Saturday, December 5, 2009

Free political prisoner, Chrysler TV ad says

Free political prisoner, Chrysler TV ad says

FREE AUNG SAN SUU KYI



မှတ်ချက် ။ ။ http://www.freep.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, December 2, 2009

စီးပွားရေး နိုဘယ်ဆုရှင် မြန်မာနိုင်ငံကို လာရောက်မည်

စီးပွားရေး နိုဘယ်ဆုရှင် မြန်မာနိုင်ငံကို လာရောက်မည်

2009-12-01 ( RFA )

မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေကို လေ့လာစုံစမ်းဖို့နဲ့ ကျေးလက်ဒေသ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေး၊ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးအတွက် နိုင်ငံတကာမှာ ထင်ရှားတဲ့ နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဂျိုးဇက် စတစ်ဂလစ် (Nobel economics laureate Joseph Stiglitz) ဟာ လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသ လူမှုစီးပွားကော်မရှင် အတွင်းရေးမှူး မစ္စ နိုလင်းဟေဇာ (Noeleen Hayzer) က ပြောပါတယ်။

ပညာရှင် စတစ်ဂလစ် ဟာ မြန်မာနိုင်ငံမှာ နှစ်ရက်ကြာခရီး လာရောက်မှာဖြစ်ပါတယ်။ ကျေးလက်ဒေသ စီးပွားရေးတိုးတက်ဖို့နဲ့ ဆင်းရဲမှုလျော့ကျရေးမှာ ဘယ်လို အရေးပါပြီး အဓိကကျတဲ့ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်မလဲ ဆိုတာနဲ့ပတ်သက်ပြီး အကြံဥာဏ်ပေးမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးဆုံးဖြတ်ရာနဲ့ မူဝါဒချမှတ်ရာ နယ်ပယ်မှာ နေရာသစ်တွေ ပွင့်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စနိုလင်းဟေဇာက ပြောပါတယ်။ စတစ်ဂလစ်ရဲ့မြန်မာနိုင်ငံခရီးမှာ မစ္စနိုလင်းဟေဇာလည်း လိုက်ပါလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အဆင်းရဲဆုံး ပြည်သူတွေနဲ့ ဘယ်လို ထိတွေ့နိုင်မလဲ ဆိုတဲ့အပေါ် မိမိတို့ အာရုံစူးစိုက်ထားကြောင်းလည်း သူက ဆိုပါတယ်။

စီးပွားရေးပညာရှင် စတစ်ဂလစ်ဟာ စစ်အစိုးရ လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး တို့နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ မှာ ‘ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ မူဝါဒချမှတ်ရေး’ ဆိုတဲ့ခေါင်းစဉ်နဲ့ နေပြည်တော်မှာ ဟောပြောပွဲ ကျင်းပမယ် လို့ သိရပါတယ်။

စတစ်ဂလစ်ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေးဂျာနယ် အယ်ဒီတာချုပ် ဆရာခင်မောင်ညို (ဘောဂဗေဒ ) က အခုခရီးစဉ်ဟာ အကျိုးရှိတန်သလောက် ရှိမှာဖြစ်ပေမယ့် သိပ်တော့ မျှော်လင့်ချက်မထားဘူးလို့ ဆိုပါတယ်။

အမေရိကန် စီးပွားရေးပညာရှင် ဂျိုးဇက် စတစ်ဂလစ်ဟာ ကိုလံဘီယာတက္ကသိုလ်က စီးပွားရေး ပါမောက္ခဖြစ်ပြီး ၂ဝဝ၁ ခုနှစ်မှာ စီးပွားရေးဘာသာရပ်ဆိုင်ရာ နိုဘယ်ဆု ရရှိခဲ့ပါတယ်။ သမ္မတ ကလင်တန်ရဲ့ စီးပွားရေးအကြံပေးဖြစ်ခဲ့သလို ကမ္ဘာ့ဘဏ် စီးပွားရေးဌာန အကြီးအကဲလည်း ဖြစ်ခဲ့ပါတယ်။ ထင်ရှားတဲ့ စီးပွားရေးဆိုင်ရာကျမ်းတွေ စာတမ်းတွေ ရေးသားထုတ်ဝေခဲ့ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မလေးရှားရောက် မွန်ဒုက္ခသည်များ UNHCR အသိအမှတ်ပြု

