Friday, April 9, 2010
“ရှေ့တန်းပျော်တဲ့လား” အပိုင်း - (၂)
ဆောင်းပါးရှင် - ဗိုလ်ရဲထက်
အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
ဒီလိုနဲ့ ရင်ခုန်စွာ စောင့်စားခဲ့ရတဲ့ ကျနော်တို့ရဲ့ ယာဉ်တန်းဟာ နေ့လည် ၁၃:၃၀ နာရီမှာ ရောက်ရှိလာပါတော့တယ်။ ဒီနောက်တော့ ကျနော်တို့ကိုပါ တင်ဆောင်ပြီး ၃ နာရီသာ သွားရတဲ့ ကော့ကရိတ် - မြ၀တီ ခရီးကို တစ်ညအိပ် ချီတက်ခဲ့ကြ ပါတယ်။ စခန်းချ ညအိပ်ရပ်နားခဲ့တဲ့ နေရာကတော့ ၎င်းလမ်းပိုင်းက ကျောက်တစ်လုံးအရပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် နောက်နေ့ နံနက် ၀၇:၀၀ နာရီမှာ ဆက်လက်ထွက်ခွာလာကြရာ သင်္ဃန်းညီနောင်ကို ရောက်ရှိခဲ့ကြပါတယ်။
အဲဒီကိုရောက်တော့ မိမိတို့လည်း သက်ဆိုင်ရာအလိုက် စစ်ကြောင်းခွဲထုတ်လိုက်ပြီး ရှေ့တန်းတပ်မ (၂၂) ကို ၀င်သတင်းပို့ရ ပါတယ်။ ဒီအချိန်မှာပဲ နွားချေးနဲ့ဆား ရောစပ်ပြုလုပ် ထားတဲ့ Bio Battery တွေကို ရှေ့တန်းစခန်းတစ်ခုလျှင် ၂ လုံး ကျဖြင့် ဝေပေးရာ မိမိမှ ပွိုင့် - ၁၉၂၁ စခန်းအတွက် တာဝန်ခံကာ ထုတ်ယူခဲ့ပါသည်။ (၎င်း Battery များနှင့် ပတ်သက်၍လည်း သီးခြားတင်ပြသွားပါမည်။ စာရေးသူ)
၎င်းနောက်တော့ ရှေ့တန်းတပ်မမှ စီစဉ်ပေးသော ချောကားဖြင့် ရွှေကုက္ကိုလ်ရွာဘက်ရှိ ခွေးအတု လမ်းဆုံဘက်သို့ ဆက်လက်ထွက်ခွါလာပြီး ၎င်းအနီးရှိ မြတ်လေးစခန်းကုန်းသို့ စခန်းချိန်းစစ်သည်နှင့် ထောက်ပံ့ရေးပစ္စည်းများ ချပေးပြီးနောက် မိမိတို့၏ ရည်မှန်းချက် ဖြစ်သော ပွိုင့် - ၁၉၂၁ သို့ ဆက်လက် ထွက်ခွါခဲ့ကြပါသည်။ ၎င်းနောက် မိမိတို့ ရည်မှန်းချက်သို့ ရောက်ရှိခဲ့ကြရာ ၎င်းနေ့တွင် မိမိတပ်ရင်းမှူးမှ မိမိတို့ ရှေ့တန်းစခန်းနှင့် တွဲလျက်ရှိ ခြေလျင်စစ်ကြောင်းကုန်းသို့ သွား ရောက်ကာ စစ်ကြောင်းမှူးနှင့် တွေ့ဆုံ ပြီးနောက် ရန်သူတပ်တည်နေရာများနှင့် မိမိတပ်စခန်း တပ်တည်နေရာများ ပါဝင်တဲ့ မြေပုံညွှန်းများအား မိမိတပ်ရဲ့မြေပုံတွင် မတင်ရသေးလို့ မိမိကိုလည်း မြေပုံတင်ခိုင်းပါသည်။ ကျနော့်သူငယ်ချင်းမှာလည်း ၎င်းစစ်ကြောင်းတွင် ဒုတပ်ရင်းမှူး IO လုပ်နေသဖြင့် တော်တော် အဆင်ပြေသွားပါသည်။
ညနေရောက်သောအခါ စစ်သည်များမှာ ကိုယ်လက်လှုပ်ရှားသည့် သဘော ပိုက်ကျော်ခြင်းခတ်ခြင်း၊ ဘုရားဝတ်တက်ခြင်း များ ပြုလုပ်ကြပြီးနောက် လွတ်လွတ်လပ်လပ် နေထိုင် နေကြပါသည်။ ထို့နောက် စခန်းအောက်ခြေတွင် ကားသံများကြား၍ ဘာပါလိမ့်ဟု မေးရာ ၎င်းကားများမှာ သစ်ခိုးထုတ်သောကားများ ဖြစ်ကြောင်း၊ တရားဝင်လိုင်စင် ယူထား သော်လည်း လိုင်စင်တွင် ပါရှိသည်ထက် ပိုမို ခိုးထုတ်ကြကြောင်း၊ ထိုသို့ ခိုးထုတ်နိုင်ရန် စခန်းထိုင်အဖွဲ့ကို ပေးကမ်းရကြောင်း၊ ၎င်းကား များရှိနေ၍ စစ်သည်များလည်း အတော် အသင့် အဆင်ပြေ အသက်ရှူချောင်ကြောင်း ပြောပြ၍ သဘောပေါက်လာပါသည်။ နိုင်ငံပိုင် သယံဇာတတွေ ဆုံးရှုံးနစ်နာတာကိုတော့ ဘယ်သူကမှ ဂရုမထားကြဘဲ ပြောနေကြတာတော့ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ဆိုတော့ ရဲထက် လည်း ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။
အင်း… ဒါကြောင့် စစ်သည်တွေ နောက်တန်းမှာ နေမပျော်ပဲ ရှေ့တန်းချည်း လိုက်ချင်နေကြတာကိုး လို့တော့ သိခဲ့။ ပြီးတော့ ၎င်းနေရာတွင် အရက်ရှာဝယ်မရပေ။ ၎င်းအတွက် လူရည်လည်သော စစ်သည်များမှာ သင်္ဃန်းညီနောင်တွင် အရက်ဆီများ ကို ၀ယ်လာပြီး ပြန်ရောင်းကြရာ ၎င်းတို့အတွက် စီးပွါးလည်း ဖြစ်နေပါသည်။
သို့နှင့် မိမိ၏ တာဝန်ဖြစ်သော တပ်ကြပ်ဝဏ္ဏ သေဆုံးမှုကို စစ်ဆေးရန်အတွက် မေးမြန်းကြည့်ရာ ကျနော့်တပ်ရင်းမှူး ထင်ထားသည့် အတိုင်းပင်။ သာမန် ရေခပ်ဆင်းရင်း သစ်ပင် ပိသည် မဟုတ်ပဲ အလှည့်ကျ သစ်ကားများအား ပိုက်ဆံတောင်းစဉ် ဖြစ်သည်ကို သိရှိရလေသည်။ အော်….. နိုင်ငံတော်ရဲ့ လုံခြုံရေးအတွက် စစ်သည်တွေကို ရှေ့တန်းပို့ကာမှ တိုက်ရင်း မသေပဲ ငွေတောင်းရင်း သေရသည်တဲ့လေ။ ဒါတွေဟာ တကယ်တော့ အုပ်ချုပ်မှု၊ ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး အထက်က သေချာ မစီစဉ်ပေးတဲ့အတွက် အခုလို ဖြစ်ရခြင်းပါ။
၂၀၀၉ ခုနှစ် အတွင်းလား ၂၀၀၈ အကုန်ကိုလား၊ ကျနော် သေချာ မမှတ်မိတော့ပါ။ တပ်မတော်ရိက္ခာထဲမှ ပဲကိုလျှော့လိုက်ပြီး ကျန်ရိက္ခာခြောက်များအစား ငွေကျပ် ၃၀၀ ကို အစားထိုး ပေးပါသည်။ သို့သော် ပို၍သာ ဒုက္ခရောက်ရပါသည်။ ဤသို့သာ ဆက်လုပ်နေလျှင် တပ်မတော်မိသားစုများမှာ ငတ်သေဖို့သာ ရှိပါတော့သည်။ ထို့အတွက် ရှေ့တန်း စခန်းများတွင် ဤသို့ဖြစ်ပျက်နေသည်က စစ်သည်များ၏အပြစ် လုံးဝ မဟုတ်ပါ။ သောက်သုံးမကျ ကိုယ်ကျိုးရှာနေသော မိမိတို့ နိုင်ငံနှင့် တပ်မတော်ကို ဆင်းရဲတွင်းသို့ ဆွဲချပြီး ကိုယ်တိုင်နှင့် ကိုယ့်မိသားစုများကျတော့ ချမ်းသာပြီးရင်း ချမ်းသာနေသော အာဏာရှင်တစ်စုတွင် လုံးဝတာဝန်ရှိပေသည်။
သို့သော် လက်ရှိအနေအထားအရ တိုက်ပွဲတွေကို တိုက်ရင်း တိုင်းပြည်အတွက် အသက်ပေးချင်လို့ ပျော်ကြတဲ့ ရှေ့တန်းပျော်များ မဟုတ်ကြတော့ဘဲ အော်… နောက်တန်းထက် စာရင် အစားချောင် အနေချောင်သလို ရှိလို့ ရှေ့တန်းပျော်နေရတာတွေကို ကြည့်ကာ မိမိနိုင်ငံတော်ရဲ့ လုံခြုံရေး၊ တပ်မတော်ရဲ့ ဂုဏ်ကျက်သရေ မြင့်မားရေးတို့အတွက် ရင်လေးနေမိပါသည်။ ဘာပဲဖြစ်ဖြစ် စစ်သည်တွေ ရှေ့တန်းပျော်နေရခြင်းကို သုံးသပ်ရသော်……….
