Monday, September 6, 2010

“သေနတ်သံကြားတိုင်း အသက်စွန့်သွားတဲ့ညီအကိုများအတွက် တစ်သက်တစ်ကမ္ဘာမကြေ”

“မောင်ကျောင်းသား”

ကြားလိုက်ရပြန်ပြီ..၊ ပစ်သတ်လိုက် ကြပြန်ပြီတဲ့၊ ပဲခူးမှာ စစ်တပ်က ပစ်သတ်လို့ အပြစ်မဲ့ ကျောင်းသားလူငယ်နှစ်ယောက် သေဆုံးရပြန်ပြီတဲ့၊ အကြောင်းအရာ အပြည့်အစုံ မဖတ်ရခင် သတင်းခေါင်းစဉ်မှာတင် တောက်ခေါက်၊ အသားတဆတ်ဆတ် တုန်နေအောင် ဒေါသထွက် ခံစားလိုက် ရပါတယ်၊နိုင်နေတယ်ဆိုပြီး ထင်တိုင်း ကြဲနေလိုက်တာကွာ၊ စစ်အာဏာရှင်တွေရဲ့ အောက်မှာ ငါတို့ပြည်သူတွေ ကျောင်းသားတွေရဲ့အသက်ဟာ တိရိတ္ဆာန်တွေလောက်မှ တန်ဘိုး မရှိတော့ဘူးလား၊ ဥပဒေမဲ့ သတ်ချင်တိုင်း သတ်နေတာကို ငါတို့ ကျောင်းသားလူငယ်တွေ ဒီလိုပဲ ငြိမ်ခံနေကြတော့မှာလား ။

ဖြစ်စဉ်က ၄.၉.၂၀၁၀ရက် စနေနေ့ ည၁၂နာရီလောက်မှာ၊ ပဲခူးမြို့လယ်ခေါင် ဇိုင်းဂနိုင်းတောင်ပိုင်းမှာရှိတဲ့ “ကယ်လီဖိုးနီးယား”ကာရာအိုကေဆိုင်ကနေမူးပြီး ထွက်လာတဲ့ ခလရ-၅၉ (ပဲခူးဘူတာ လုံခြုံရေးယူထားတဲ့ နယ်မြေခံတပ်)က အရာရှိနှစ်ယောက် ငှားစီးတဲ့ ဆိုင်ကယ်နဲ့ ကျောင်းသားလူငယ် ငါးယောက်စီးလာတဲ့ သုံးဘီးဆိုင်ကယ် (ပဲခူးအခေါ်တုတ်တုတ်) ချိတ်မိ စကားများ ရန်ဖြစ်ကြရာက စစ်ဗိုလ်နှစ်ယောက်က ပါလာတဲ့ စကားပြောစက်နဲ့ သိပ်မဝေးတဲ့ တပ်အထိုင်ရှိရာ ပဲခူးဘူတာက စစ်သားတွေကို လှမ်းခေါ်လိုက်ပြီး ချက်ခြင်းလို ရောက်လာချိန်မှာ ပစ်မိန့်ပေးခဲ့လို့ စစ်သားတွေက အချက်ပေါင်းများစွာ ပစ်ခတ်ရာက လက်နက်မဲ့ ကျောင်းသား လူငယ်နှစ်ယောက်ဖြစ်တဲ့ မောင်စိုးပိုင်ဇော်(၁၈)နှစ်နဲ့ မောင်အောင်သူဟိန်း (၂၂)နှစ် တို့ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ပဲခူးမြို့ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊ မင်္ဂလာလမ်း၊ အိမ်အမှတ်၂၀၀နေ အဘဦးမြတ်သူရဲ့ သား မောင်အောင်သူဟိန်းက ၆ချက် ထိမှန်ပြီး ဇိုင်းဂနိုင်း(တောင်) ရပ်ကွက်၊မြလမ်း၊အိမ်အမှတ် ၁၇၇နေ အဘဦးဟုတ်ကြည်ရဲ့သား မောင်စိုးပိုင်ဇော်က ၄ချက် ထိမှန်ခဲ့ပါတယ်၊မြလမ်းထိပ်မှာပဲ ပစ်ခတ်မှု ဖြစ်တာဖြစ်ပြီး သွေးသံတရဲ ရဲလမ်းမပေါ်လဲကျသွားကြချိန်မှာ စစ်သားတယောက်က“ စစ်တပ် ကိုစမ်းချင်တဲ့ကောင် စမ်း သေချင်းဆိုးနဲ့ သေသွားမယ်” လို့ ကြိမ်းမောင်းအော်ဟစ်ပါတယ်၊ ရဲတွေရောက်လာချိန်မှာ စစ်တပ် ကရှောင်ထွက်သွားပြီး ဘယ်သူမှ ထွက်ကြည့်လို့မရအောင် ရဲတွေက ပိတ်ဆို့ပေးထားပါတယ် ၊ အလောင်းကို ဆေးရုံသယ်တာ တောင် ကောင်းကောင်းမွန်မွန် ဆေးရုံကားနဲ့မသယ်ပဲ ဆိုက္ကားနဲ့ဖြစ်သလိုသယ်ခဲ့ပါတယ် ။

