေမှာ အခက်အခဲတွေ အများကြီး တွေ့ကြရပါတယ်။ အဆိုးဆုံးက ပြည်သူတွေက အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းမှုတွေပဲ ဖြစ်ပါတယ်။

ဒီအခါမှာ အစိုးရအနေနဲ့ ရွေးကောက်ပွဲ တခု ပြုလုပ်မလား၊ မလုပ်ဖူးလားဆိုတာကို စတင်တွက်ချက်လာရပါတယ်။ ရွေးကောက်ပွဲကို မလုပ်ရင် ပြည်သူတွေက တချိန်မဟုတ်တချိန်မှာ ဒီအစိုးရကို ဖြုတ်ချမှာ ဖြစ်ပါတယ်။ ဒီအတွက် ရွေးကောက်ပွဲကျင်းပပြီး၊ legitimacy ရလာနိုင်မယ့် အခွင့်အရေးကို အစိုးရဘက်က စတင်ကြိုးပမ်းလာလေ့ရှိပါတယ်။ ဒီလိုကျင်းပတဲ့အခါမှာ လွတ်လပ်ပြီး၊ တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပဖို့ ကြိုးပမ်းတဲ့ အစိုးရဆိုတာကတော့ အတော်ကို ရှားပါတယ်။ များသောအားဖြင့် အစိုးရပါတီ ကိုယ်တိုင် (သို့) အစိုးရခါးပိုက်ဆောင် ပါတီတွေ အနိုင်ရဖို့အတွက်ကိုပဲ နည်းမျိုးစုံနဲ့ ကြိုးပမ်းလေ့ရှိပါတယ်။ ဒါကို ပြည်သူတွေက မရိပ်မိတဲ့ အချိန်တွေနဲ့ ရိပ်မိပေမယ့် နိုင်ငံရေးနိုးကြားမှု ရေချိန်က လျော့ပါးနေတဲ့ အချိန်မျိုးမှာ ဆိုရင် ဒီရွေးကောက်ပွဲမှာ လူထုပါဝင်မှု ရာခိုင်နှုန်းမြင့်မားပြီး အစိုးရပါတီ (သို့) အစိုးရခါးပိုက်ဆောင်ပါတီတွေက အနိုင်ရသွားလေ့ရှိပါတယ်။ ဒီအခါမှာ ရွေးကောက်ပွဲအသစ်နဲ့ ပြန်ပြီး တက်လာတာ ဖြစ်တဲ့အတွက် legitimacy ရသွားနိုင်ပါတယ်။ နိုင်ငံရေးပညာရှင် Schedler ကတော့ ဒါကို electoral autocracy လို့ ခေါ်ဝေါ်သတ်မှတ်ခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ မူလအစိုးရ (သို့) ခါးပိုက်ဆောင်နိုင်ငံရေးပါတီက အနိုင်ရပြီး၊ legitimacy ရသွားတဲ့ အပေါ်မှာ လူအများကတော့ အစိုးရဘက်က နိုင်သွားပြီ၊ ပွဲပြီးသွားပြီလို့ တွက်ချက်တတ်ကြပါတယ်။ သို့ပေမယ့်လဲ ဒီလိုအခြေအနေမျိုးမှာ ပြည်သူလူထုနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေဘက်က အစိုးရကို ဖြုတ်ချနိုင်မယ့် အခွင့်အရေးတွေအားလုံး ဆုံးရှုံးသွားတာတော့ မဟုတ်ပါဘူး။ အတိုက်အခံနိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ စုစည်းပြီး အစိုးရရဲ့ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲအတု (fraudulent elections) ဖြစ်ကြောင်း၊ မဲခိုးမဲလိမ်ထားမှုများ ရှိကြောင်းကို သက်သေအထောက်အထားတွေနဲ့ လူထုကို ချပြနိုင်ခဲ့ရင် ပြည်တွင်းတရားဝင်မှု (domestic legitimacy) ကိုသာမက ပြည်ပတရားဝင်မှု (international legitimacy) ကိုပါ ချေဖျက်နိုင်ပါတယ်။ ဒီအခါမှာ အစိုးရရဲ့ ရွေးကောက်ပွဲစီမံကိန်း မျှော်လင့်ချက်တွေ ပျက်စီးသွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲသပိတ်တွေဟာ အစိုးရရဲ့ election fraud ကြောင့် ပေါ်ထွက်လာမယ့် coordination deficiencies တွေကို ကျော်လွှားပြီး၊ Point of coordination တခုကို လူထုကြားမှာ တည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီဆုံမှတ်ကနေ အစိုးရဆန့်ကျင်ရေး၊ ဖြုတ်ချရေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေး စတာတွေကို အဆင့်တိုးမြှင့် လုပ်ဆောင်လို့ ရပါတယ်။ ဒါပေမယ့်လဲ ဒီလိုလုပ်ဆောင်ဖို့အတွက် ရွေးကောက်ပွဲသပိတ် လုပ်နေစဉ်ကာလမှာကတည်းက ပြင်ဆင်မှု အခင်းအကျင်းတွေလိုအပ်ပါတယ်။