(၁) နောက်တန်းတွင် အရည်မရ အဖတ်မရ လူကြီးစစ်ဆေးခံရန် ပုံမှန်လုပ်နေကြရပြီး လက်တွေ့တွင် ဘာမှဖြစ်မလာသော သြ၀ါဒများကြောင့်သော်လည်းကောင်း။
(၂) နိုင်ငံတော်စီမံချက်ဆိုသည့် အာဏာရှင်များ၏ ယတြာလိုလို ဘာလိုလိုများကို လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်နေရမှုများကြောင့် လည်းကောင်း။
(၃) ရှေ့တန်းတွင်ကား ရှင်းသည်၊ မိမိတို့ လေ့ကျင့်ခန်းကို လုပ်ပြီးလျှင် အလှည့်ကျ စခန်းခံစစ် တည်ဆောက်ရေးကိုလုပ်၊ သည့်နောက် အုပ်ချုပ်မှုကိစ္စ လုပ်ပြီးလျှင် အေးအေးလူလူ နားနေရုံသာ ရှိသည်။ နောက်တန်းကဲ့သို့ လူကြီးလာမှာမို့တို့ ဘာတို့ ဆိုတာ မရှိ။ စတဲ့ ……. စတဲ့ …… အကြောင်းတွေကြောင့်… ရှေ့တန်းပျော် စစ်သည်ရဲဘော် အပေါင်းတွေ မွန်းကျပ်မှု၊ ဆင်းရဲဒုက္ခဖြစ်မှုတို့အပေါင်းမှ ထာဝရ လွတ်ကင်းနိုင်ကြပါစေဟုသာ...။
source by : http://www.photayokeking.org
အပြည့်အစုံ ဖတ်ရန် ...
Saturday, April 3, 2010
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့  ကိုယ်ရံတော် ခါးပိုက်ဆောင် တပ်ဖွဲ့ (သို့) အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့
ဆောင်းပါးရှင် – Lt.Comet (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)
စာဖတ် ပရိသတ်များခင်ဗျား
ယနေ့ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ လုံခြုံရေးကို ကြောက်ရွံ့ကြတဲ့နေရာမှာ ရန်သူတွေထက် မိမိ အချင်းချင်း နောက်ကျော ဓားနဲ့ ထိုးခံရမှာကို ပိုမိုပြီး သေမလောက် ကြောက်နေကြပါတယ်။ တပ်မတော်သားချင်း တူရင်တောင် တိုင်းစစ်ဌာနချုပ်နဲ့ စစ်ရုံးတို့က စစ်သည်များကို အတွင်းစည်းထိ ကပ်ခွင့် ပေးပေမဲ့ အနီးကပ်ကိုတော့ မရရှိသေးတာမို့ ဗိုလ်သန်းရွှေက ယုံကြည်မှု နည်းနေသေးကြောင်း ထင်ရှား နေပါတယ်။ ဗိုလ်သန်းရွှေဟာ ဗိုလ်နေ၀င်းလို သနက (၄)ကဲ့သို့ အနီးကပ် တပ်မျိုး မထားပေမဲ့ စိတ်ကြိုက် ရွေးချယ် လေ့ကျင့်ထားတဲ့ ကိုယ်ရံတော် ခါးပိုက်ဆောင် တပ်ဖွဲ့ ထားရှိကြောင်းကို သင်တန်းတွေမှာ ထူးချွန်စွာ ဆင်းလာခဲ့တဲ့ ပင်တိုင် ဆောင်းပါးရှင် ရုရှားပြန် တပ်မတော် အရာရှိ Lt.Comet က “စည်းလုံးခြင်းရဲ့အင်အား” သို့ ရေးသား ပေးပို့လာပါတယ်။
မြန်မာနိုင်ငံမှာ နအဖခေါင်းဆောင် ဗိုလ်သန်းရွှေတို့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဖြစ်သော အကြမ်းဖက် နှိမ်နင်းရေး လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့ ပေါ်ပေါက်လာပုံဟာ ဗိုလ်ခင်ညွှန့်ကနေ စရမယ်လို့ ပြောရပါမယ်။ န၀တ စဖွဲ့ခါစမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ခံရမှုဖြစ်စဉ် တစ်ခု ဖြစ်ပွားလာရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်က ဖွဲ့စည်းဖို့ အမိန့်ပေး လာခဲ့ပါတယ်။ အဲဒီအခါ ဗိုလ်ခင်ညွှန့်ဟာ ထောက်လှမ်းရေး အကူ(၁) မှ ဗိုလ်မှူးသူရ တင့်ရွှေအား ဦးစီးခိုင်းကာ ရဲမွန်တပ်မြို့မှာ အခြေပြုပြီး ပထမဦးဆုံး အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ကို စတင် ဖွဲ့စည်းပေးခဲ့ပါတယ်။ တပ်ဖွဲ့ဝင်များကို ကျည်ကာ အင်္ကျီများ ၀တ်ဆင်စေပြီး ဆက်သွယ်ရေး အိုင်ကွန်စက်များ၊ လမ်းလျှောက် စကားပြောစက်များ ကိုင်ဆောင် စေကာ အသေခံ ကွန်မန်ဒို တပ်ဖွဲ့များ သဖွယ် လှုပ်ရှားဆောင်ရွက် စေခဲ့ပါတယ်။
ယနေ့အခါမှာ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့အဓိက တာဝန်ကတော့ ဗိုလ်သန်းရွှေရဲ့ အနီးကပ် လုံခြုံရေး အတွက် ပြည်တွင်းပြည်ပ နိုင်ငံတကာ ခရီးစဉ်များတွင်ပါ လိုက်ပါ ဆောင်ရွက် သွားစေရေး ဖြစ်ပါတယ်။ ဗိုလ်ခင်ညွှန့် ရှိစဉ်က သူ့ရဲ့ အနီးကပ် လုံခြုံရေးကိုလည်း သွယ်ဝိုက် ဆောင်ရွက် စေခဲ့ပါတယ်။ အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ကို ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်းကြီးမှာလည်း ပါဝင် လေ့ကျင့်စေ ခဲ့ပါတယ်။ ကျွန်း တစ်ကျွန်းမှာ ပြန်ပေးဆွဲ အနုကြမ်း စီးခံရတဲ့ အရေးကြီး ပုဂ္ဂိုလ်များကို ရဟတ်ယာဉ်ဖြင့် ဆိုင်းကြိုးများနဲ့ ဆင်းကာ ကယ်ထုတ်ရတဲ့ နိုင်ငံတကာ အဆင့်မှီ အကြမ်းဖက်ခံရမှု မှ ကယ်တင်ရေး စစ်ဆင်ရေး လေ့ကျင့်ခန်း ဖြစ်ပါတယ်။