မလေးရှားရောက် မွန်ဒုက္ခသည်များ UNHCR အသိအမှတ်ပြု

2009-12-01 ( RFA )

မလေးရှားနိုင်ငံရောက် မွန်တိုင်းရင်းသား ဒုက္ခသည်တွေကို UNHCR ရုံးက ဒီကနေ့ နောက်ဆုံးနေ့အဖြစ်နဲ့ အသိအမှတ်ပြု ကဒ်ပြား ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။ တခြား တိုင်းရင်းသားတွေကိုလည်း သူ့ရက်နဲ့သူ သတ်မှတ်ပေးထားပြီး အလားတူ အသိအမှတ်ပြုကဒ်ပြား ထုတ်ပေးနေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာရောက်နေပြီး ဒုက္ခသည်အဖြစ် လျှောက်ထားကြတဲ့ မွန်လူမျိုးတွေထဲက အများစုကို အသိအမှတ် ပြုပေးလိုက်တာဖြစ်ကြောင်း UNHCR ရုံးမှာ မွန်ဘာသာစကားပြန်လုပ်ပေးနေတဲ့ နိုင်ဥက္ကာက အာအက်ဖ်အေကို ခုလိုပြောပါတယ်။

နိုင်ဥက္ကာ။ ။'ပြီးခဲ့တဲ့ အချိန်ကဆိုရင် ဒီလို လူတွေအများကြီးပေးတဲ့ ပုံစံမျိုးနဲ့ ပေးတာမရှိဘူးလေ။ ကျနော်တို့ မွန်လူမျိုးထဲမှာ ၁၈ဝဝ ကျော်ကျော်လောက် UNHCR မှာ မှတ်ပုံတင်ခွင့်ရှိတယ်။ မှတ်ပုံတင်ထားတဲ့သူတွေကို အသိအမှတ်ပြုကဒ်ပြား ထုတ်ပေးတာ ၁၅ဝဝ ကျော်ကျော်လောက် အောင်သွားတဲ့ အနေအထား ရှိတာပေါ့'

နိုင်ဥက္ကာရဲ့အပြောအရ မလေးရှားနိုင်ငံက UNHCR မှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ပေးခံရတဲ့ သူတွေဟာ မလေးရှားနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် ရသွားပြီးတာနဲ့ အစိုးရဆေးရုံတွေမှာလည်း ဆေးကုသစရိတ် ထက်ဝက်သာ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။ ဒါ့ပြင် နေထိုင် အလုပ်လုပ်ကိုင်ဖို့လည်း ခွင့်ပြုမှာဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့ မွန်တိုင်းရင်းသူ မိစိုက်ချမ်းက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ ဘယ်လောက် စောင့်ဆိုင်းခဲ့ရတယ်ဆိုတာကို အာအက်ဖ်အေကို အခုလို ပြောပြပါတယ်။

မိစိုက်ချမ်း။ ။'ကျမတို့ စာရင်းတင်ထားတာက ၂ဝဝ၇ ခုနှစ်ကပဲ။ အခုမှ ပေးဖြေတာပေါ့နော်။ ၂၇ ရက်နေ့ ၁ဝ လပိုင်းမှာ ဖြေတယ်။ ၂၅ ရက် ၁၁ လပိုင်းမှာ အဖြေပေးတယ်'

ထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံရတဲ့သူတွေဟာ သတ်မှတ်ထားတဲ့ စခန်းတွေမှာပဲ နေထိုင်ခွင့်ရှိပြီး စခန်းအပြင်မှာ အလုပ်လုပ်ကိုင်ခွင့် မရကြပါဘူး။ ဒါကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည် စခန်း ၉ ခုကနေ ဒုက္ခသည်ပေါင်း တသိန်း လေးသောင်းကျော်ကို စခန်းပြင်ပမှာ သွားရောက် အလုပ်လုပ်ကိုင်ခွင့်ပြုဖို့ ဥရောပသမဂ္ဂ အနေနဲ့ ထိုင်းအစိုးရကို တိုက်တွန်းသွားမယ်လို့ မကြာခင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အပစ်ရပ်အဖွဲ့တွေနဲ့ အပစ်အခတ်တွေရပ်စဲပြီး ငြိမ်းချမ်းရေးရယူခဲ့တဲ့အတွက် မြန်မာပြည် နေရာအတော်များများမှာ ငြိမ်ဝပ်ပိပြားမှု ရှိနေပြီလို့ စစ်အစိုးရက မကြာမကြာ ပြောဆိုနေပေမယ့် တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတချို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ နေရာတွေ ရှိနေသေးတာမို့ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ အိမ်နီးချင်းနိုင်ငံတွေကို ဆက်လက် ထွက်ပြေးခိုလှုံ နေကြဆဲဖြစ်ပါတယ်။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, December 1, 2009

