Wednesday, December 2, 2009

စီးပွားရေး နိုဘယ်ဆုရှင် မြန်မာနိုင်ငံကို လာရောက်မည်

စီးပွားရေး နိုဘယ်ဆုရှင် မြန်မာနိုင်ငံကို လာရောက်မည်

2009-12-01 ( RFA )

မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေကို လေ့လာစုံစမ်းဖို့နဲ့ ကျေးလက်ဒေသ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေး၊ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးအတွက် နိုင်ငံတကာမှာ ထင်ရှားတဲ့ နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဂျိုးဇက် စတစ်ဂလစ် (Nobel economics laureate Joseph Stiglitz) ဟာ လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသ လူမှုစီးပွားကော်မရှင် အတွင်းရေးမှူး မစ္စ နိုလင်းဟေဇာ (Noeleen Hayzer) က ပြောပါတယ်။

ပညာရှင် စတစ်ဂလစ် ဟာ မြန်မာနိုင်ငံမှာ နှစ်ရက်ကြာခရီး လာရောက်မှာဖြစ်ပါတယ်။ ကျေးလက်ဒေသ စီးပွားရေးတိုးတက်ဖို့နဲ့ ဆင်းရဲမှုလျော့ကျရေးမှာ ဘယ်လို အရေးပါပြီး အဓိကကျတဲ့ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်မလဲ ဆိုတာနဲ့ပတ်သက်ပြီး အကြံဥာဏ်ပေးမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးဆုံးဖြတ်ရာနဲ့ မူဝါဒချမှတ်ရာ နယ်ပယ်မှာ နေရာသစ်တွေ ပွင့်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စနိုလင်းဟေဇာက ပြောပါတယ်။ စတစ်ဂလစ်ရဲ့မြန်မာနိုင်ငံခရီးမှာ မစ္စနိုလင်းဟေဇာလည်း လိုက်ပါလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အဆင်းရဲဆုံး ပြည်သူတွေနဲ့ ဘယ်လို ထိတွေ့နိုင်မလဲ ဆိုတဲ့အပေါ် မိမိတို့ အာရုံစူးစိုက်ထားကြောင်းလည်း သူက ဆိုပါတယ်။

စီးပွားရေးပညာရှင် စတစ်ဂလစ်ဟာ စစ်အစိုးရ လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး တို့နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ မှာ ‘ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ မူဝါဒချမှတ်ရေး’ ဆိုတဲ့ခေါင်းစဉ်နဲ့ နေပြည်တော်မှာ ဟောပြောပွဲ ကျင်းပမယ် လို့ သိရပါတယ်။

စတစ်ဂလစ်ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေးဂျာနယ် အယ်ဒီတာချုပ် ဆရာခင်မောင်ညို (ဘောဂဗေဒ ) က အခုခရီးစဉ်ဟာ အကျိုးရှိတန်သလောက် ရှိမှာဖြစ်ပေမယ့် သိပ်တော့ မျှော်လင့်ချက်မထားဘူးလို့ ဆိုပါတယ်။

အမေရိကန် စီးပွားရေးပညာရှင် ဂျိုးဇက် စတစ်ဂလစ်ဟာ ကိုလံဘီယာတက္ကသိုလ်က စီးပွားရေး ပါမောက္ခဖြစ်ပြီး ၂ဝဝ၁ ခုနှစ်မှာ စီးပွားရေးဘာသာရပ်ဆိုင်ရာ နိုဘယ်ဆု ရရှိခဲ့ပါတယ်။ သမ္မတ ကလင်တန်ရဲ့ စီးပွားရေးအကြံပေးဖြစ်ခဲ့သလို ကမ္ဘာ့ဘဏ် စီးပွားရေးဌာန အကြီးအကဲလည်း ဖြစ်ခဲ့ပါတယ်။ ထင်ရှားတဲ့ စီးပွားရေးဆိုင်ရာကျမ်းတွေ စာတမ်းတွေ ရေးသားထုတ်ဝေခဲ့ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။