ဒီတော့ကာ အဲဒီတပ်ဖွဲ့ပါ အရာရှိထဲမှာ ဗိုလ်ခင်ညွှန့်ရဲ့သား ဗိုလ်မှူးတစ်ဦး အပါအ၀င် ထောက်လှမ်းရေး အများစု ပါရှိ ခဲ့တာမို့ ဗိုလ်သန်းရွှေ သွားတဲ့နေရာ မှန်သမျှ၊ လုပ်ဆောင်မှု မှန်သမျှကို နောက်ယောင်ခံ လိုက်ပြီးသား ဖြစ်နေတာမို့ ဗိုလ်သန်းရွှေ အနေနဲ့ လက်မခံတော့ဘဲ ပြင်ဆင်ဖွဲ့စည်းခိုင်းပါတော့တယ်။ ဟိုအရင် ဗိုလ်ခင်ညွှန့်ဟာ ထောက်လှမ်းရေးအဖွဲ့ကို အသုံးပြုပြီး မိမိရာထူး တည်တန့်ရေးကို လုပ်ဆောင် ခဲ့ပေမဲ့ ဗိုလ်သန်းရွှေက ဗိုလ်ခင်ညွှန့်ရဲ့ အကွက်ကို ကြိုမြင်တော့ ဗိုလ်သန်းရွှေက မင်းတို့ လိုချင်တဲ့ အရာတော့ မရဘူး မင်းတို့ မသွားချင်တဲ့ အင်းစိန်တော့ ပို့မယ်ဆိုပြီးတော့ အင်းစိန်ကို ပို့လိုက်ပါတယ်။ ဒီလို ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ဗိုလ်သန်းရွှေက စဉ်းစားမိလာပါတယ်။ ငါသာ ဗိုလ်ခင်ညွှန့်လို အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးထားရင် ဘယ်လိုနေမလဲဆိုတဲ့ စဉ်းစားချက်နဲ့အတူ အကောင်အထည် ဖော်လာ ခဲ့ပါတယ်။
အကြမ်းဖက် နှိမ်နင်းရေး သင်တန်းဆိုတာကို တက်ချင်တိုင်းတက်လို့မရပါဘူး။ အကြမ်းဖက် နှိမ်နင်းရေး သင်တန်း တက်ချင်ပါက စစ်ဖက်ရေးရာ လုံခြုံရေး သင်တန်းနှင့် တန်ပြန် ထောက်လှမ်းရေး သင်တန်းများကို တက်ရောက် ပြီးစီးပြီးဖြစ်ရမဲ့အပြင် ထူးချွန်သူ သင်တန်းသားများကိုသာ ရွေးချယ်ခေါ်ယူသော သင်တန်း ဖြစ်ပါတယ်။
အကြမ်းဖက် နှိမ်နင်းရေး သင်တန်းကို တက်ရောက်ဖို့ မပြောပါနဲ့ စစ်ဖက်ရေးရာ လုံခြုံရေး သင်တန်းကိုပင် တက်ရောက်ဖို့ အတွက် ပိုက်ဆံတွေ အမြောက်အမြား အကုန်ခံပြီး တက်ရောက်ခွင့် ရဖို့ကို လုပ်နေကြသူတွေ အများကြီး ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလို ခက်ခက်ခဲခဲ တက်ရတဲ့ သင်တန်းများတွင်လည်း အထူးချွန်ဆုံး ဖြစ်မှသာ အကြမ်းဖက် နှိမ်နင်းရေး သင်တန်းကို တက်ရောက်ရမှာ ဖြစ်ပါတယ်။ စစ်တပ် အသိုင်းအ၀န်းတွင် တပ်ခွဲမှူးသင်တန်းမှာ အရေးကြီးသော သင်တန်းဟုအများက လက်ခံထားပြီး တပ်ခွဲမှူး သင်တန်း ခေါ်ယူကြောင်း သိရှိရသည်နှင့် အခြားမည်သည့် သင်တန်းကိုမှ တက်ရောက်ခွင့်မရှိဘဲ တပ်ခွဲမှူး သင်တန်း ဖွင့်တဲ့အထိ စောင့်ဆိုင်းနေရပါတယ်။
တကယ်လို့ အခြားသင်တန်းနဲ့ တိုက်ဆိုင်နေရင် အခြား သင်တန်းများကို ဖျက်ပြီး တပ်ခွဲမှူး သင်တန်းကိုသာ ဦးစားပေး တက်ရောက်ကြရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တပ်ခွဲမှူး သင်တန်းမှာ ကက(ကြည်း) ညွှန်ကြားချက်နဲ့ ခေါ်ယူတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်ခွဲမှူး သင်တန်းတက်ရောက်ဖို့အတွက် ဗထူးမြို့သို့ ရောက်ရှိပြီး ဖြစ်ပေမဲ့ အကြမ်းဖက် သင်တန်းမှာ ထပ်မံ အရွေးခံရရင်တော့ အကြမ်းဖက် သင်တန်းကို သွားရောက်တက်ဖို့ ပြန်လည် စေလွှတ်ခြင်းများလည်း ရှိပါတယ်။ ဒါကိုကြည့်ရင် အကြမ်းဖက် သင်တန်းမှာ သင်တန်း အားလုံးထက် အရမ်းကို အရေးကြီးကြောင်း သိရှိနိုင်ပြီး ဦးသန်းရွှေ ကို်ယ်တိုင် ရွေးချယ် ထားတာလည်း ဖြစ်ပါတယ်။
အကြမ်းဖက် အဖွဲ့ဝင်များကို ဗိုလ်သန်းရွှေမှ တိုက်ရိုက် ကွပ်ကဲခြင်းဖြစ်ပြီး ထောက်လှမ်းရေး အဖွဲ့များထက် လုပ်ပိုင်ခွင့်များစွာ ပေးထားပါတယ်။ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ဝင်များဟာ စစ်ရုံးထဲသို့ သေနတ် ကိုင်ဆောင်ပြီး လွတ်လပ်စွာ သွားလာခွင့်ကို ရရှိထားကြပါတယ်။
အကြမ်းဖက် နှိမ်နင်းရေး သင်တန်းကျောင်းသို့ရောက်တာနဲ့ သင်တန်းသားများ အားလုံးရဲ့ ဆံပင်များဟာ စစ်တပ်ထုံးစံ အတိုင်း ရှေ့ ၁ လက်မ နောက်ပြောင် ညှပ်ခြင်းမှ စတင် ရပါတယ်။ ထို့နောက် သင်တန်းဖွင့်တဲ့ ညပိုင်းအိပ်ချိန် ၁ နာရီ ကျော်မှာ သင်တန်းသားများနေတဲ့ ညအိပ်ဆောင်ရဲ့ မျက်နှာကျက်ပေါ်မှ သေနတ် ကိုင်ဆောင်ပြီး မျက်နှာဖုံးစွပ်လူများ ဆင်းလာပါ တော့တယ်။ အဲဒီနောက် “မင်းတို့ သင်တန်းကျောင်းအား ငါတို့အဖွဲ့မှ သိမ်းပိုက်လိုက်တယ်” ဆိုတဲ့ စကားနဲ့အတူ သေနတ်များကို တရစပ် ပစ်ခတ်ပါတော့တယ်။