ကမ္ဘာ့ အတွေးအခေါ်ရှင် ၁ဝဝ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဖော်ပြခံရ

ကမ္ဘာ့ အတွေးအခေါ်ရှင် ၁ဝဝ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဖော်ပြခံရ

2009-11-30 ( RFA )

ကမ္ဘာပေါ်က အတွေးအခေါ်ရှင် ၁ဝဝ မှာ ထိပ်တန်း ပါဝင်သူတဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက ထုတ်ဝေတဲ့ Foreign Policy နိုင်ငံခြားရေးရာ မဂ္ဂဇင်းက ဖော်ပြလိုက်ပါတယ်။



နာမည်ကျော် အမေရိကန်အနုပညာရှင် ရှက်ပတ်ဒ် ဖယ်ရီ (Shepard Fairey) ဂုဏ်ပြု ရေးဆွဲသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ သရုပ်ဖော်ပန်းချီ ဖြစ်ပါသည်။ (Courtesy of US Campaign for Burma)

အမှောင်ကျနေတဲ့ အရပ်မှာ မျှော်လင့်ချက်တရပ်အဖြစ် သက်ရှိထင်ရှားနေတဲ့ သင်္ကေတပိုင်ရှင်အဖြစ် ကမ္ဘာ့ တွေးခေါ်ရှင် ၁ဝဝ စာရင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလအတွက် ထုတ်ဝေတဲ့ မဂ္ဂဇင်းရဲ့ နှစ်လည် အထူးထုတ်မှာ ဒီစာရင်းကို ဖော်ပြထားတာဖြစ်ပြီး အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဖြစ်တဲ့ Mr. Frank Bernake ကို စီးပွားပျက်ကပ်အသစ်ကို ကိုင်တွယ် ဖြေရှင်းနိုင်သူအဖြစ် နံပတ် ၁ မှာ ဖော်ပြထားပါတယ်။ နံပတ် ၂ ကတော့ ကမ္ဘာပေါ်က အမေရိကန်နိုင်ငံရဲ့ အခန်းကဏ္ဍကို ပြန်လည် မြှင့်တင်ခဲ့သူအဖြစ် အမေရိကန်သမ္မတ Mr. Barack Obama ကို ဖော်ပြထားပါတယ်။

မဟတ္တမဂန္ဒီနဲ့ ဗုဒ္ဓဘာသာအခြေခံ စည်းမျဉ်းဖြစ်တဲ့ အကြမ်းမဖက်ရေးလမ်းစဉ်နဲ့ မြန်မာစစ်အစိုးရကို အတိုက်အခံ လှုပ်ရှားခဲ့ပြီး အနှစ် ၂ဝ အတွင်း ၁၄ နှစ် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖော်ပြချက်မှာ ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့၁၉၉ဝ ပြည့်နှစ် မိန့်ခွန်းတရပ်မှာ ကြောက်ရွံ့စိတ်ဟာ နေ့စဉ် လူနေမှုလက္ခဏာ တရပ်အဖြစ် ရောက်ရှိလာပြီဆိုရင် နိုင်ငံရေးခေါင်းဆောင်တွေဟာ အဂတိ လိုက်စားလာကြကြောင်း၊ ဒီအချိန်မှာ တော်လှန်ရေးစိတ်ဓာတ် ရှိကြရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၆ ဦးမြောက် ကမ္ဘာ့ အတွေးအခေါ်ရှင်အဖြစ် ဖော်ပြထားပြီး အင်ဒိုနီးရှားက နိုင်ငံရေး သုံးသပ်သူ Rizak Sukma ကို ၉၂ ဦးမြောက်၊ ဗြိတိန်ဝန်ကြီးချုပ် Gordon Brown ကို ၇၄ ဦးမြောက် နဲ့ ဗြိတိန်ဘာသာရေးပညာရှင် Karen Armstrong ကို ၈၇ ဦး မြောက်အဖြစ် ဖော်ပြထားပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, November 30, 2009