Major Fearonian Boycott ကို ဦးဆောင်ကြမယ့် အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ပြင်ဆင်သင့်တဲ့ နိုင်ငံရေးအခင်းအကျင်းပုံစံတွေ ရှိရပါမယ်။ ဦးဆောင်မယ့် အတိုက်အခံအဖွဲ့ဟာ နိုင်ငံရေးပါတီကြီးတခု ဖြစ်တယ်ဆိုရင် နိုင်ငံရေးပညာရှင် Olson က privileged group လို့ ခေါ်ဝေါ်သုံးစွဲခဲ့တဲ့ သပိတ်ခေါင်းဆောင် အုပ်စုတစုကို ဖွဲ့စည်းထားဖို့ လိုအပ်ပါတယ်။ ဒီအုပ်စုမှာ နိုင်ငံရေးပါတီကြီးမှ လုပ်ရည်ကိုင်ရည်ရှိတဲ့ ခေါင်းဆောင်များပါဝင်ပြီး သပိတ်ကြီးကို ဦးဆောင်ဆင်နွှဲရမှာ ဖြစ်ပါတယ်။ တကယ်လို့ နိုင်ငံရေးပါတီတခုတည်းကနေ သပိတ်ကို ဦးဆောင်နိုင်မယ့် စွမ်းဆောင်ရည် မရှိဘူးဆိုရင်တော့ ပျံ့ကျဲနေတဲ့ နိုင်ငံရေးအဖွဲ့ အစည်းတွေအားလုံးကို စုစည်းပြီး၊ နိုင်ငံရေး ပညာရှင် Shelling က k-group လို့ ခေါ်ဝေါ်သတ်မှတ်ခဲ့တဲ့ သပိတ်ခေါင်းဆောင် အုပ်စုကို ဖွဲ့စည်းထားဖို့ လိုအပ်ပါတယ်။ ဒီအုပ်စုထဲမှာ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ အတိုက်အခံနိုင်ငံရေး အဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်တွေ စုစည်းပြီး၊ သပိတ်ကြီးကို ဦးဆောင်ဆင်နွှဲရမှာ ဖြစ်ပါတယ်။ privileged group ပဲဖြစ်ဖြစ်၊ k-group ပဲ ဖြစ်ဖြစ် အုပ်စုတစုကတော့ ရွေးကောက်ပွဲမတိုင်မီ ကာလမှာကတည်းက ပေါ်ပေါက်နေဖို့ လိုအပ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲသပိတ်ရဲ့ အခရာဖြစ်ပါတယ်။ ရွေးကောက်ပွဲတွင်း ကာလမှာပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲလွန်ကာလမှာပဲ ဖြစ်ဖြစ် လူထုအရေးတော်ပုံကို အရှိန်မြှင့်ဦးဆောင်ရမယ့်အုပ်စုဖြစ်နေလို့ပါပဲ။

Major Gandhian boycott ကို ဦးဆောင်မယ့် နိုင်ငံရေးအဖွဲ့အစည်းတွေမှာလဲ အခင်းအကျင်းတွေ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ဒီသပိတ်သဏ္ဍာန်ကို ရွေးချယ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေဆီမှာ အစိုးရကို ဖြုတ်ချဖို့၊ တော်လှန်ဖို့ ဆန္ဒ မရှိတတ်ပါဘူး။ အဓိက နိုင်ငံရေးရည်မှန်းချက်က အစိုးရရဲ့ တရားဝင်မှုကို လူအများက အသိအမှတ် မပြုရေးပဲ ဖြစ်ပါတယ်။ ဒီလိုနိုင်ငံရေးရည်မှန်းချက် ပြည့်မှီရေးအတွက် ပရိသတ်နှစ်မျိုး လိုအပ်ပါတယ်။ ပထမတမျိုးက ပြည်တွင်းက ပြည်သူလူထုဖြစ်ပြီး၊ ဒုတိယတမျိုးက နိုင်ငံတကာ အသိုင်းအ၀ိုင်း ဖြစ်ပါတယ်။ ဒီပရိသတ်နှစ်မျိုးရဲ့ ထောက်ခံမှုကို ရယူနိုင်မယ့် နိုင်ငံရေးအခင်းအကျင်းကို ဖော်ဆောင်နိုင်မှသာ အစိုးရအား တရားမ၀င်အစိုးရအဖြစ် အသိအမှတ်ပြုအောင် ပြုလုပ်ခြင်း (de legitimizing the government) က အောင်မြင်မှာပါ။

ဒီသပိတ်အမျိုးအစားကို အသုံးပြုတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ လူထုထဲကို တတ်နိုင်သမျှ စိမ့်ဝင်ရောက်ရှိနေအောင် ကြိုးပမ်းဖို့ လိုပါတယ်။ ရွေးကောက်ပွဲအနိုင်ရရေး ကင်ပိန်းတခုကို လုပ်နေတဲ့ နိုင်ငံရေးပါတီကြီးတခုလိုပဲ တက်တက်ကြွကြွနဲ့ ရွေးကောက်ပွဲသပိတ်မှောက်ရေး ကင်ပိန်းကို တိုင်းပြည်တ၀ှမ်းလုံးမှာ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ သံတမန် ဆက်ဆံရေးအုပ်စုငယ်လေးတွေ ဖွဲ့စည်းပြီး၊ နိုင်ငံတွင်းမှာ ရောက်ရှိနေတဲ့ နိုင်ငံတကာသံရုံးများနဲ့ diplomatic channels တွေ ဖွင့်ရပါမယ်။ အစိုးရကို အားပေးကူညီနေတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုလဲ တရားမ၀င်အစိုးရအဖြစ် အသိအမှတ်ပြုလာအောင် ဆွဲဆောင်စည်းရုံးဖို့ လိုအပ်ပါတယ်။