ပစ်ခတ်တယ် ဆိုရာမှာ မျက်နှာကျက်ပေါ်သို့ ပစ်ခတ်ခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သင်တန်းသားတို့ရဲ့ လက်များအား မိမိတို့၏ ခေါင်းပေါ်သို့ တင်ထားရန် ပြောပါတယ်။ သင်တန်းသား အချို့မှာ မယုံကြည်သဖြင့် မျက်နှာဖုံးစွပ် လူများရဲ့ ခိုင်းစေချက်များကို မလုပ်သူများလည်း ရှိပါတယ်။ အဲဒီလို မလုပ်သူများရဲ့ မျက်နှာအား ခြေထောက်ဖြင့် ကန်ခြင်းများလည်း ရှိပါတယ်။ ပြောမည်ဆိုလျှင် အပြင်မှာ တကယ့်ကို အနုကြမ်းဝင်စီးတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ အဲဒီလို လုပ်ရခြင်းမှာ နအဖတို့ရဲ့ brain wash လုပ်ခြင်း ခေါ် ဦးနှောက် ဆေးကြောမှု တစ်ခုပင် ဖြစ်ပါတယ်။
အဲဒီ သင်တန်း တက်ရောက်တဲ့ သူများရဲ့  အနိမ့်ဆုံး အဆင့်မှာ ဗိုလ်ကြီး ဖြစ်ပါတယ်။ သင်တန်း ကာလမှာ ၄ လ ဖြစ်ပြီး သင်တန်း ကာလအတွင်း အခက်အခဲများစွာ ရှိပါတယ်။ ကီလိုမီတာ ၆၀ နှင့် မောင်းနေသော ဟိုင်းလတ်ကားပေါ်မှ နောက်ကျွမ်းထိုးပြီးတော့ မြေပြင်ပေါ်သို့ ဆင်းသော သင်ခန်းစာများ၊ ကီလိုမီတာ ၈၀ နှင့် မောင်းနေသော ကားပေါ်မှ ခုန်ချရသော သင်ခန်းစာများ၊ ရဟတ်ယာဉ်သည် အနိမ့်ပျံသန်းစဉ် အလွတ်တန်း (ဘာမှမပါဘဲ) ခုန်ချရသော သင်ခန်းစာများ စသဖြင့် သာမန်ထက် ခက်ခဲသော သင်ခန်းစာများကို သင်ကြားကြရပါတယ်။ သင်တန်းသား ၅၀ ခန့် ရွေးချယ်ခေါ်ယူ သင်တန်းပေးပြီးနောက် သင်တန်းကာလ ၄ လ ပြီးဆုံးချိန်မှာတော့ သင်တန်းကို အောင်မြင်စွာပြီးဆုံးတဲ့ သင်တန်းသားဦးရေမှာ ၂၀ ပင် မပြည့်တော့ပါ။
အဲဒီလို ခက်ခဲတဲ့ သင်တန်းကို တက်ရောက်ပြီးစီးရင် ဗိုလ်သန်းရွှေရဲ့ ကိုယ်ရံတော် တပ်မှူးဘ၀သို့ ရောက်ရှိပါ တော့တယ်။ သို့သော်လည်း အဲဒီတပ်ဖွဲ့ဝင်တွေရဲ့ ခံယူချက်နဲ့ သစ္စာရှိမူကို အမြဲမပြတ် စောင့်ကြည့် နေတတ်ပြီး သူတို့ရဲ့ ဟန်ပန်အမူအရာဟာ သံပတ်ပေးထားတဲ့ စက်ရုပ်ပမာ ခက်ထန် မာကြော နေတာလည်း လေ့ကျင့်ထားမူရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။
အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ရဲ့ ပါဝင်မှု အခန်းကဏ္ဍဟာ ဗိုလ်သန်းရွှေရဲ့  လုံခြုံရေး ဖြစ်တာနဲ့ အညီ စစ်တပ်ရဲ့  လုံခြုံရေး သတ်မှတ်ချက် စည်း(၃) စည်း ဖြစ်တဲ့ အဝေးစည်း၊ အပြင်စည်း၊ အတွင်းစည်း ထက် ပိုပြီး အနီးကပ် ဆောင်ရွက်ရတာမို့ စစ်တပ်မှ ပုန်ကန်မှု ဖြစ်ရင်တောင် အဲဒီတပ်ဖွဲ့ကို ချေမှုန်းပြီးမှ ဗိုလ်သန်းရွှေကို ကပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို သူမတူတဲ့ ခံစားခွင့်တွေကို ပေးထားတာမျိုး တွေ့ရပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေရဲ့ တာဝန်ဟာ (၂၄) နာရီ နေ့စဉ် ရက်ဆက် နှစ်နဲ့ ချီပြီး ထမ်းဆောင်ရတာမို့ ထောက်လှမ်းရေး တပ်ဖွဲ့များ ရှိစဉ်ကပင် တပ်ဖွဲ့ဝင် တော်တော်များများဟာ မိသားစု Family Life မရှိတာကြောင့် တပ်ပြောင်း လိုခြင်း၊ ထွက်ခွင့် တင်လိုခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။
အမှန်တကယ်တော့ အကြမ်းဖက်ခံရမှု ဖြစ်စဉ်အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းလာတဲ့ အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ဟာ လက်တွေ့ နယ်ပယ်မှာ ဗိုလ်သန်းရွှေရဲ့ လက်ကိုင်တုတ် အနီးကပ် တပ်သာ ဖြစ်လာပြီး ရန်ကုန်တွင် ရှိတုန်းက တပ်ရဲ့ ဖွဲ့စည်းပုံအရ မူလက တာဝန်ရှိထားတဲ့ ကာကွယ်ရေး ၀န်ကြီးဌာန စခန်းရုံး တပ်ဖွဲ့များနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ခမရ (၃၀၃) လို တပ်များကို မယုံကြည် တော့တဲ့ အသွင်သဘောမျိုး ဆောင်နေပြန်တာမို့ ကျန်တပ်မတော်သားများ အနေနဲ့တော့ သူတို့ကို အခွင့်ထူးခံ တပ်ဖွဲ့ အနေနဲ့သာ ရှုမြင်နေကြကြောင်း တင်ပြလိုက်ရပါတယ်။
source by : http://www.photayokeking.org
အပြည့်အစုံ ဖတ်ရန် ...