တရုတ်-အီးယူ ထိပ်သီးညီလာခံမှာ မြန်မာ့ကိစ္စဆွေးနွေး

တရုတ်-အီးယူ ထိပ်သီးညီလာခံမှာ မြန်မာ့ကိစ္စဆွေးနွေး

2009-11-30 ( RFA )

တရုတ်နိုင်ငံ ကျန်းဆုပြည်နယ် နန်ကျင်းမြို့မှာ နိုဝင်ဘာ ၃ဝ ရက် ဒီကနေ့ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


တရုတ်နိုင်ငံ၊ နန်ဂျင်းမြို့တွင် ကျင်းပသော ၁၂ ကြိမ်မြောက် အီးယူ-တရုတ် ထိပ်သီးအစည်းအဝေးတွင် တရုတ် ဝန်ကြီးချုပ် ဝမ်ဂျားဘောင် (ဝဲ) နှင့် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဟိုဆေ မန်နူရယ် ဘာရိုဆို (ယာ) တို့ကို နိုဝင်ဘာ ၃ဝ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဥရောပသမဂ္ဂ (EU) အလှည့်ကျ သဘာပတိနိုင်ငံဖြစ်တဲ့ ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး Mr. Carl Bildt နဲ့ အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ ဟားဗီးယား ဆိုလာနား (Javier Solana) တို့ဟာ ထိပ်သီး အစည်းအဝေးအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီ (Yang Jiechie) နဲ့ မြန်မာနိုင်ငံအရေးကို ဆွေးနွေးခဲ့တာလို့ နှစ်ဖက် ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိပ်သီးအစည်းအဝေးပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ နိုင်ငံတကာနဲ့ ဒေသတွင်းမှာ အတူတကွ စိုးရိမ်မကင်း ရှိကြတဲ့ ကိုရီးယားကျွန်းဆွယ် ညူကလီယားပြဿနာ၊ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ သီရိလင်္ကာနိုင်ငံ ကိစ္စရပ်တွေကို နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးတွေ သတ်သတ်မှတ်မှတ် ဆွေးနွေးနိုင်ခဲ့တာကို အီးယူနဲ့ တရုတ်ခေါင်းဆောင်ပိုင်းက ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

ဒီအစည်းအဝေးမှာ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်ဖော်ပြထားတာ မတွေ့ရပါဘူး။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ တရုတ်အစိုးရက ပူးတွဲ ဆောင်ရွက်လာရေး အီးယူအဖွဲ့က နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့ပါတယ်။

ဒီလို အီးယူ နဲ့ တရုတ်နိုင်ငံအကြားတရားဝင် ကြေညာချက်မှာ ထုတ်ပြန်နိုင်နဲ့ ပတ်သက်ပြီး အီးယူအဖွဲ့ရဲ့ မဆုတ်မနစ် အားထုတ်မှုကို ကြိုဆိုရမှာဖြစ်ပါတယ်လို့ အီးယူ မြန်မာအရေးဆောင်ရွက်နေတဲ့ လန်ဒန်အခြေစိုက် Burma Campaign UK က ညွှန်ကြားရေးမှူး Mr. Mark Farmanar က ပြောပါတယ်။