ဘယ်လိုသပိတ်အမျိုးအစားကိုပဲ အသုံးပြုသည်ဖြစ်စေ၊ အရေးကြီးဆုံးကတော့ ဖြစ်ပေါ်နေဆဲ နိုင်ငံရေးအခြေအနေကို ထင်ဟပ်စေမယ့် နိုင်ငံရေးပန်းတိုင်ကို ချမှတ်ပြီး၊ ကိုက်ညီမယ့် သပိတ်အမျိုးအစားကို ရွေးချယ်နိုင်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ ရွေးကောက်ပွဲသပိတ်ကနေ လူထုလှုပ်ရှားမှုကြီးတွေ ပေါ်ပေါက်လာပြီး အစိုးရကို ဖြုတ်ချဖို့အထိ နိုင်ငံရေးပန်းတိုင် ချမှတ်ထားရင်တော့ Major Fearonian Boycott ကို ရွေးချယ်ဖော်ဆောင်ရမှာပါ။ ရွေးကောက်ပွဲကျင်းပတဲ့ အစိုးရနဲ့ ရွေးကောက်ပွဲရဲ့ တရားဝင်မှုကို လူထုနဲ့ နိုင်ငံတကာက အသိအမှတ်မပြုရေးဆိုတဲ့ နိုင်ငံရေးပန်းတိုင်ကို ချမှတ်ထားရင်တော့ Major Gandhian boycott ကို ရွေးချယ်ဖော်ဆောင်ရမှာပါ။ ဒီအမျိုးအစားနှစ်ခုကို ဖော်ဆောင်ရမယ့် နိုင်ငံရေးအခင်းအကျင်းတွေ မတူပါဘူး။

ရွေးကောက်ပွဲသပိတ်ပြုလုပ်ရခြင်းရဲ့ အခြေခံနိုင်ငံရေးပန်းတိုင်ကို တိတိကျကျ မဖော်ထုတ်ပဲနဲ့ သပိတ်ပြုလုပ်မှုတွေ ရှိလာခဲ့ရင် ပေါ်ထွက်လာတဲ့ နိုင်ငံရေးအခင်းအကျင်းတွေက Major Fearonian Boycott လိုလို၊ Major Gandhian boycott လိုလိုတွေ ဖြစ်ပြီး မရေမရာနဲ့ ထိရောက်မှု မရှိပဲ ဖြစ်တတ်ပါတယ်။ အစိုးရဖြုတ်ချရေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေးဆိုတဲ့ ကြွေးကြော်သံကို အော်ပြီး၊ ခင်းကျင်းနေတဲ့ နိုင်ငံရေးအခင်းအကျင်းက Major Gandhian boycott ကို ခင်းကျင်းနေရင် လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းသွားနိုင်ပါတယ်။ ရွေးကောက်ပွဲတရားဝင်မှုမရရှိရေးကို ဦးတည်ပြီး၊ ခင်းကျင်းနေတဲ့ နိုင်ငံရေး အခင်းအကျင်းက Major Fearonian Boycott ဖြစ်နေပြန်ရင်လဲ ဆင်တော်နဲ့ ခလောက်ဖြစ်ပြီး တပ်ကျွံတာတွေ၊ မလိုအပ်ပဲ အင်အားဖြုန်းတီးမိတာတွေ ဖြစ်တတ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲသပိတ်တိုင်းမှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအကျိုးဆက်တွေ ရှိစမြဲမို့ ရေတို၊ ရေရှည်နိုင်ငံရေး အကျိုးဆက်တွေကို ဆန်းစစ်ပြီး၊ သင့်လျော်မယ့် ရေတို၊ ရေရှည် နိုင်ငံရေးမူဝါဒတွေ ချမှတ်ထားဖို့လဲ လိုအပ်ပါတယ်။

