Monday, November 30, 2009

တရုတ်-အီးယူ ထိပ်သီးညီလာခံမှာ မြန်မာ့ကိစ္စဆွေးနွေး

တရုတ်-အီးယူ ထိပ်သီးညီလာခံမှာ မြန်မာ့ကိစ္စဆွေးနွေး

2009-11-30 ( RFA )

တရုတ်နိုင်ငံ ကျန်းဆုပြည်နယ် နန်ကျင်းမြို့မှာ နိုဝင်ဘာ ၃ဝ ရက် ဒီကနေ့ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


တရုတ်နိုင်ငံ၊ နန်ဂျင်းမြို့တွင် ကျင်းပသော ၁၂ ကြိမ်မြောက် အီးယူ-တရုတ် ထိပ်သီးအစည်းအဝေးတွင် တရုတ် ဝန်ကြီးချုပ် ဝမ်ဂျားဘောင် (ဝဲ) နှင့် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဟိုဆေ မန်နူရယ် ဘာရိုဆို (ယာ) တို့ကို နိုဝင်ဘာ ၃ဝ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဥရောပသမဂ္ဂ (EU) အလှည့်ကျ သဘာပတိနိုင်ငံဖြစ်တဲ့ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး Mr. Carl Bildt နဲ့ အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ ဟားဗီးယား ဆိုလာနား (Javier Solana) တို့ဟာ ထိပ်သီး အစည်းအဝေးအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီ (Yang Jiechie) နဲ့ မြန်မာနိုင်ငံအရေးကို ဆွေးနွေးခဲ့တာလို့ နှစ်ဖက် ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိပ်သီးအစည်းအဝေးပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ နိုင်ငံတကာနဲ့ ဒေသတွင်းမှာ အတူတကွ စိုးရိမ်မကင်း ရှိကြတဲ့ ကိုရီးယားကျွန်းဆွယ် ညူကလီယားပြဿနာ၊ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ သီရိလင်္ကာနိုင်ငံ ကိစ္စရပ်တွေကို နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးတွေ သတ်သတ်မှတ်မှတ် ဆွေးနွေးနိုင်ခဲ့တာကို အီးယူနဲ့ တရုတ်ခေါင်းဆောင်ပိုင်းက ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

ဒီအစည်းအဝေးမှာ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်ဖော်ပြထားတာ မတွေ့ရပါဘူး။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ တရုတ်အစိုးရက ပူးတွဲ ဆောင်ရွက်လာရေး အီးယူအဖွဲ့က နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့ပါတယ်။

ဒီလို အီးယူ နဲ့ တရုတ်နိုင်ငံအကြားတရားဝင် ကြေညာချက်မှာ ထုတ်ပြန်နိုင်နဲ့ ပတ်သက်ပြီး အီးယူအဖွဲ့ရဲ့ မဆုတ်မနစ် အားထုတ်မှုကို ကြိုဆိုရမှာဖြစ်ပါတယ်လို့ အီးယူ မြန်မာအရေးဆောင်ရွက်နေတဲ့ လန်ဒန်အခြေစိုက် Burma Campaign UK က ညွှန်ကြားရေးမှူး Mr. Mark Farmanar က ပြောပါတယ်။

မြန်မာနိုင်ငံအရေးဟာ ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံအကြား ထိပ်သီးဆွေးနွေးပွဲတိုင်းမှာ နှစ်ပေါင်းများစွာ အငြင်းအခုန်ဖြစ်ရတဲ့ ကိစ္စဖြစ်ပါတယ်။ မြန်မာစစ်အစိုးရအပေါ် ဘယ်လို ဆက်ဆံမလဲဆိုတဲ့ ကိစ္စအပေါ် နှစ်ဖက် သဘောတူညီမှု မရခဲ့တာ များပါတယ်။ ဒါပေမဲ့ အီးယူအဖွဲ့က အခုလို မြန်မာကိစ္စကို ပိုပြီး ဆောင်ရွက်လာဖို့ တရုတ်နိုင်ငံကို ဆက်တွန်းအားပေးနိုင်တာကတော့ ကောင်းမွန်တဲ့ လက္ခဏာရပ် ဖြစ်ပါတယ်လို့ မစ္စတာ ဖာမနာက ပြောသွားပါတယ်။
တရုတ်-ဥရောပသမဂ္ဂ ထိပ်သီး အစည်းအဝေး ပူးတွဲကြေညာချက်မှာ မြန်မာကိစ္စကို အခုလို တရားဝင် ထည့်သွင်း ဖော်ပြခဲ့ပေမဲ့ တကယ်တမ်း ဆောင်ရွက်ဖို့ကတော့ အခက်အခဲရှိကြောင်း၊ ဒီကြေညာချက်ဟာ အာဆီယံနဲ့ အမေရိကန်အကြား စင်ကာပူ ကြေညာချက်လောက် တိကျမှု မရှိတာကတော့ အားနည်းချက်ဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသူတွေက ပြောပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။