Thursday, April 1, 2010
“ရှေ့တန်းပျော်တဲ့လား” အပိုင်း - (၁)
ဆောင်းပါးရှင် - ရဲထက်
စာဖတ်ပရိသတ်များခင်ဗျား
ပင်တိုင်ဆောင်းပါးရှင် ရဲထက် ရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဒီကနေ့ စာဖတ်ပရိသတ်များအား တင်ပြ ပေးလိုက်ပါတယ်။ ဒီဆောင်းပါးမှာ စစ်သည်တွေဟာ ရှေ့တန်းတွင်သာ ပျော်နေကြပြီး ခံယူချက်၊ ယုံကြည်ချက် အပိုင်းမှာတော့ လုံးဝကို မရှိ သလောက် ဖြစ်နေကြရပုံ၊ နောက်တန်းတွင် မွန်းကျပ်မှုများနဲ့အတူ စားဝတ်နေရေး ခက်ခဲကြရပုံ၊ ရှေ့တန်း စခန်းထိုင် တွေမှာ “ဂွင်” ကောင်းတဲ့နေရာ အကြံအဖန်တွေ ရှိသလို တချို့ စစ်သည်တွေ ငွေကြေးကိစ္စနဲ့ အသက်ပေးကြရပုံ၊ စားဝတ် နေရေးအတွက် ရှေ့တန်း စခန်းထိုင်ရောက်ရင် ကြုံသလို စီးပွါးရှာနေကြရပုံတွေကို တင်ပြထားပါတယ်။
တစ်နေ့ ကျနော်သင်တန်းမှ ခေတ္တပြန်ရောက်ပြီး (၁၅) ရက်ခန့်အကြာတွင် ကျနော်တို့ တပ်ရင်းမှူးမှ မိမိတပ် ကွပ်ကဲမှု အောက်ရှိ ရှေ့တန်းအမြောက်စခန်းများသို့ သွားရောက် စစ်ဆေးရန်ရှိကြောင်း ပြောကြားလေရာ ကျနော်လည်း “အင်း ... စစ်သည်တွေ နောက်တန်းမှာ မနေချင်ဘဲ ရှေ့တန်းချည်း လိုက်ချင်နေကြတာ ဘာလို့လဲ မသိဘူး၊ ငါလည်း စခန်းစစ် လိုက်ရ အောင် တပ်ရင်းမှူး သွားပြောဦးမှပဲ ” ဆိုပြီး တပ်ရင်းမှူးထံ သွားရောက်ခဲ့ပါလေတော့သည်။
တပ်ရင်းမှူးနှင့်တွေ့တော့ “ဗိုလ်ကြီးရဲထက် ဘာကိစ္စရှိလို့လဲ” ဟု ကြိုမေးခံလိုက်ရတော့ နည်းနည်းတော့ ၀မ်းသာသွားမိ သည်။ လာရင်းကိစ္စကို တင်ပြရမည်က ကျနော့်တာဝန်မို့ “ဟုတ်ကဲ့ အဘ၊ ကျနော် အဘနဲ့အတူ ရှေ့တန်းစခန်းစစ် လိုက်ချင် လို့ပါ အဘ” လို့ လည်း ဆိုလိုက်ရော တပ်ရင်းမှူးမှာ အံ့သြသော မျက်လုံးများဖြင့် ကျနော့်ကို ကြည့်ရင်း “ဘာလို့လဲ” ဟု မေးလေသည်။ ကျနော်လည်း “ဟုတ် ကျနော်က သင်တန်းတွေပဲ တက်နေရတော့ ရှေ့တန်းအတွေ့အကြုံလည်း မရှိဘူး၊ ဒါကြောင့် အတွေ့အကြုံရအောင် လိုက်ချင်လို့ပါ” ဆိုပြီး ပြန်ပြောလိုက်တော့ နဲနဲစဉ်းစားနေသလို “မင်း ခွင့် ပြန်မလို့်ဆို သင်တန်းက ဘယ်နေ့အရောက်လည်း” ဟု မေးလာတော့ ကျနော့်စိတ်ထဲတွင် “အော် ... တော်တော်စေ့စပ်တာပဲ” လို့ တွေးရင်း “ဟုတ် မပြန်တော့ပါဘူးအဘ၊ အိမ်က ၃ ညအိပ် ၄ ရက် သွားရမှာဆိုတော့ သင်တန်းပြန်သွားရမှာနဲ့ဆို မထူးဘူး အဘ၊ ဒါကြောင့် ရှေ့တန်းစခန်းစစ်ပဲ လိုက်ပါ့မယ်၊ ပြီးတော့ သင်တန်းကလည်း နောက် ၁၅ ရက်မှ အရောက်သွားရမှာပါ အဘ၊ ခရီးစဉ်က ၁၀ ရက်ထဲ ဆိုတော့ မှီပါတယ် ခင်ဗျ” လို့ ဖြေလိုက်တော့ တပ်ရင်းမှူးမှ သေချာစဉ်းစားပြီး “ အေး ဒါဆို လိုအပ်တာတွေတော့ပြင်ထား လိုက်ရမယ် မလိုက်ရဘူးတော့ ငါ မပြောနိုင်သေးဘူး၊ တာဝန်တောင်းတာတို့ လူစားလိုက်တာ တို့ဟာ မကောင်းဘူးဆိုတာ မင်း သိတယ်မလား” ဟု စိုးရိမ်စွာနဲ့ ကျနော့်ကိုပြန်ပြောလိုက်တဲ့အခါ ကျနော်လည်း တပ်ရင်းမှူး ကို လေးစားသထက် လေးစားသွားခဲ့ရပါသည်။ ကျနော်လည်း ချက်ချင်း “ဟုတ် သိပါတယ် အဘ၊ ဒါပေမယ့် ဒါက စခန်းစစ် သက်သက်ဆိုတော့ ဘာမှတော့ အန္တ္တရာယ် မဖြစ်နိုင်ပါဘူး ခင်ဗျ၊ ကျနော် လိုအပ်တာတွေ ပြင်ထားလိုက်ပါ့မယ်” ဆိုပြီး အလေးပြုကာ ထွက်လာခဲ့ပါတော့သည်။
ကျနော်သိပ်မျှော်လင့်တဲ့ အဲဒီနေ့လည်း ရောက်ရော နံနက်တန်းစီမှာ ဆရာ၊ ဆရာကြီးတွေက ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကျနော့်ကိုကြည့်ပြီး ဆရာတစ်ယောက်က “ဗိုလ်ကြီး ဒီပုံစံနဲ့ ရှေ့တန်းလိုက်မလို့လား” ဆိုပြီး လာမေးတော့ “ဟင် ဘာကိုလဲ ကျနော် ဘာမှ မသိပါလား” ဆိုတော့ “ဟင်… ဗိုလ်ကြီး မသိသေးဘူးလား၊ မနေ့က တပ်ရင်းမှူးဟာ ရှေ့တန်းချိန်းမဲ့ စစ်သည်တွေကို ပွိုင့် - ၁၉၂၁ နဲ့ မြတ်လေးကုန်းက ဗိုလ်ကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိမယ်ဆိုပြီး ပြောနေတယ်။ ဆက်သွယ်ရေးကလည်း မနေ့ညနေကပဲ စခန်းချိန်းစစ်သည် အမည်စာရင်းနဲ့ စခန်းစစ်သွားမဲ့ စာရင်းတွေပို့တာ ဗိုလ်ကြီးနံမည်ပါတယ်” လို့ ဆိုတော့ “ဟုတ်လား.. ကျနော် တကယ် မသိတာ၊ အင်းပါ... တပ်ရင်းမှူး ပြောတော့မှ လုပ်တာပေါ့” ဆိုပြီး ပုံမှန်တန်းစီဝတ်စုံနဲ့ (ရွှေရောင်အပွင့်၊ ရှူး၊ ဘယ်ရီ (သို့) တောဆောင်း) နဲ့ ၀င်တန်းစီ လိုက်ပါတယ်။
ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း အလေးပြု၊ သစ္စာဆိုပြီးတော့ တပ်ရင်းမှူးက တန်းအပ်လက်ခံပြီး မှာစရာရှိတာမှာကာ တန်းဖြုတ်တော့မှ ကျနော့်ကို “ဗိုလ်ကြီးရဲထက် မင်းပစ္စည်းတွေ ပြင် ယူနီဖောင်းချိန်း အဆင်သင့်လုပ်ထား၊ ပြီးရင် ငါမှာထားတဲ့အတိုင်း လက်နက်ထုတ်တာကို မင်းကြီးကြပ်၊ သေနတ်နံပါတ်တွေ စာရင်းအတိုင်း လူနဲ့ သေနတ်နဲ့ မှန်ပါစေ မလွဲစေနဲ့” ဆိုပြီး မှာကြားတော့ ကျနော်ကလည်း “ဟုတ်… ကျနော်ကော ဘယ်သေနတ် ထုတ်ရမလဲခင်ဗျ၊ အရင်သေနတ်ပဲလား ခင်ဗျ” ဆိုတော့ နဲနဲစဉ်းစားပြီး “ထုတ်မနေ ပါနဲ့ကွာ၊ တပ်မှာ လက်နက်က မကျန်ဘူး ဖြစ်နေတယ်၊ ဂိတ်လည်း လုံခြုံရေး ရှိသေးတယ်” လို့ ပြောလာပါတယ်။
ကျနော်လည်း တပ်ရင်းမှူး မှာကြားတဲ့အတိုင်း စီစဉ်ဆောင်ရွက်ပြီးလို့ အားလုံး အသင့်ဖြစ်ကြောင်း သတင်းသွားပို့တဲ့ အခါမှာတော့ တပ်ရင်းမှူးမှ မိမိအား “အေး… တပ်ကြပ်ဝဏ္ဏ သေဆုံးခဲ့မှု အပေါ်မှာ ငါသတင်းရထားတာ တမျိုး၊ အမှန်က တမျိုး ဖြစ်နေတယ်။ ဒါကတော့ ငါတို့ သိထားဖို့ပဲ၊ တကယ်လုပ်ရမှာက ရှေ့တန်းက ပို့လာတဲ့ ဖြစ်စဉ်အရ စုံခုံ (စုံစမ်းစစ်ဆေးရေး ခုံရုံး) မှာ လက်မှတ်ထိုးဖို့ ကျန်နေတဲ့သူတွေ လက်မှတ်ထိုးဖို့နဲ့ ခြေလျင်စစ်ကြောင်းက ဆေးမှူးရဲ့ ထွက်ဆိုချက်ယူဖို့ပဲ။ အဲဒါ အချောသတ် လုပ်ရမယ်။ အဲဒါ မင်းတာဝန်ယူရမယ်” ဆိုပြီး သီးခြားတာဝန် ပေးအပ်လာပါတယ်။
ကျနော်လည်း သိကြတဲ့အတိုင်း ရှေ့တန်းဆိုတာကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတော့မှာ ဆိုတော့ ကြည်နူးသလိုလို ဘာလိုလိုနဲ့ ခံစားချက်က ရှိန်း..ရှိန်း..နဲ့ မိမိတာဝန်အရ လုပ်ရမှာတွေကို သေချာရေးမှတ်ပြီး မိမိအုပ်ချုပ်မှုအောက်မှာ ရှိကြမဲ့ စစ်သည်တွေကို မှာစရာရှိတာမှာကာ ယာဉ်တန်းကို စောင့်နေပါတော့တယ်။
အပိုင်း (၂) ကို နောက်တစ်ပတ် ဆက်လက်တင်ပြသွားပါမယ် ခင်ဗျား။
source by : http://www.photayokeking.org
အပြည့်အစုံ ဖတ်ရန် ...