ရွေးကောက်ပွဲသပိတ်၏ ရေတိုနိုင်ငံရေး အကျိုးဆက်များ

ရွေးကောက်ပွဲ သပိတ်အမျိုးအစားပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အကျိုးဆက်တွေကလဲ ကွဲပြားမှု ရှိပါတယ်။ Major boycott တွေကတော့ Minor boycott တွေထက် ပိုပြီး ကြီးမားတဲ့ နိုင်ငံရေးအကျိုးဆက်တွေ ရှိပါတယ်။ Major boycott မှာလဲ အစိုးရအုပ်ချုပ်ရေးယန္တရားကို တိုက်ရိုက်စိန်ခေါ်တဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ လူထုအရေးတော်ပုံ ပေါ်ထွက်ရေး၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ကြွေးကြော်သံတွေပါတဲ့ Major Fearonian Boycott ရဲ့ နိုင်ငံရေး အကျိုးဆက်တွေနဲ့ ရွေးကောက်ပွဲ အသိအမှတ်မပြုရေး ကြွေးကြော်သံတွေပါတဲ့ Major Gandhian boycottရဲ့နိုင်ငံရေးအကျိုးဆက်တွေက မတူညီပြန်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲသပိတ် အမျိုးအစားအားလုံးအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တရပ်ကတော့ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးတဲ့ လူဦးရေ ရာခိုင်နှုန်း နည်းနိုင်သမျှ နည်းစေဖို့ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပညာရပ်ကတော့ ရွေးကောက်ပွဲများ ပါဝင်မဲပေးမယ့် လူဦးရေ အရေအတွက်ကို voter turnout လို့ သုံးစွဲပါတယ်။ Fearonian boycott ကို ပြုလုပ်သူတွေကလဲ voter turnout နည်းပါးခြင်းအားဖြင့် အစိုးရကို ဆန့်ကျင်သူအရေအတွက် များကြောင်း သက်သေပြနိုင်တယ်လို့ ယူဆထားကြပါတယ်။ Gandhian boycott ကို ပြုလုပ်သူတွေကလဲ voter turnout နည်းပါးခြင်းအားဖြင့် အစိုးရက ကျင်းပတဲ့ ရွေးကောက်ပွဲရဲ့ တရားဝင်မှု (legitimacy) ကို လူထုက အသိအမှတ်မပြုကြောင်း သက်သေပြနိုင်တယ်လို့ ယူဆထားကြပါတယ်။ ဒါကြောင့် voter turnout နည်းပါးမှုဟာ ရွေးကောက်ပွဲသပိတ်ရဲ့ ရေတို နိုင်ငံရေး အကျိုးဆက် ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးဆုံးသွားချိန်မှာ ရွေးကောက်ပွဲသပိတ် ထိရောက်မှုရှိမရှိကို တိုင်းတာနိုင်တဲ့ နည်းလမ်းတခုလဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲသပိတ် ခေါင်းဆောင်များအနေနဲ့ voter turnout လျော့နေစေရေးကို လုပ်ငန်းစဉ်တရပ်အနေနဲ့ ထိထိမိမိ ပြုလုပ်နိုင်မှသာ ဒီရွေးကောက်ပွဲသပိတ်ဟာ ထိရောက်မှု ရှိပါတယ်။ ဒီလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် voter mobilization ပြုလုပ်ရပါတယ်။ ဒီလို ပြုလုပ်ရာမှာ နိုင်ငံရေးပါတီကြီးတွေကနေ ရွေးကောက်ပွဲမှာ ၀င်ပြီး မယှဉ်ပြိုင်တာနဲ့ ပါတီမှတ်ပုံတင်ပြီးမှ ရွေးကောက်ခံကိုယ်စားလှယ်က ပြန်ပြီး နှုတ်ထွက်ခြင်း (candidate withdrawl) ဆိုပြီး နည်းလမ်းနှစ်မျိုး ရှိပါတယ်။ ပထမတမျိုးက အစိုးရကို တိုက်ရိုက်စိန်ခေါ်ပြီး လူထုအကြားမှာ သတင်းစကား ပျံ့နှံ့သွားစေရေးအတွက် အသုံးဝင်ပါတယ်။ ဒုတိယတမျိုးက ရွေးကောက်ပွဲကို အသိအမှတ်ပြုသယောင်ယောင် ပြုလုပ်ပြီးမှ တရားမျှတမှု မရှိတာတွေကို ဖော်ထုတ်ပြီး နှုတ်ထွက်ခြင်း ပြုလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံရေးရေချိန်မြှင့်ဖို့ အသုံးဝင်ပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ ဒီလို voter mobilization ကို တဘက်က လုပ်နေစဉ်မှာပဲ ပြည်သူလူထုကို မဲမပေးပဲနေဖို့ စည်းရုံးလှုံ့ဆော်မှုတွေကလဲ တပြိုင်နက်တည်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။

voter turnout လျော့နည်းခြင်းဟာ အတိုက်အခံ နိုင်ငံရေးပါတီတွေက မီးမောင်းထိုးပြတဲ့ ရွေးကောက်ပွဲတရားမျှတမှုမရှိခြင်း၊ လွတ်လပ်မှုမရှိခြင်းတွေကို သက်သေထူနိုင်ရုံသာမက ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာက အပြည့်အ၀ ထောက်ခံ အားပေးမှုတွေကိုပါ လျော့ကျစေနိုင်ပါတယ်။ ရွေးကောက်ပွဲသပိတ်နဲ့ မဲပေးတဲ့ လူဦးရေ ရာခိုင်နှုန်း နည်းပါးမှု (low rates of voter turnout)ကို ပေါင်းစပ်နိုင်ခဲ့ရင် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် အစိုးရသစ်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို ဆောင်ကျဉ်းပေးနိုင်မယ့် အစိုးရမဟုတ်ဘူး ဆိုတာကို ပြည်သူလူထုနဲ့ နိုင်ငံတကာကို ချပြသွားနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ပြည်သူတွေကို မဲမပေး၊ မနေရလို့ အစိုးရက ကန့်သတ်ထိန်းချုပ်လာခဲ့ရင်တော့ ပေးရမယ့် မဲတွေကို ပယ်မဲတွေ ဖြစ်အောင် လုပ်ယူရမှာ ဖြစ်ပါတယ်။ (၁၉၆၀)၊ (၁၉၇၀) ကာလတွေတုန်းက အာဂျင်းတီးနားမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဒီနည်းလမ်းကို အသုံးပြုခဲ့ကြပါတယ်။