၅.၉.၂၀၁၀ နေ့မှာ ချက်ချင်း အသုဘစီစဉ်ဘို့ အာဏာပိုင်တွေက ဖိအားပေးခဲ့ပါတယ်၊ မိဘတွေ အဝေးရောက်နေလို့ ပြန်လာချိန်ရအောင် စောင့်ခွင့်ပေးပါ၊ အိမ် ပြန်သယ်ခွင့် ပေးပါလို့ သက်ဆိုင်ရာ မိသားစုဝင်တွေက အာဏာပိုင်အဆင့်ဆင့်ဆီ ခွင့်တောင်းခဲ့ပေမဲ့ (မတရားသတ်ဖြတ်မှုကို ဖုံးကွယ်ချင်တဲ့ အာဏာပိုင်တွေရဲ့ထုံးစံအတိုင်း) အလောင်းကိုတော့ အိမ်ပြန်သယ်ခွင့် မပြုခဲ့ပါဘူး၊ ပဲခူးတမြို့လုံး အုတ်အော်သောင်းနင်းဖြစ်ပြီး ထောင်ဂဏန်းရှိမဲ့လူထုက ပဲခူးဆေးရုံ ရင်ခွဲရုံကို သတင်းစုံစမ်း သွားရောက် လေ့လာကြပေမဲ့ ရဲလုံခြုံရေး အများအပြားနဲ့ အရပ်ဝတ် ထောက်လှမ်းရေးတွေက တားဆီး ပိတ်ပင်ခဲ့ပါတယ်တဲ့ ။

သတင်းအပြည့်အစုံ ဖတ်ပြီးချိန်မှာ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ကြေကွဲစိတ်မကောင်းဖြစ်စိတ်၊ နာကျည်းခံပြင်း စိတ်တွေကြောင့် ဒင်းတို့ကို နိုင်အောင် ပြန်မတိုက်နိုင်သေးတဲ့ အခြေအနေကိုပဲ တနုံ့နုံ့ တွေး အားမလို အားမရဖြစ်နေမိပါတယ်၊ စစ်အာဏာရှင်တွေရဲ့ ဒီ့ထက်ဆိုးတဲ့ လုပ်ရပ်တွေနဲ့ဖြစ်စဉ်တွေကို အခါခါမြင်ဘူး ကိုယ်တိုင်လဲ ခံစားဘူးပါရဲ့၊ ဟောဒီနှလုံးသားက ထုံကျင် အသားကျမနေဘူး၊ ကြားလိုက်ရတိုင်း နာတယ်၊ မြင်လိုက်ရတိုင်း နာတယ် ၊ တွေးမိတိုင်းလဲ နာတယ်ဗျာ ။

ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းဇိမ် တည်တံ့ခိုင်မြဲရေးဆိုတဲ့ သတင်းစာတွေ တီဗွီဖန်သားပြင်တွေ ပေါ်က ဟန်ဆောင် ပန်ဆောင် ပြောပြောနေတဲ့စကားတွေ ဘယ်မှာလဲ၊ ဒါလား တရားဥပဒေစိုးမိုးတာ၊ ဒါလား ပြည်သူတွေကို ကာကွယ်စောင့်ရှောက်တာ၊ ဆင်းရဲမွဲတေမှုတွေကြောင့် မလူးသာမလွန့်သာတဲ့ ပြည်သူတွေကို ပိပြားနေအောင်နင်းဖိထားပြီး အများပြည်သူ မမြင်ကွယ်ရာ ကျေးလက်တောရွာတွေမှာ ထင်သလို လုယက်၊ မုဒိန်းကျင့်၊ လူသတ် လုပ်နေတဲ့ဇရိုက်တွေ ခုလို မြို့ပြပေါ်ထိ ပြောင်ပြောင်တင်းတင်း အတင့်ရဲကျူးလွန်လာတာ တုန့်ပြန်မှုမရှိ ငြိမ်ခံနေကြရင်တော့ ရုပ်ရှင်တွေ ဗီဒီယိုတွေထဲ တွေ့ဘူးတဲ့ ဖက်စစ်ခေတ် ဂျပန်တွေထက် ဆိုးလာတော့မယ် ။

“စစ်တပ်ဆိုတာ လက်နက်အားကိုး တန်ခိုးပြဘို့ မဟုတ်ဘူး၊ စစ်တပ်က ပြည်သူတွေကို လက်နက်နဲ့ အနိုင်ကျင့်ဖိနှိပ်ဘို့မဟုတ်ဘူး၊ စစ်တပ်ဟာ ပြည်သူရဲ့ အစေခံပဲဖြစ်ရမယ် ပြည်သူဟာ စစ်တပ်ရဲ့အစေခံ ဘယ်တော့မှ မဖြစ်ရဘူး” လို့ပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိလို့ စစ်တပ်ရဲ့ ဒီလိုရက်စက် ယုတ်မာမှုတွေကိုသာသိရင် ဆရာတင်ခေါ်လာခဲ့တဲ့ ဂျပန်ကိုပြန်ချသလို သူတည်ထောင်ခဲ့တဲ့စစ်တပ်ကို “ရရာလက်နက်နဲ့ပြန်ချကြတော့”လို့ ပြည်သူကိုနှိုးစော်ပြီး သူကိုယ်တိုင် တော်လှန်စစ်ကို ဦးဆောင် ဆင်နွှဲမယ်ထင်ပါရဲ့ ။

“ညီအကိုတို့ ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး ၊ မတွေဝေနဲ့” တဲ့ ၊ ဒီလောက် ထပ်ထပ်သတ်ပြီး သွေးဟောင်းတို့ စွန်းခဲ့တဲ့မြေပေါ် သွေးသစ်တွေ အကြိမ်ကြိမ်စီးနေတာ အပြစ်မဲ့ကျောင်းသား လူငယ်တွေ ခုလိုရက်ရက်စက်စက် အသတ်ခံရမှုမျိုးကို မကြုံဘူး မခံစားဘူးလို့ ကိုယ်ချင်းမစာနိုင်သေးတဲ့ ညီငယ်တွေလဲ သတိမူ စဉ်းစားကြဘို့ လိုပါပြီ ။

၁၉၈၈ ကျွန်တော်တို့ ခေတ်ကတော့ လက်သဲဆိတ်ခံရချိန်မှာ လက်ထိပ်သာမက ရင်ထဲအသဲထဲ သွေးသားထဲကပါ နာခဲ့ကြလို့ ကျွန်တော်တို့ အောင်မြင်မှု တစ်စုံတစ်ရာရရှိသည်အထိ တိုက်ပွဲဝင်ရဲခဲ့ကြတယ် ၊ ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ရန်ကုန်စက်မှုတက္က သိုလ်ဝန်းထဲမှာ ခုလိုရက်ရက်စက်စက်ပစ်သတ်ခံခဲ့ရမှုကနေ ကျောင်းသားသပိတ်၊ နောက်ဆုံး လူထုအုံကြွမှုကြီး ဆက်ဖြစ်ပြီး စိန်လွင်လို စစ်ခေါင်းဆောင်အစိုးရတွေနဲ့ နေ၀င်းရဲ့တပါတီအာဏာရှင်စနစ် ကိုဖြုတ်ချနိုင်ခဲ့တယ် ။