မြန်မာနိုင်ငံအရေးဟာ ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံအကြား ထိပ်သီးဆွေးနွေးပွဲတိုင်းမှာ နှစ်ပေါင်းများစွာ အငြင်းအခုန်ဖြစ်ရတဲ့ ကိစ္စဖြစ်ပါတယ်။ မြန်မာစစ်အစိုးရအပေါ် ဘယ်လို ဆက်ဆံမလဲဆိုတဲ့ ကိစ္စအပေါ် နှစ်ဖက် သဘောတူညီမှု မရခဲ့တာ များပါတယ်။ ဒါပေမဲ့ အီးယူအဖွဲ့က အခုလို မြန်မာကိစ္စကို ပိုပြီး ဆောင်ရွက်လာဖို့ တရုတ်နိုင်ငံကို ဆက်တွန်းအားပေးနိုင်တာကတော့ ကောင်းမွန်တဲ့ လက္ခဏာရပ် ဖြစ်ပါတယ်လို့ မစ္စတာ ဖာမနာက ပြောသွားပါတယ်။
တရုတ်-ဥရောပသမဂ္ဂ ထိပ်သီး အစည်းအဝေး ပူးတွဲကြေညာချက်မှာ မြန်မာကိစ္စကို အခုလို တရားဝင် ထည့်သွင်း ဖော်ပြခဲ့ပေမဲ့ တကယ်တမ်း ဆောင်ရွက်ဖို့ကတော့ အခက်အခဲရှိကြောင်း၊ ဒီကြေညာချက်ဟာ အာဆီယံနဲ့ အမေရိကန်အကြား စင်ကာပူ ကြေညာချက်လောက် တိကျမှု မရှိတာကတော့ အားနည်းချက်ဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသူတွေက ပြောပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

လူထုဒေါ်အမာ ၉၄ နှစ်ပြည့် မွေးနေ့

လူထုဒေါ်အမာ ၉၄ နှစ်ပြည့် မွေးနေ့

2009-11-29 ( RFA )

စာရေးဆရာမကြီး လူထုဒေါ်အမာဟာ ၂ဝဝ၈ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပေမယ့် သူ့ကို ကြည်ညိုချစ်ခင် လေးစားတဲ့ စာပေနယ်က သားတပည့်တွေက မွေးနေ့အမှတ်တရ အခမ်းအနားတွေ မြန်မာနိုင်ငံတွင်းမှာရော ပြည်ပမှာပါ ကျင်းပခဲ့ကြပါတယ်။


လူထုဒေါ်အမာကို အသက် ၉ဝပြည့် မွေးနေ့တွင် အမှတ်တရ ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: RFA)

လူထုဒေါ်အမာရဲ့ ၉၄ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်း ဟံသာဂီရိချောင်က ဘုန်းတော်ကြီးကျောင်းမှာ သံဃာတော် အပါး ၁ဝဝ ကျော်ကို ဆွမ်းကပ်လှူဒါန်းခဲ့ကြပါတယ်။

လူထုဒေါ်အမာရဲ့မွေးနေ့ပွဲကို နောင်နှစ်တွေမှာလည်း လုပ်သွားမယ်လို့ မန္တလေးက စာရေးဆရာ ကျော်ရင်မြင့်က အာအက်ဖ်အေကိုပြောပြပါတယ်။

ကျော်ရင်မြင့်။ ။'ဦးပညာကျောင်းမှာ မကျင်းပပဲနဲ့ မနှစ်က ဝိစိတာရုံမှာကျင်းပတယ်။ ဒီနှစ်က ဟံသာဂီရိမှာ ကျင်းပတယ်။ လိုက်ပြီးတော့ အပြောင်းအလဲဖြစ်အောင် သူတို့မိသားစုက ဆွမ်းကပ်တဲ့သဘောပါပဲ။ အမေမရှိတော့ပေမယ့် အမေ့ကို အမှတ်ရတဲ့အနေနဲ့၊ အမေ့ကို လေးစားတဲ့အနေနဲ့၊ အမေ့ကျေးဇူးကို အောက်မေ့တဲ့အနေနဲ့ ဆက်ပြီးတော့ လုပ်နေတယ်။ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတယ်။ အမေ့ကို ရည်စူးပြီးတော့ အမျှအတမ်း ပေးဝေကြတယ်။ စာပေလောကက ပုဂ္ဂိုလ်တွေရော အမေ့ကိုချစ်တဲ့ လူတွေရော အများကြီး လာကြတယ်။ သံဃာတော်တွေကို ဆွမ်းလောင်းကြတယ်။ နှစ်စဉ်နှစ်တိုင်းလည်း လူထုမိသားစုက လုပ်နေဦးမယ် ထင်ပါတယ်။ ကျနော်တို့ကလည်း အမေ့ကို လေးစားသောအားဖြင့် အမေ့ကို အောင်မေ့ပြီး သွားနေဦးမှာပါပဲ။ အမေ့မွေးနေ့ လုပ်နေကြဦးမှာပါဗျ'