တပြိုင်နက်တည်းမှာပဲ voter turnout နဲ့ ပတ်သက်ပြီး အစိုးရတွေက ပြုလုပ်တတ်တဲ့ election fraud တွေကို စုံစမ်းဖော်ထုတ်ကြရပါတယ်။ voter turnout နည်းပါးခြင်းဟာ ရွေးကောက်ပွဲရဲ့ legitimacy ကို ကျဆင်းစေတယ်ဆိုတာကို အစိုးရကလဲ မသိတာ မဟုတ်ပါ။ ဒါကြောင့် အစိုးရနဲ့ ရွေးကောက်ပွဲရဲ့ သိက္ခာကို ထိန်းဖို့အတွက် voter turnout မြင့်မားအောင် နည်းမျိုးစုံနဲ့ မဲခိုး၊ မဲလိမ်တာတွေ လုပ်လေ့ရှိပါတယ်။ ဒါတွေကို ဖော်ထုတ်နိုင်ဖို့အတွက် မဲရုံကြီးကြပ်သူများကို စည်းရုံးသိမ်းသွင်းခြင်း၊ မဲဆန္ဒနယ်အလိုက် voting pattern စောင့်ကြည့်လေ့လာရေး အဖွဲ့များကို မြေပေါ်မြေအောက် အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားခြင်း၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့များနှင့် စာနယ်ဇင်းသမားများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စတာတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲသပိတ်တွေမှာ voter turnout နည်းပါးမှုကို လုပ်ငန်းစဉ်တရပ်အနေနဲ့ အကောင်အထည်ဖော်ကြရာမှာ ထိရောက်မှု ရှိတာတွေလဲ ရှိသလို မထိရောက်တာတွေလဲ ရှိပါတယ်။ ၁၉၉၂ခုနှစ်မှာ ဂါနာမှာ ဖြစ်ပွားခဲ့တဲ့ ရွေးကောက်ပွဲ သပိတ်ကြောင့် မဲပေးသူရာခိုင်နှုန်း ၅၀.၂ ကနေ ၂၃.၈ အထိ ကျဆင်းသွားခဲ့ဖူးပါတယ်။ ၁၉၉၆ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရွေးကောက်ပွဲသပိတ်ကြောင့် မဲပေးသူ သုံးဆယ့်လေး ရာခိုင်နှုန်း ကျဆင်းသွားခဲ့ဖူးပါတယ်။ ၂၀၀၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဘယ်လ်လားရပ်စ် ရွေးကောက်ပွဲသပိတ်မှာတော့ မဲပေးသူ ရာခိုင်နှုန်းက မကျဆင်းသွားခဲ့ပါဘူး။ ၁၉၉၂ ခုနှစ်နဲ့ ၁၉၉၇ ခုနှစ်တို့မှာ ဖြစ်ပွားခဲ့တဲ့ Cameroon ရွေးကောက်ပွဲ သပိတ်မှာတော့ မဲပေးသူ ရာခိုင်နှုန်းက မကျဆင်းပဲ တက်သွားခဲ့ပါတယ်။ (၁၉၉၀) ခုနှစ်ကနေ (၂၀၀၂) ခုနှစ်အတွင်း နိုင်ငံပေါင်း (၃၂) နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရွေးကောက်ပွဲသပိတ်မှောက်မှု ပေါင်း (၁၃၄) ခုကိုလဲ ပညာရှင်တွေက လေ့လာဆန်းစစ်ခဲ့ကြဖူးပါတယ်။ ဒီလိုလေ့လာဆန်းစစ်ချက်တွေအရ ရွေးကောက်ပွဲသပိတ်မှောက်မှုဟာ voter turnout ရာခိုင်နှုန်းကို ပျမ်းမျှ ၅.၄ ရာခိုင်နှုန်းအထိ လျော့ကျ စေနိုင်ပါတယ်။ ဒါကြောင့် voter turnout လျော့နည်းမှုဟာ ရွေးကောက်ပွဲ သပိတ်မှောက်မှုရဲ့ရေတိုနိုင်ငံရေးအကျိုးဆက်လို့ဆိုနိုင်ပါတယ်။

ရွေးကောက်ပွဲ သပိတ်မှောက်မှုရဲ့ နောက်ထပ် ရေတိုနိုင်ငံရေးအကျိုးဆက်တခုကတော့ Election-related violence ပါ။ တကယ်တော့ ရွေးကောက်ပွဲဆိုတာက ပါဝါခွဲဝေမှုတွေကို violence နည်းလမ်းတွေ မသုံးပဲ ပြုလုပ်ပေးတဲ့ alternative mean တခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဒီ ရွေးကောက်ပွဲအချိန်မှာမှ violence affairs တွေက ပေါ်ထွက်လာရပြန်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာပါ။ ၂၀၀၂ ခုနှစ်၊ အယ်လ်ဂျီးရီးယား ရွေးကောက်ပွဲအချိန်မှာတုန်းက လူပေါင်း ၃၉၀ သေဆုံးခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ ဗုံးပေါက်ကွဲမှုတွေလဲ ဖြစ်ပွားလေ့ရှိပါတယ်။ ၁၉၉၂ ခုနှစ် ပီရူးနိုင်ငံ ရွေးကောက်ပွဲ၊ ၁၉၉၄ခုနှစ် တောင်အာဖရိက ရွေးကောက်ပွဲ၊ ၁၉၉၆ခုနှစ် အိန္ဒိယ ရွေးကောက်ပွဲနဲ့ ၂၀၀၀ ခုနှစ် ဟေတီ ရွေးကောက်ပွဲ ကာလတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရွေးကောက်ပွဲရုံတွေမှာ ပျက်စီးစေမှုနဲ့ ပါတီတွေ အချင်းချင်း အမတ်လောင်းတွေကို လုပ်ကြံသတ်ဖြတ်မှုတွေလဲဖြစ်ပွားလေ့ရှိပါတယ်။