ဒါပေမဲ့ ကျွန်တော်တို့ တာဝန်မကျေခဲ့ပါဘူး၊ ကျွန်တော်တို့ မြင်ခဲ့ မှီခဲ့တဲ့ ကိုဖုန်းမော် ကိုစိုးနိုင်ကစလို့ ၁၉၈၈ မတ်လမှာအသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေ၊ ၁၉၈၈ ဇွန်လမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားလူငယ်တွေ၊ ပြည်သူတွေ၊ ဒီပဲရင်းမှာ မတရား ရိုက်သတ်ခံရတဲ့ ကျောင်းသားလူငယ်တွေ၊ ၂၀၀၇ စက်တင် ဘာမှာ ပစ်သတ်ခံရတဲ့ သံဃာတော်တွေ၊ ကျောင်းသားလူငယ်တွေ၊ တောထဲတောင်ထဲမှာ ကျဆုံးသေဆုံးခဲ့တဲ့ ကျောင်းသားတွေ၊ အကျဉ်းထောင်တွေထဲမှာသေဆုံးခဲ့ရသူတွေအတွက် ကျွန်တော်တို့ တာဝန်မကျေသေးပါဘူး၊ သူတို့သေဆုံးခဲ့ရမှုတွေ အတွက် တရားမျှတမှုကိုမဖြစ်စေသေးသမျှ ကျွန်တော်တို့တာဝန်ကြေပြီ မခေါ်နိုင်ပါဘူး ၊ ဒီအတွက် ကျွန်တော်တို့ဆက်လက် တိုက်ပွဲဝင်နေရဦးမှာပါ ။

စစ်အာဏာရှင် သက်တာရှည်ခဲ့ပြီ၊ အနိဌာရုံတွေများပြီ။ လူပုံအလယ် ရက်ရက်စက်စက် ပစ်သတ်တာမျိုးကြောင့် မဟုတ်ပဲလဲ စစ်အာဏာရှင်တွေကြောင့် နေ့စဉ် လူတွေသေနေကြပါတယ်၊ ဆင်းရဲမွဲတေမှုကြောင့် အဟာရချို့တဲ့၊ နောက်ဆက်တွဲ ရောဂါ ဘယထူပြော၊ ဆေးကုသစရိတ် မတတ်နိုင်တော့ ရောဂါကနိုင်သွားပြီး တဖြည်းဖြည်းသေ၊ အဲလိုပြည်သူတွေလဲ အသတ်ခံ လိုက်ရတာပါပဲ၊ ကလေးမီးမဖွားနိုင်လို့ သေတယ် ၊ မြွေဆိပ်မိလို့ သေတယ် ၊ ဆေးရုံကိုအချိန်မှီမရောက်လို့ သေတယ် ၊ ဆေးရုံ မှာဆေးမရှိလို့ သေတယ် ၊ဆေးရုံဆေးခန်း မရှိလို့သေတယ် ၊ ဆရာဝန်မရှိလို့ သေတယ် ၊ ၀ဋ်ကြွေးမဟုတ်ဘူး ၊ ကံကြမ္မာ မဟုတ်ဘူး ၊ ပြည်သူတွေ ဘာဖြစ်နေနေ ငတေမာပြီးရော ကိုယ်ကျိုးရှာနေတဲ့ စစ်ဗိုလ်ချုပ်တွေသတ်တာ ။

နာတယ်..၊ လက်ထိပ်ကတင် မဟုတ်ဘူး၊ ရင်ထဲ အသဲထဲ သွေးသားထဲက ပါနာတယ်၊ခုလို ရက်ရက်စက်စက် ပစ်သတ်ခံရတာမျိုး ပိုနာတယ်၊
မကြေ ... ဘယ်တော့မှမကြေ ... တစ်သက်တစ်ကမ္ဘာမကြေ ...။

စစ်အာဏာရှင် စနစ်ကျဆုံးသည်ထိ .....

“မောင်ကျောင်းသား”