လူထုဒေါ်အမာရဲ့သားဖြစ်သူ စာရေးဆရာ ညီပုလေးကလည်း အမေနဲ့အတူ တခြားမရှိတော့တဲ့ ဆရာကြီးတွေကိုလည်း အမှတ်ရနေပါတယ်လို့ ပြောပါတယ်။

ညီပုလေး။ ။'အသက် ၇ဝ ကတည်းက လုပ်လာတာ။ ခါတိုင်းလည်း သတိရပါတယ်။ ဒီလိုနေ့မျိုး ပိုသတိရတာပေါ့။ မိတ်ဆွေတွေမြင်တော့ အမေ့ကိုလည်း သတိရတယ်၊ ဆရာကြီး ဒေါက်တာသန်းထွန်းကိုလည်း သတိရတယ်။ မြန်မာ့အလင်း ဦးသန်းညွန့်လို ပုဂ္ဂိုလ်ကိုလည်း သတိရတယ်ဗျာ။ စကားဝိုင်းလည်း မလုပ်ဖြစ်ပါဘူး။ ရိုးရိုး နေ့လည်စာနဲ့ ဧည့်ခံရုံပါ။ မိတ်ဆွေအချင်းချင်း တွေ့ကြ ဆုံကြ ပြောကြရုံပါ'

လူထုဒေါ်အမာ ရှိစဉ်က မွေးနေ့ပွဲလုပ်နေကျ အမရပူရက တောင်လေးလုံးကျောင်းတိုက် ဆရာတော်ဦးပညာကျောင်းမှာ မလုပ်ဖြစ်ပေမယ့် စစ်ကိုင်းချောင်မှာ ဒီကနေ့ ပြုလုပ်တဲ့ မွေးနေ့ပွဲကို ဧည့်ပရိသတ် ၁ဝဝ ကျော် တက်ရောက်ခဲ့ပြီး သံဃာတော် ၁၂၅ ပါးကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။ လူထုဒေါ်အမာအတွက် သတင်းစာဆရာကြီး ဦးဝင်းတင် အကျဉ်းထောင်တွင်းကနေ ဂုဏ်ပြုအမှတ်တရ ရေးပေးလိုက်တဲ့ ‘ခြေတလှမ်း ကျမ်းတစောင်၊ နှစ်တထောင် ခရီးပြင်း၊ ရွှေဒေါင်းတောင် စိန်ကလောင်နဲ့၊ တောင်ကိုဖြိုမယ့် မြစ်တစင်း’ ဆိုတဲ့ ကဗျာနဲ့အတူ လူထုဒေါ်အမာ အမှတ်တရ ပန်းတမော့လက်ရာ ကျောက်စာတိုင်ကို ပြင်ဦးလွင်က လူထုဒေါ်အမာ အပန်းဖြေခဲ့တဲ့ စိန်းလန်းအေးခြံထဲမှာ စိုက်ထူထားလိုက်တယ်လို့ သိရပါတယ်။

အလားတူ လူထုဒေါ်အမာရဲ့ ၉၄ နှစ်ပြည့် မွေးနေ့ အမှတ်တရ အခမ်းအနားတခုကို ထိုင်း-မြန်မာ နယ်စပ်မှာ ရောက်ရှိနေတဲ့ စာရေးဆရာ ကဗျာဆရာတွေ စုပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

လူထုဒေါ်အမာရဲ့ ၉၄ နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားမှာ ဆရာမောင်စွမ်းရည်ရဲ့‘မှိုင်းမှသည် မိုးထိအောင်’ အမည်နဲ့ ကြည်ညိုဂုဏ်ပြုကဗျာစု စာအုပ်မိတ်ဆက်ပွဲကိုပါ တပါတည်းပြုလုပ်ခဲ့ပါတယ်။ လူထုအကျိုးပြုစာပေတွေ ရေးသားခဲ့တဲ့ အမေလူထုဒေါ်အမာမွေးနေ့ ကျင်းပရတာဟာ စာပေလှုပ်ရှားမှု အသွင်သဏ္ဌာန်နဲ့ ကျင်းပတာပါလို့ ပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ခဲ့တဲ့ ကဗျာဆရာမောင်လွမ်းဏီက ပြောပါတယ်။