ရွေးကောက်ပွဲသပိတ်တွေနဲ့ ပတ်သက်တဲ့ election-related violence ကို လျှော့ချနိုင်ဖို့အတွက် ရွေးကောက်ပွဲသပိတ်ဦးဆောင်သူတွေက ကြိုးပမ်းတာတွေလဲ ရှိပါတယ်။ (၁၉၈၃) ခုနှစ်၊ ဂျမေကာ ရွေးကောက်ပွဲမှာတုန်းက သပိတ်ဦးဆောင်တဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်က သပိတ်မှောက်သူများမှ စည်းကမ်းရှိကြရန်နဲ့ အကယ်၍ အစိုးရဘက်မှ စတင်ပြီး အကြမ်းဖက်လာပါက သူ့ဆီက စကားသံမကြားရပဲ မည်သူမျှ ပြန်လည်တုန့်ပြန်ခြင်း မပြုရန် စတဲ့ အချက်တွေကို သပိတ်ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။ election-related violence ဖြစ်ပေါ်လာရခြင်းကို လေ့လာခဲ့တဲ့ နိုင်ငံရေးပညာရှင် Wilkinson ဆိုသူကတော့ election-related violence ဟာ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ တိုက်ရိုက်မပတ်သက်ပဲ နိုင်ငံတော်အစိုးရတွေနဲ့သာ ပတ်သက်တယ်လို့ ဆိုထားခဲ့ပါတယ်။ ရွေးကောက်ပွဲ သပိတ်မှောက်သူတွေဘက်က ဘယ်လောက်ပဲစည်းကမ်းရှိရှိ၊ အစိုးရဘက်တော်သားတွေက election-related violence ဖြစ်အောင် စတင်ပြုလုပ်လာမှာပဲလို့ သူက ရေးသားဖော်ပြခဲ့ပါတယ်။

သူ့အဆိုနဲ့ ပတ်သက်ပြီး နိုင်ငံပေါင်း များစွာက election-related violence တွေကို ပညာရှင်တွေက လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ ဒီဆန်းစစ်ချက်တွေအရ နိုင်ငံအနည်းငယ်မှာသာ အတိုက်အခံနိုင်ငံရေးသမားတွေက စတင်ပြုလုပ်တဲ့ election-related violence တွေ ရှိခဲ့ပြီး၊ များသောအားဖြင့်ကတော့ ငြိမ်းချမ်းစွာ သပိတ်မှောက်သူများကို အစိုးရဘက်က စတင်ပြီး violence လုပ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံပေါင်းလေးဆယ်ကျော်က ရွေးကောက်ပွဲတွေကို လေ့လာခဲ့တဲ့ ဆန်းစစ်ချက်တခုအရ election-related violence ကို အတိုက်အခံတွေဘက်က စတင်ခဲ့တာက ၁၁ ရာခိုင်နှုန်းရှိပြီး၊ အစိုးရတွေဘက်က စတင်ဖော်ဆောင်ခဲ့တာက ၈၉ ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲသပိတ်ရဲ့ ရေတိုနိုင်ငံရေးအကျိုးဆက်ဟာ election-related violence လို့ ဆိုနိုင်ပေမယ့် election-related violence ဟာ ရွေးကောက်ပွဲသပိတ်မှောက်တဲ့ အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းများကြောင့် ဖြစ်ပွားရတယ်လို့တော့ သေချာတပ်အပ် မဆိုနိုင်ပါဘူး။

ရွေးကောက်ပွဲသပိတ်၏ ရေရှည်နိုင်ငံရေး အကျိုးဆက်များ

ရွေးကောက်ပွဲ သပိတ်တွေတိုင်းမှာ ရေရှည်နိုင်ငံရေးအကျိုးဆက်တွေ ရှိပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဖြစ်စဉ်ပေါ်မှာ သက်ရောက်မှုတွေ ရှိပါတယ်။ ရွေးကောက်ပွဲသပိတ်တွေ ပြုလုပ်တဲ့အခါမှာ ရွေးကောက်ပွဲ အဂါင်္ရပ်တွေဖြစ်တဲ့ တရားမျှတမှုနဲ့ လွတ်လပ်မှုရဲ့ တန်ဖိုးတွေ၊ မဲခိုးမဲလိမ်မှုများ လျော့နည်းပပျောက်ရေး စတာတွေကို ပြည်သူအများက နားလည်သိရှိလာကြပါတယ်။ ဒါတွေဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။

နိုင်ငံရေးပညာရှင် Dahl က တိုင်းပြည်တခုမှာ

(၁) အဖွဲ့အစည်းနှင့် အသင်းအပင်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိခြင်း၊ ပါဝင်လှုပ်ရှားခွင့်ရှိခြင်း
(၂) မိမိတို့၏ ယုံကြည်ချက်၊ အယူအဆများကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိခြင်း
(၃) မဲပေးခွင့် ရှိခြင်း
(၄) နိုင်ငံရေးခေါင်းဆောင်များမှ လွတ်လပ်စွာ စည်းရုံးနိုင်ခွင့်ရှိခြင်း
(၅) မီဒီယာစာနယ်ဇင်းများ အားကောင်းခြင်း
(၆) လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ပြုလုပ်ကျင်းပခြင်း
(၇) လူထုမှ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ အစိုးရမူဝါဒများ ချမှတ်ရေးသားခြင်း
စတဲ့ အချက်တွေပြည့်စုံနေမယ်ဆိုရင် ဒီတိုင်းပြည်ကို ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ တိုင်းပြည်လို့ ဆိုနိုင်ကြောင်း ရေးသားဖော်ပြထားခဲ့ပါတယ်။