Wednesday, March 31, 2010
မြန်မာကို ပိုအရေးယူဖို့ အထက်လွှတ်တော်အမတ် ၉ ဦး အမေရိကန်သမ္မတထံ စာရေးတိုက်တွန်း
RFA | အမေရိကန်သမ္မတ အနေနဲ့ ပြဌာန်းပြီးဥပဒေတွေအရ မြန်မာစစ်အစိုးရ အပေါ် ပိတ်ဆို့ အရေးယူတာတွေကို ပိုပြီးထိရောက်အောင် ဆောင်ရွက်ပေးဖို့ အမေရိကန်အထက်လွှတ်တော် အမတ် ၉ ဦးက သမ္မတ ဘားရက် အိုဘားမားထံ စာရေးတောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေပါ ကန့်သတ်ချက်တွေဟာ ဒီမိုကရေစီလုပ်ငန်းရဲ့ အနှစ်သာရတွေကို မထေ့မဲ့မြင်ပြုရာ ရောက်နေပြီး၊ ဒီဥပဒေတွေကို ကြည့်ခြင်းအားဖြင့် အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ စစ်အစိုးရအပေါ် ပိုပြီး အရေးယူပိတ်ဆို့ဖို့ လိုအပ်နေ တယ်ဆိုတာ ပေါ်လွင်နေတဲ့အတွက် အခုလို စာရေးသား တောင်းဆိုတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီစာမှာ သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက် ၂ဝဝ၈ ခုနှစ်က ဥပဒေအဖြစ် ပြဌာန်းခဲ့တဲ့ Tom Lantos JADE မြန်မာနိုင်ငံ ပိတ်ဆို့အရေးယူရေး ဥပဒေအပါ အချက် ၃ ချက်ကို ထိရောက်အောင် အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။
ဒီအချက် ၃ ချက်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုမှာ မြန်မာ့အရေးဆောင်ရွက်နေတဲ့ US Campaign for Burma အဖွဲ့က ဦးအောင်ဒင်က အခုလိုရှင်းပြပါတယ်။
'တစ်အချက်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ အထူးကိုယ်စားလှယ်နဲ့ ဒီ မူဝါဒရေးရာ ညှိနှိုင်းမှုတရပ်ကို အမြန်ဆုံး ခန့်အပ် တာဝန်ပေးဖို့၊
ဒုတိယအချက်ကတော့ ဒီ မြန်မာပြည်က စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ၊ နောက်တခါ စီးပွားရေးသမားတွေပေါ့နော်၊ ဒီ အကျိုးတူ စီးပွားရေးသမားတွေကို ဒီ ပြစ်ဒဏ်ခတ် အရေးယူတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်လုပ်ဖို့၊
နောက် တတိယကတော့ မြန်မာစစ်အစိုးရရဲ့ ငွေကြေးဥစ္စာ အရင်းအနှီးတွေကို နောက် မြန်မာစစ်အစိုးရ မိသားစုဝင်တွေရဲ့ ငွေကြေးဥစ္စာ အရင်းအနှီးတွေကို တာဝန်ခံ မြှုပ်နှံထားတဲ့၊ တာဝန်ခံ သိမ်းထားတဲ့ နိုင်ငံတွေ၊ အစိုးရတွေ၊ ဘဏ်တွေ ရှိတယ်ဆိုလို့ရှိရင် အဲဒါကို အမေရိကန်အစိုးရက ရှာဖွေ ဖော်ထုတ်ပြီးတော့ ဒီ ကွန်ဂရက်လွှတ်တော်ကို အစီရင်ခံစာ တင်ဖို့ပေါ့ဗျာ။
အဲဒီအချက် သုံးချက်ကို သမ္မတ အိုဘားမားကို တောင်းဆိုလိုက်တာပါ။'
မတ်လ ၃ဝ ရက် မနေ့က ထုတ်ပြန်တဲ့ မတ်လ ၂၆ ရက်နေ့ နေ့စွဲပါ စာကို ထင်ရှားတဲ့ လွှတ်တော်အမတ်တွေ ဖြစ်တဲ့ တသီးပုဂ္ဂလကအမတ် Joseph Lieberman ရီပတ်ဘလစ်ကန်ပါတီက John McCain ၊ Mitch McConnell တို့နဲ့ ဒီမိုကရက်ပါတီက Dianne Feinstein ၊ Russ Feingold စတဲ့ အမတ် ၉ ဦးက လက်မှတ်ရေးထိုးပေးထားပါတယ်။
မြန်မာစစ်အစိုးရက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေကို ထုတ်ပြန်ရာမှာ နိုင်ငံရဲ့ အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းကျနေတဲ့ ပါတီဝင် နိုင်ငံရေး အကျဉ်းသားတွေကို ထုတ်ပယ်ဖို့ လိုအပ်ချက်တွေ ထည့်သွင်းထားကြောင်း၊ ဒီအချက်ကြောင့် အကြီးအကျယ် စိတ်မသက်မသာ ဖြစ်ရကြောင်း အထက်လွှတ်တော်အမတ် ၉ ဦးရဲ့ စာမှာ ဖော်ပြထားပါတယ်။
ဒီပေးစာပါ အကြောင်းတွေနဲ့ ပတ်သက်ပြီး RFA မှ ကိုကျော်မင်းထွန်းက အသေးစိတ် ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ နားဆင်ရန်
source by : http://www.rfa.org
အပြည့်အစုံ ဖတ်ရန် ...