မောင်လွမ်းဏီ။ ။'ဆုံးပါးကွယ်လွန်သွားပေမယ့် အမေမာဟာ ကျနော်တို့နဲ့ အမြဲတမ်း ရှိနေပြီးတော့ ထာဝရ ရှင်သန်နေတယ်လို့ ကျနော်တို့က ခံစားရတယ်ပေါ့။ နောက် အဲဒီ အမေ့ရဲ့မွေးနေ့မှာပဲ ကျနော်တို့ အမေ့ကို အောက်မေ့ ဂါရဝပြုရင်း အမေ့သားတယောက်ဖြစ်တဲ့ ဆရာစွမ်းရဲ့‘မှိုင်းမှသည် မိုးထိအောင်’ စာအုပ်ကလေး ထုတ်ဝေရတဲ့အတွက်လည်း ကျနော်တို့ ဂုဏ်ယူဝမ်းမြောက်ရတယ်ပေါ့။ နောက်တချက်ကလည်း ကျနော်တို့ပြောချင်တာက ဒါတွေဟာ ကျနော်တို့က ဒီလို စာဆိုတော်ရာသီမှာ စာပေလှုပ်ရှားမှု ဆိုတဲ့ အသွင်လက္ခဏာမျိုး ခံယူပြီးတော့ ကျင်းပတာဖြစ်ပါတယ်'

အမေလူထုဒေါ်အမာ မွေးနေ့ အမှတ်တရ ဂုဏ်ပြုတဲ့ အခမ်းအနားမှာ ဆရာမောင်စွမ်းရည်ရဲ့ကဗျာစာအုပ် ထုတ်ဝေနိုင်ခဲ့တာနဲ့ပတ်သက်လို့ ကဗျာဆရာ နှင်းခါးမိုးက အခုလိုပြောပါတယ်။

နှင်းခါးမိုး။ ။'အမေ လူထုဒေါ်အမာကလည်း ကျနော်တို့ ဗမာစာပေအပေါ်မှာရော ဒီဗမာပြည် အပေါ်မှာပါ ကျေးဇူးရှိခဲ့တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့အတွက် အမေ့ရဲ့မွေးနေ့မှာ အမေ့မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့၊ အမှတ်တရအနေနဲ့ ဒီ ဆရာမောင်စွမ်းရည်ကလည်း ဒီကျေးဇူးတင်ထိုက်သူတွေ ဂါရဝပြုထိုက်သူတွေ အပေါ်မှာ သူရည်စူးပြီး ရေးခဲ့တဲ့ ကဗျာစာအုပ်လေး ဖြစ်တဲ့အတွက် ဒါလေးကို ဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ထူးထူးခြားခြား လုပ်ခွင့်ရခဲ့ပါတယ်'

ထိုင်း-မြန်မာနယ်စပ်မှာ ကျင်းပတဲ့ လူထုဒေါ်အမာ ၉၄ နှစ်ပြည့် မွေးနေ့အခမ်းအနားမှာ သူ့အတွက် အမှတ်တရ စပ်ဆိုထားတဲ့ ကဗျာတွေကို ရွက်ဆို ဂုဏ်ပြုခဲ့ကြပြီး လူထုဒေါ်အမာကို ချစ်ခင်လေးစားတဲ့ ပရိဿတ် ၅ဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, November 29, 2009

၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထပ်ပြော

၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထပ်ပြော

2009-11-28 ( RFA )

၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြံ့ခိုင်ဖွံ့ဖြိုးရေးညီလာခံ နောက်ဆုံးနေ့ မိန့်ခွန်းမှာ ပြောသွားပေမယ့် ၂ဝ၁ဝ ခုနှစ် ဘယ်လမှာ ကျင်းပမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုမသွားပါဘူး။ ၆ ရက်ကြာ ကျင်းပခဲ့တဲ့ နေပြည်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေး ညီလာခံ အပိတ်မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခုလို ပြောဆိုခဲ့တာပါ။


နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီအင်အားစုများနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နိုင်ငံတကာမှ ထပ်ခါတလဲလဲ တောင်းဆိုနေပါသည်။ (Photo: AFP)

၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂ဝဝ၉ ခုနှစ် သူ့မိန့်ခွန်းတွေမှာ မကြာခဏ ခုလို ပြောခဲ့ပေမယ့် ဘယ်လမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကိုတော့ ထည့်သွင်းမပြောဘဲ ချန်ထားတာ တွေ့ရပါတယ်။ စစ်တပ်ကိုင်နိုင်တဲ့ အစိုးရမျိုး ဖွဲ့နိုင်အောင် စစ်အစိုးရဘက်က စီမံနေတာ ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက အာအက်အေကို ပြောပါတယ် ။