ရွေးကောက်ပွဲတွေ ပြုလုပ်တိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုလို့ မဆိုနိုင်ပေမယ့် ဒီမိုကရေစီစနစ် ကျင့်သုံးဖို့အတွက်ကတော့ စစ်မှန်တဲ့ ရွေးကောက်ပွဲကတော့ ဒီမိုကရေစီစနစ်ကျင့်သုံးဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ essential condition တခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းဟာ ရေရှည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် အရေးပါတဲ့ နိုင်ငံရေးအကျိုးဆက်တွေ ရှိစေပါတယ်။

ရွေးကောက်ပွဲသပိတ်တွေဟာ အစိုးရတွေကို အနည်းနဲ့ အများ ဖိအားစပေးလာနိုင်ပါတယ်။ ရွေးကောက်ပွဲသပိတ်နောက်မှာ လူထုအင်အားပါတယ်ဆိုရင်တော့ အစိုးရကို ဖိအားပေးနိုင်ရုံသာမက ထိပ်တိုက်ရင်ဆိုင် ဖြုတ်ချမှုကိုပါ ပြုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ကလဲ ရွေးကောက်ပွဲရဲ့ true colour ကို ရိပ်မိသိရှိသွားနိုင်ပါတယ်။ ပြည်တွင်းပြည်သူလူထုကိုလဲ ရွေးကောက်ပွဲသဘောတရားနဲ့ ဒီမိုကရေစီသဘောတရားတွေကို Public awareness ရှိလာအောင် လုပ်လိုက်ပြီးသား ဖြစ်သွားပါတယ်။

တပြိုင်နက်တည်းမှာပဲ အတိုက်အခံနိုင်ငံရေးပါတီများအနေနဲ့ လူထုပညာပေးရေးနဲ့ လူထုစည်းရုံးရေးကိုသာ စနစ်တကျ လုပ်နိုင်မယ်ဆိုရင် အစိုးရတိုက်ထားတဲ့ ၀ါဒမှိုင်းလုံး ကန့်လကာတွေကို တလွှာချင်း ခွာချနိုင်လာပါတယ်။ ဒါတွေဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု (Political Reform) ကို ဦးတည်သွားစေနိုင်ပါတယ်။ (၁၉၉၇) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲသပိတ်ကြောင့် အာဏာရှင် ဆူဟာတို နှုတ်ထွက်သွားရပြီး၊ တိုင်းပြည်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်လာခဲ့ပါတယ်။ (၂၀၀၀) ခုနှစ်က Azerbaijan မှာ ဖြစ်ပွားခဲ့တဲ့ ရွေးကောက်ပွဲသပိတ်ကြောင့် အတိုက်အခံနိုင်ငံရေးပါတီတွေကို ဥပဒေပြင်ပ ပါတီတွေအဖြစ် ကြေငြာထားခြင်းကို အစိုးရက ရုတ်သိမ်းပေးခဲ့ရပါတယ်။ ရွေးကောက်ပွဲအလွန်ကာလမှာလဲ အခြားသပိတ်တိုက်ပွဲတွေကို အရှိန်မပျက် ဆက်လက် ဆောင်ရွက်ခဲ့ကြတဲ့အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများစွာကို အစိုးရက လုပ်ပေးခဲ့ရပါတော့တယ်။

ရွေးကောက်ပွဲအလွန် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပညာရှင်များက လေ့လာဆန်းစစ်ခဲ့ကြရမှာ ရွေးကောက်ပွဲသပိတ်မရှိပဲ ပြုပြင်ပြောင်းလဲမှု ရှိခဲ့တဲ့ နိုင်ငံတွေက လေးရာခိုင်နှုန်းရှိပြီး၊ ရွေးကောက်ပွဲသပိတ်အပြီးမှာ ပြုပြင်ပြောင်းလဲမှု ရှိခဲ့တဲ့ နိုင်ငံတွေက နှစ်ဆယ့်သုံးရာခိုင်နှုန်း ရှိပါတယ်။ ဒီကိန်းဂဏာန်းတွေအရ ရွေးကောက်ပွဲသပိတ်ရဲ့ ရေရှည်နိုင်ငံရေးအကျိုးဆက်ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလို့ ရာနှုန်းပြည့်မဆိုနိုင်ပေမယ့် ရွေးကောက်ပွဲ သပိတ်ရှိလာခြင်းက သပိတ်မရှိခြင်းထက် ပိုပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ပြုလုပ်ပေးနိုင်တယ်လို့ ဆိုနိုင်ပါတယ်။

ပေါ်ထွက်လာတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကလဲ များသောအားဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အကျိုးကျေးဇူးတွေ ပိုများလာလေ့ရှိပါတယ်။ ၁၉၉၇ ခုနှစ်၊ အင်ဒိုနီးရှား ရွေးကောက်ပွဲသပိတ်အပြီးမှာ ရွေးကောက်ပွဲဥပဒေနဲ့ သမ္မတ အာဏာဆိုင်ရာ ပြောင်းလဲမှုတွေ ထွက်ပေါ်လာပါတယ်။ ၂၀၀၀ခုနှစ်၊ ဟေတီး ရွေးကောက်ပွဲသပိတ်အပြီးမှာ ရွေးကောက်ပွဲစီမံခန့်ခွဲရေး အဖွဲ့အစည်းတခု ထွက်ပေါ်လာပါတယ်။ ၁၉၉၆ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသပိတ်အပြီးမှာ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေ မတိုင်မီမှာ ကြားနေအိမ်စောင့်အစိုးရကို ကြိုတင်ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေထွက်လာပါတယ်။ ၁၉၉၇ ခုနှစ်၊ Mauritania ရွေးကောက်ပွဲသပိတ်အပြီးမှာ နိုင်ငံရေးပါတီများမှ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခွင့် ဘတ်ဂျက်ချမှတ်ခြင်း၊ proportional representation electoral system ကို အသုံးပြုခြင်း စတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အစိုးရက ပြုလုပ်ပေးခဲ့ရပါတယ်။

