Tuesday, December 1, 2009

ကမ္ဘာ့ အတွေးအခေါ်ရှင် ၁ဝဝ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဖော်ပြခံရ

ကမ္ဘာ့ အတွေးအခေါ်ရှင် ၁ဝဝ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဖော်ပြခံရ

2009-11-30 ( RFA )

ကမ္ဘာပေါ်က အတွေးအခေါ်ရှင် ၁ဝဝ မှာ ထိပ်တန်း ပါဝင်သူတဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက ထုတ်ဝေတဲ့ Foreign Policy နိုင်ငံခြားရေးရာ မဂ္ဂဇင်းက ဖော်ပြလိုက်ပါတယ်။



နာမည်ကျော် အမေရိကန်အနုပညာရှင် ရှက်ပတ်ဒ် ဖယ်ရီ (Shepard Fairey) ဂုဏ်ပြု ရေးဆွဲသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ သရုပ်ဖော်ပန်းချီ ဖြစ်ပါသည်။ (Courtesy of US Campaign for Burma)

အမှောင်ကျနေတဲ့ အရပ်မှာ မျှော်လင့်ချက်တရပ်အဖြစ် သက်ရှိထင်ရှားနေတဲ့ သင်္ကေတပိုင်ရှင်အဖြစ် ကမ္ဘာ့ တွေးခေါ်ရှင် ၁ဝဝ စာရင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလအတွက် ထုတ်ဝေတဲ့ မဂ္ဂဇင်းရဲ့ နှစ်လည် အထူးထုတ်မှာ ဒီစာရင်းကို ဖော်ပြထားတာဖြစ်ပြီး အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဖြစ်တဲ့ Mr. Frank Bernake ကို စီးပွားပျက်ကပ်အသစ်ကို ကိုင်တွယ် ဖြေရှင်းနိုင်သူအဖြစ် နံပတ် ၁ မှာ ဖော်ပြထားပါတယ်။ နံပတ် ၂ ကတော့ ကမ္ဘာပေါ်က အမေရိကန်နိုင်ငံရဲ့ အခန်းကဏ္ဍကို ပြန်လည် မြှင့်တင်ခဲ့သူအဖြစ် အမေရိကန်သမ္မတ Mr. Barack Obama ကို ဖော်ပြထားပါတယ်။

မဟတ္တမဂန္ဒီနဲ့ ဗုဒ္ဓဘာသာအခြေခံ စည်းမျဉ်းဖြစ်တဲ့ အကြမ်းမဖက်ရေးလမ်းစဉ်နဲ့ မြန်မာစစ်အစိုးရကို အတိုက်အခံ လှုပ်ရှားခဲ့ပြီး အနှစ် ၂ဝ အတွင်း ၁၄ နှစ် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖော်ပြချက်မှာ ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့၁၉၉ဝ ပြည့်နှစ် မိန့်ခွန်းတရပ်မှာ ကြောက်ရွံ့စိတ်ဟာ နေ့စဉ် လူနေမှုလက္ခဏာ တရပ်အဖြစ် ရောက်ရှိလာပြီဆိုရင် နိုင်ငံရေးခေါင်းဆောင်တွေဟာ အဂတိ လိုက်စားလာကြကြောင်း၊ ဒီအချိန်မှာ တော်လှန်ရေးစိတ်ဓာတ် ရှိကြရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၆ ဦးမြောက် ကမ္ဘာ့ အတွေးအခေါ်ရှင်အဖြစ် ဖော်ပြထားပြီး အင်ဒိုနီးရှားက နိုင်ငံရေး သုံးသပ်သူ Rizak Sukma ကို ၉၂ ဦးမြောက်၊ ဗြိတိန်ဝန်ကြီးချုပ် Gordon Brown ကို ၇၄ ဦးမြောက် နဲ့ ဗြိတိန်ဘာသာရေးပညာရှင် Karen Armstrong ကို ၈၇ ဦး မြောက်အဖြစ် ဖော်ပြထားပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။