သခင်ချန်ထွန်း။ ။' နိုင်ငံတကာ ကြားကောင်းအောင်လည်း သဘောပါတာပေါ့။ ဒါက ပြောတဲ့အတိုင်း သူက လုပ်ပေးရမယ်။ သို့သော်လည်း အဲဒီလုပ်တဲ့အခါမှာ ဘယ်လိုလူတွေဟာ စစ်ဗိုလ်ထဲကဆိုလည်း ဘယ်သူတွေက အမတ် ဝင်ရွေး၊ အဲဒါမျိုးတွေ လုပ်ရအုံးမှာကိုး။ ဘာလို့ဆို ချက်ခြင်း ရွေးကောက်ပွဲ လုပ်ပေးပြီးတော့ သူတို့က တပ်ပြန်ပြီးတော့နေ၊ ရွေးကောက်ပွဲနိုင်တဲ့လူက အစိုးရဖွဲ့ ဆိုတဲ့သဘောမျိုးနဲ့ လုပ်မှာမှ မဟုတ်ပဲ။ အခြေခံဥပဒေအရ တပ်က အကုန်လုံး ကြိုးကိုင်နေအုံးမှာကိုး။ အဲဒီတော့ ဒါဟာ တပ်က ပိုပြီးတော့ ပိုင်တဲ့ အစိုးရဖွဲ့နိုင်အောင် အစီအမံတော့ ရှိနိုင်တာပေါ့။ ရှိမယ်လို့လည်း ယုံကြည်တယ်လေ'

၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကြွေးကြော်ပီး အာဏာကို ဖြတ်လမ်းက ရယူလိုတဲ့ လူပုဂ္ဂိုလ် ပါတီအဖွဲ့အစည်းတချို့ကြောင့် မင်းမဲ့စရိုက်တွေ ဖြစ်ခဲ့ရတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးညီလာခံမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြောတာဟာ အန်အယ်ဒီပါတီကို ရည်ညွှန်းပြောသွားတာလို့ ရန်ကုန်မြို့ခံတွေက ယူဆပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အန်အယ်ဒီအပေါ် တင်းမာတဲ့မိန့်ခွန်းဟာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးနဲ့ တွေခွင့်တောင်းထားတဲ့ ကိစ္စအပေါ် သဘောထား တင်းမာတဲ့ တုန့်ပြန်မှုလားဆိုပြီး ရန်ကုန် နိုင်ငံရေးအသိုင်းအဝိုင်းက စိုးရိမ်နေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးညီလာခံမှာ ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိန့်ခွန်းကို ချုပ်ကြည့်ရင် စစ်အစိုးရရဲ့ တည်ဆောက်ပြုပြင်ရေး လုပ်ငန်းကိန်းဂဏန်းတွေ၊ Road Map (၇) ချက် အောင်မြင်အောင် လုပ်ကိုင်ရေး စတဲ့ အချက်တွေသာ ခါတိုင်းလို ဇောင်းပေးပြောဆိုခဲ့ပြီး တိုင်းပြည်စီးပွားရေး ကျဆင်းနေမှု အခြေအနေမှန်ကို ထောက်ပြသွားတာ မတွေရဘူးလို့ ရန်ကုန်သတင်းစာဆရာတချို့က ပြောပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပမယ့်လကို စစ်အစိုးရက မကြေညာသေးပေမယ့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီလို စစ်အစိုးရနဲ့ အလွမ်းသင့်တဲ့ ပါတီတွေကတော့ တိုင်းနဲ့ ပြည်နယ် အတော်များများမှာ ပါတီလှုပ်ရှားမှု စာစဉ်တွေ ဝေငှနေပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်မှာဆိုရင် တစည ပါတီက ရိုဟင်ဂျာတွေရဲ့ထောက်ခံမှုရအောင် စည်းရုံးနေပြီး ရိုဟင်ဂျာတွေ တစည ပါတီကို အလှူငွေထဲ့တဲ့ သတင်းစဉ်တွေပါ ဖြန့်ဝေနေတယ်လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...