နိဂုံး

နိုင်ငံတနိုင်ငံမှာ ရွေးကောက်ပွဲ သပိတ်တွေ ပေါ်ထွက်လာတဲ့အခါ လူအများကြားမှာ ရေပန်းစားတဲ့ ဆွေးနွေးချက်လေး တခု ရှိပါတယ်။ ရွေးကောက်ပွဲဟာ ထိရောက်မှု ရှိပါသလားဆိုတဲ့ ဆွေးနွေးချက်ပါ။ ဆွေးနွေးကြရင်းနဲ့ ထိရောက်မှုရှိတယ်၊ မရှိဘူး ဆိုပြီး ငြင်းခုန်နေမှုတွေလဲ ရှိတတ်ပါတယ်။ တကယ်တမ်းကျတော့ အလုပ်တခု ထိရောက်မှု ရှိမရှိဆိုတာက အဲဒီအလုပ်ရဲ့ ရည်မှန်းချက် ပန်းတိုင်နဲ့ လုပ်ဆောင်ပုံနည်းလမ်း ရွေးချယ်မှုတွေပေါ်မှာပဲ မူတည်ပါတယ်။ မီတာ (၁၀၀) ပြေးပွဲရဲ့ ပန်းတိုင်တွေ၊ လေ့ကျင့်ပြင်ဆင်ဆောင်ရွက်ပုံတွေနဲ့ မာရသွန်ပြေးပွဲရဲ့ ပန်းတိုင်တွေ၊ လေ့ကျင့်ပြင်ဆင်ဆောင်ရွက်ပုံကတော့ တူညီမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲသပိတ်မှာလဲ ဒီအတိုင်းပါပဲ။ ရွေးကောက်ပွဲသပိတ်ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ပန်းတိုင်က အစိုးရရဲ့ တရားဝင်မှုကို ပြည်သူလူထုနဲ့ နိုင်ငံတကာက အသိအမှတ်မပြုအောင် ပြုလုပ်ခြင်းလား (သို့မဟုတ်) ရွေးကောက်ပွဲမှာ voter turnout နည်းအောင် ပြုလုပ်ခြင်းလား (သို့မဟုတ်) ရွေးကောက်ပွဲသပိတ်ကို အသုံးပြုပြီး လူထုလှုပ်ရှားမှုတွေ ဖော်ဆောင်ရာကနေ အစိုးရဖြုတ်ချရေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို အရှိန်မြှင့်ရေးအတွက်လား ဆိုတာက ကြိုတင် ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ဒါမှလဲ သင့်လျော်မယ့် နိုင်ငံရေးအခင်းအကျင်း သဏ္ဍာန်ကို ပြင်ဆင်တည်ဆောက်ပြီး အကောင်အထည်ဖော်နိုင်မှာပါ။ ထိရောက်မှုရှိမရှိဆိုတာကိုတော့ နောက်ဆုံးမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲသပိတ်ရဲ့ မူလက ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာ ရောက်နိုင်ခြင်း ရှိမရှိဆိုတာနဲ့ပဲ တိုင်းတာကြရမှာဖြစ်ပါတယ်။

ခင်မမမျိုး (၉၊ ၉၊ ၂၀၁၀)


ရည်ညွှန်းကိုးကား။

Ahmed, Nizam (2001) 'Bangladesh. Elections in Asia and the Pacific: A Data Handbook- Vol. 1', Middle East, Central Asia, and South Asia, Dieter Nohlen, Florian Grotz, and Christof Hartmann (eds), Oxford: Oxford University Press.

Bratton, Michael & Nicholas van de Walle (1992) Democratic Experiments in Africa: Regime Transitions in Comparative Perspective, Cambridge: Cambridge University Press.

Bratton, Michael (1998) 'Second Elections in Africa', Journal of Democracy 9, no.3: 18- 33.

Crain, Mark, Donald R. Leavens & Lynn Abbot (1987) 'Voting and Not Voting at the Same Time', Public Choice, 53: 221-9.

Dahl, Robert A. (1971) Polyarchy: Participation and Opposition, New Haven: Yale University Press.

Huntington, Sammuel P. (1991) The Third Wave: Democratization in the Late Twentieth Century, Norman; London: University of Oklahoma Press.

Hyde, Susan Dayton & Emily Beaulieu. (2004) 'Election Boycotts, Election Observers, and Competition: Do international election observers give parties an incentive to boycott elections?', Presented at the American Political Science Association, annual meeting in Chicago.

Mainwaring, Scott & Timothy R. Scully. (1995) Building Democratic Institutions: Party Systems in Latin America, Stanford: Stanford University Press.

Nelson, Michael H. (2001) Thailand. Elections in Asia and the Pacific: A Data Handbook, Vol. II- South East Asia, East Asia, and the South Pacific, iDieter Nohlen, Florian Grotz & Christof Hartmann (eds) Oxford: Oxford University Press.

Pastor, Robert (1998) 'Mediating Elections', Journal of Democracy 9, no.1: 154-63.

Schedler, Andreas (2002) 'Elections without Democracy: The Menu of Manipulation', Journal of Democracy 13, no.2.

Schelling, Thomas C. (1978) Micromotives and Macrobehavior, New York: W.W. Norton & Company.