Friday, September 10, 2010

စစ်အစိုးရပိုင် သတင်းစာများတွင် ပဲခူးမြို့ရှိ လူငယ် နှစ်ဦးအား သတ်ဖြတ်မှု ကို လွဲမှားစွာ ဖော်ပြ

အသက် ၁၉ နှစ် အရွယ်ရှိ မောင်စိုးပိုင်ဇော် နှင့် အသက် ၂၃ နှစ် အရွယ်ရှိ မောင်အောင်သူဟိန်း တို့ နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှု ကျူးလွန်သူ လုံခြုံရေး အရာရှိ နှင့် စစ်သည်များအား အရေးယူမည် ဖြစ်ကြောင်း စစ်အစိုးရပိုင် ယနေ့ထုတ် မြန်မာ့အလင်း နှင့် ကြေမုံ သတင်းစာများတွင် ဖော်ပြထားသည်။ သို့သော် အမှုဖြစ်စဉ် အကြောင်းအရာများကို ထိုသတင်းစာများတွင် ကွဲလွဲစွာ ရေးသားထားသည်ကို တွေ့ရှိရသည်။

ထိုသတင်းစာများတွင် ဖော်ပြထားသော အမှု ဖြစ်စဉ်မှာ ပဲခူးဘူတာ လုံခြုံရေး တာဝန်ယူ ထားသည့် တပ်ဖွဲ့မှ အရာရှိ တစ်ဦး နှင့် အခြား တပ်မှ အရာရှိ တစ်ဦးတို့သည် ဘီယာ သောက်ပြီး ဆိုင်ကယ် ကယ်ရီဖြင့် ဘူတာသို့ ပြန်လာစဉ် စက်တင်ဘာ ၄ ရက်ည ၁၀ နာရီ ၀န်းကျင်တွင် ပဲခူးမြို့မှ လူငယ် ၇ ဦး စီးနင်း လိုက်ပါ လာသည့် သုံးဘီး ဆိုင်ကယ် နှင့် ပွတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပွတ်တိုက် မှုကြောင့် ဆိုင်ကယ် လဲသွားစဉ် လူငယ် ၇ ဦး နှင့် အရာရှိ နှစ်ဦးတို့ ခိုက်ရန် ဖြစ်ပွား ခဲ့ကြောင်း၊ လူငယ် ၇ ဦးမှာ အရက်သေစာ သောက်စား ထားကြောင်း ၊ ထို့နောက် အဖော်ပါလာသူ အရာရှိသည် ထွက်ပြေးပြီး ပဲခူး ဘူတာရှိ လုံခြုံရေး စစ်သည်များအား သွားရောက် အကြောင်းကြားခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ အရာရှိ နှင့်အတူ လုံခြုံရေး စစ်သည် ၄ ဦး ပြန်လည် ရောက်ရှိ လာရာ မြလမ်း ထိပ်တွင် အခင်းဖြစ်ရာ၌ ပါဝင်ခဲ့သည့် လူငယ် ၇ ဦး နှင့် ပြန်လည် ဆုံတွေ့ကာ ထပ်မံ ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း ၊ လုံခြုံရေး စစ်သည် တစ်ဦးက သေနတ်ဖြင့် ပစ်ခတ် ခဲ့သည့် အတွက် မောင်စိုးပိုင်ဇော် (၁၉နှစ်) နှင့် မောင်အောင်သူဟိန်း (၂၃နှစ်) တို့ သေနတ် ထိမှန် ဒဏ်ရာရရှိ သေဆုံးခဲ့ကြောင်း မှားယွင်းစွာ ဖော်ပြထားသည်ကို တွေ့ရှိရသည်။

သေဆုံး ခဲ့သည့် လူငယ် နှစ်ဦးအား စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ဆင်ဖြူကွင်း သုသာန်၌ င်္သဂြိုဟ် ခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း သေဆုံးသူ လူငယ် နှစ်ဦး၏ မိသားစုဝင်များအား သွားရောက် တောင်းပန်ခဲ့ကြောင်း နှင့် ယခုဖြစ်စဉ် နှင့် ပတ်သက်၍ နောက်ကွယ်မှ လှုံ့ဆော်မှုများကိုလည်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တို့ပါ ဖော်ပြထားသည်။

အထူး

source by : http://www.hanthawaddy.org