ဒေါ်စု ဗဟိုကော်မတီထံ ပေးပို့သည့် အချက် ၆ ချက် NLD သံတမန်တွေကို ရှင်းပြ
VOA | မြန်မာစစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ ပါဝင်ဖို့ မဖြစ်နိုင်တာမို့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမှာ မဟုတ်ဘူးလို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်သ် (Stephen Smith) က ဒီနေ့ ABC အသံလွှင့်ဌာနကို ပြောကြားလိုက်တာနဲ့ တချိန်တည်းမှာပဲ NLD ရုံးချုပ်ကို ဒီနေ့ သြစတြေးလျ သံအမတ်ကြီး မစ်ရှဲလ်ချမ်းနဲ့ အမေရိကန်သံရုံး နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ တာဝန်ခံ ဂျနီဖာ ဟာဟိုက် တို့ သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့အခါ ဦးဉာဏ်ဝင်းက အခုလို စပြောပြပါတယ်။
“သြစတြေးလျ သံအမတ်ကြီး မစ်ရှဲလ်ချမ်း၊ US Embassy က ဂျနီဖာ၊ သူတို့ ၂ ယောက်က မနက်ကတည်းက Appointment တောင်းပြီး ၂ နာရီမှာ လာတွေ့ပါတယ်။ NLD ကတော့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးရယ်၊ ဦးညွန့်ဝေရယ်၊ ဦးဝင်းတင်ရယ် လက်ခံ တွေ့ဆုံပါတယ်။ မနေ့က ဆုံးဖြတ်ချက်အကြောင်း လာမေးတယ်။ နောက်ပြီးတော့ NLD ရဲ့ နိုင်ငံရေး ဆောင်ရွက်မယ့် ရည်မှန်းချက်တွေကို မေးတယ်လို့ ကျနော် သိရပါတယ်။ ကျနော်က ဒုတိယပိုင်းလောက်ကျမှ ၀င်တယ်လေ။ မနေ့က ဒေါ်အောင်ဆန်းစုကြည်က CC ကော်မတီကို ပေးပို့တဲ့ အမှာစကားကို မေးလို့ ကျနော် သူတို့ကို ပြောပြပါတယ်။ အဲဒါပါပဲ။”
အန်တီစုနဲ့ နောက်ထပ် ထပ်တွေ့ပါသေးလား။
“ကျနော်တို့ ထပ်မတွေ့ပါဘူး။ ၂၃ ရက်နေ့ တွေ့ကတည်းက ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူက ၂၉ ရက်နေ့ အစည်းအဝေးမှာ ကိုယ်တိုင် ဖတ်ကြားပြဖို့ ကျနော့်ကို မှာကြားလိုက်ပါတယ်။ အဲဒီအတိုင်း ဆောင်ရွက်ခဲ့တာပါ။”
CC ကော်မတီကို ပေးပို့တဲ့ အမှာစာဆိုတာ ဘာပါလဲ အန်ကယ်။
“အချက် ၆ ချက်ပါ။
နံပါတ် ၁- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင် ကြေညာချက်ကို ကိုင်စွဲထားရမည်။
နံပါတ် ၂- တရားမျှတမှု မရှိ၊ တဖက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝ လက်မခံနိုင်ပါ၊ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်း မကျပါ။
နံပါတ် ၃- အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်ပါ။
နံပါတ် ၄- အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့် အလုပ်များ လုံးဝမကြိုက်၊ လက်မခံပါ။
နံပါတ် ၅- ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုကို ဆက်လက် ဆောင်ရွက်သွားမည်။
နံပါတ် ၆- အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။”
ဒီအချက် ၆ ချက်၊ ဒေါ်အောင်ဆန်းစုကြည်က CC ကော်မတီကိုပေးတဲ့ အမှာစာကို သြစတြေးလျနဲ့ အမေရိကန်က သံအမတ်တွေကို ပြောတော့ သူတို့ဘက်က တုံ့ပြန်မှု ဘာရှိပါလဲ အန်ကယ်။
“သူတို့က တုံ့ပြန်မှု မရှိပါဘူး။ ဒီအချက်ထဲမှာ သူတို့ မရှင်းလင်းတာကိုပဲ မေးတာပါ။ ဘယ်တုန်းက ရတာလဲ၊ အဲဒီနေ့ ရတာလားပေါ့ဗျာ။ အဲဒါတွေကို မေးပါတယ်။”
ဝေဖန်ချက် တစုံတရာများ ပေးသွားပါသေးလား။
“မပေးပါဘူး။”
မနေ့တုန်းက ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဒီနေ့ ကြေညာချက် ထုတ်တယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပေးပါ။
“ဒီနေ့ ကြေညာချက်ကတော့ မနေ့က ဆွေးနွေးပွဲမှာ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက် ၂ ခုကို ဖော်ပြပြီး အဲဒါကို ကြေညာချက်အဖြစ် ထုတ်တာပါ။ ပထမတချက်ကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံမတင်ဘို့ ဆုံးဖြတ်တယ်ဆိုတဲ့ အချက်ရယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး အမြန်ဆုံး လွှတ်ပေးပါဆိုတဲ့ တောင်းဆိုကြောင်း ဆုံးဖြတ်ချက်ရယ်၊ အဲဒီဆုံးဖြတ်ချက် ၂ ခုကို ကြေညာချက် ထုတ်တာပါပဲ။”
ဆက်သွယ်မေးမြန်းချက် နားဆင်ရန်
source by : http://www.voanews.com
အပြည့်အစုံ ဖတ်ရန် ...
Monday, March 29, 2010
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှတ်ပုံမတင်ရေး ကန့်ကွက်မဲမရှိ ဆုံးဖြတ်
VOA | စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ တရားမျှတခြင်း မရှိတဲ့အတွက် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲ ၀င်ရေးအတွက် ထပ်မံ မှတ်ပုံတင်တော့မှာ မဟုတ်တဲ့အကြောင်း ဒီနေ့ ကျင်းပခဲ့တဲ့ ဗဟိုဦးစီး စည်းဝေးပွဲက ဆုံးဖြတ်လိုက်ပါတယ်။ NLD ပါတီ ရှေ့ ဆက်လက် ရပ်တည်ရေး အပါအ၀င် ဒီနေ့ကျင်းပခဲ့တဲ့ စည်းဝေးပွဲနဲ့ ပတ်သက်လို့ ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းရာ ဦးတင်ဦးက အခုလို စပြောပါတယ်။
“အခုရှိနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင် ဥပဒေတွေ၊ မှတ်ပုံတင်ခြင်း ဥပဒေတွေ စသည်ဖြင့် အဲဒါတွေနဲ့ ပတ်သက်လို့ တရားမျှတမှု မရှိတဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်ကို ထပ်မံပြီး မှတ်ပုံတင်မည် မဟုတ်ကြောင်း ဆုံးဖြတ်တယ်ပေါ့ဗျာ။
“နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေး အကျဉ်းသားများ အားလုံးတို့ကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးပါဆိုတာ ဆုံးဖြတ်ချက် ချတယ်၊ ဒါပါပဲ။ အဓိကကတော့ ဒီနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အရင်ကတည်းက ပြောထားတဲ့အတိုင်း ပြည်နယ်နဲ့တိုင်း ရှိတဲ့ ဦးစီးအဖွဲ့ဝင်များ၊ ဗဟိုဦးစီး အဖွဲ့ဝင်များ အကုန်လုံး ခေါ်လိုက်တော့ မကျန်းမာလို့ ဆေးရုံတက်နေတာရယ်၊ အကျဉ်းကျနေတဲ့ ဗဟိုဦးစီး အဖွဲ့ဝင် လေးငါးယောက်ရယ် အဲဒါကလွဲလို့ ကျန်တာတွေ အကုန်လုံး တက်ရောက်ပါတယ်။ ဒါကြောင့် အစည်းအဝေးကတော့ အပြည့်အစုံ အထမြောက်ပါတယ်။
“ပြည်နယ်နဲ့တိုင်းအလိုက် အားလုံးဆွေးနွေးတာ၊ ကယားပြည်နယ်မှ အပပေါ့၊ ကျန်တဲ့ ပြည်နယ်နဲ့တိုင်း အားလုံးကတော့ ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ဆွေးနွေးခွင့်ပေးတယ်။ ဆွေးနွေးခွင့်ပေးတာ ၂ ယောက်ပေါ့။ ၂ ယောက်ဆိုတာ တယောက်က သူ့အနေနဲ့ မှတ်ပုံတင်ခြင်း မပြုဘို့ ဆွေးနွေးတယ်ဆိုရင် အကယ်၍များ မှတ်ပုံတင်ခြင်း ရှိသလား၊ ဆွေးနွေးရအောင် ဆိုပြီး ပြည်နယ်နဲ့တိုင်းက ၂ ယောက်၊ ၂ ယောက် ကျနော်တို့ ခွင့်ပြုတယ်၊ ၅ မိနစ်စီပေါ့။ ဆွေးနွေးတာ အားလုံးကတော့ ၂ ယောက်စလုံးမှာလည်း ထပ်တူထပ်မျှပဲ သူတို့က လက်ရှိ ရှိနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အပေါ်မှာ မှတ်ပုံတင်ခြင်း မပြုဖို့ဆိုတာပဲ ပြောကြတာ များပါတယ်၊ ဆုံးဖြတ်ကျတာ များပါတယ်။ အများစု အကုန်လုံးပေါ့။
“တယောက်စ နှစ်ယောက်စကတော့ သူတို့ပင်ကိုယ် သဘောထားနဲ့ ပတ်သက်ပြီး မှတ်ပုံတင်ခြင်း မပြုခဲ့သည်ရှိသော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပယ်ဖျက်သွားမည် ဖြစ်တဲ့အတွက်ကြောင့် ဒါကို ဆက်လက်ပြီး ဘယ်လိုသွားမလဲ ဆိုတာမျိုးလောက်ကို ဆွေးနွေးပြီးတော့ အများဆုံးဖြတ်တဲ့၊ သူတို့အဖွဲ့က ဆုံးဖြတ်တာ အားလုံးကိုလည်း သူတို့က လိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း ပြောတာ များပါတယ်။
“တယောက်တလေကတော့ ပါတီ ဖျက်သိမ်းပြီးသွားရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရှေ့ကို ဘယ်လို အစီအစဉ်ဆွဲကြမယ် ဆိုတာနဲ့ ပတ်သက်လို့၊ စီစဉ်ကြအောင် ဆိုတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတာ များပါတယ်။ အကုန်လုံး ကြည့်လိုက်ရင်တော့ အကုန်လုံးက တက်တက်ကြွကြွပဲဗျ၊ သူတို့ အားလုံးကတော့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်တာ အားလုံးကိုတော့ တရားမျှတမှု မရှိတဲ့အတွက်၊ အဖွဲ့ချုပ်ကို ပိုပြီးတော့သာ ခြိမ်းခြောက်မယ် ဆိုတဲ့အတွက်၊ မှတ်ပုံတင်ပြီး ဆောင်ရွက်ချင်လည်း ဘာမှ ဆောင်ရွက်လို့ ရမှမဟုတ်ဘူး။
“အရင်တုန်းကလည်း ဒီလိုပဲ၊ အဖွဲ့ချုပ်က ဒီလောက်တောင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေမှာ ဟိုတုန်းက တခဲနက် ရွေးကောက်ခြင်း ခံရသော်လည်း စပြီး အရွေးခံရတဲ့ အချိန်ကစပြီး ဒီနေ့အထိလည်း နှိပ်စက်ခြင်း၊ တင်းကျပ်ခြင်း၊ ချုပ်နှောင်ခြင်း၊ အတင်းအကျပ်တွေလည်း များနေတာ ဖြစ်တဲ့အတွက် အဖွဲ့ချုပ်က ပါတီဖွဲ့စည်းကတည်းက တောက်လျှောက် ရပ်ဆိုင်းခံထားရတာတွေပဲ၊ အဲဒါကြောင့် သူတို့က တခဲနက်ပဲ မှတ်ပုံတင်ခြင်း မပြုဘို့ ဆုံးဖြတ်တာပါပဲ။”
စောစောက ဘဘပြောတာ တယောက်နှစ်ယောက်က လွဲလို့ ဆိုတာက မှတ်ပုံမတင်ဘို့ ဆုံးဖြတ်တဲ့ အပေါ်မှာ သူတို့က ကန့်ကွက်တာလားခင်ဗျ။ မှတ်ပုံတင်ရေး အဆိုကို သူတို့က လိုချင်တာလား။
“မဟုတ်ပါဘူး။ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေ ကိုယ်တိုင်က အတင်းအကျပ်၊ အပိတ်အဆို့၊ အတားအဆီးတွေ ပေါ့ဗျာ။ ကျနော်တို့ ကြေညာထားတဲ့ အတိုင်းပဲ၊ တဦးတယောက်၊ တဖွဲ့တစည်းနဲ့ ပတ်သက်လို့ ဒါ သတ်မှတ်ထားတာတွေက အင်မတန် တင်းကျပ်လွန်းတယ်။ ပြီးတော့ ဥပဒေနဲ့ မညီဘူး၊ မမျှတလွန်းဘူးဆိုတဲ့ အပေါ် မူတည်ပြီးတော့ ဆွေးနွေးကြပြီးတော့ ဒါ မှတ်ပုံတင်ခြင်း မပြုဘို့ သူတို့က အကုန်လုံး အဆိုပြုသွားကြတာပဲလေ။”
တညီတညွတ်တည်း ဆုံးဖြတ်တယ်ပေါ့၊ ကန့်ကွက်မယ့်သူ မရှိဘဲနဲ့။
“ကန့်ကွက်တဲ့သူ မရှိဘူး။ ပြီးသွားတဲ့အခါကျတော့ တချို့ ပြည်နယ်၊ တိုင်းက တယောက်တလေကတော့ ကန့်ကွက်တာတော့ မဟုတ်ဘူး၊ သူတို့ သဘောထားနဲ့ ပတ်သက်လို့ မှတ်ပုံတင်ချင်တယ်ဆိုတာ သူတို့ပြောတယ်။ ဒါပေမဲ့ သူတို့ ပြည်နယ်၊ တိုင်းက စပြီး အခြေခံ ဆွေးနွေးလာကတည်းက သူတို့အဖွဲ့က ဆုံးဖြတ်လိုက်တာ၊ ဒါ သဘောတူတယ် ဆိုပြီးတော့၊ သူတို့ကိုယ်တိုင်ကလည်း မှတ်ပုံတင်ခြင်း မပြုတာကို သဘောတူတယ်ဆိုတာ ရောက်သွားပါတယ်လေ။ အဲဒါကြောင့် ကျနော်တို့က ကန့်ကွက်သူမရှိ၊ အများ သဘောတူ၊ ကန့်ကွက်သူမရှိ၊ ဆုံးဖြတ်သည်ဆိုတဲ့သဘော ဆုံးဖြတ်ချက် ချတာပါပဲ။”
ဆိုတော့ ပါတီအနေနဲ့ ဘယ်လိုဆက် ရပ်တည်သွားမလဲ၊ ဒီအတိုင်းပဲ ဆက်ပြီး ရပ်တည်သွားမလား၊ ရွေးကောက်ပွဲက မကြာခင် ဖြစ်တော့မယ်ဆိုတော့။
“ကျနော်တို့က မှတ်ပုံမတင်ဘူးဆိုတော့ ရွေးကောက်ပွဲ မ၀င်ဘူးပေါ့ဗျာ။ ဒါကတော့ ရှင်းသွားပြီပေါ့။ ရှေ့ဆက်လက်ပြီး သွားမယ် ဆိုတာကတော့ သူတို့က ကျနော်တို့ အဖွဲ့အစည်းကို မှတ်ပုံမတင်ရင် ပျက်ပြီဆိုတာ မှတ်ယူရမယ် ဆိုတာက၊ သူတို့ ဥပဒေ သဘော သဘာဝကိုက ဟုတ်မှ မဟုတ်ဘဲ။ ကျနော်တို့က မှတ်ပုံတင်ပြီးသား အဖွဲ့အစည်းပဲ။ အဲတော့ ကျနော်တို့ ရွေးကောက်ပွဲ မ၀င်တာနဲ့ ဒါကို ဆက်ပြီး မှတ်ပုံတင်ရမယ်၊ အသစ်တွေသာ မှတ်ပုံတင်ရမယ့်သဘော ရှိတာပေါ့။
“အဲဒါကို ကျနော်တို့ မှတ်ပုံမတင်ရင် ပျက်ပြယ်ပြီးသား ဆိုတာက သူတို့ဘက်က ပျက်ပြယ်ပြီးသား ဖြစ်စေကာမူ ကျနော်တို့က မပျက်ပြယ်ဘူးလို့ မှတ်ယူတာကိုးဗျ။ အဲဒါကြောင့် ကျနော်တို့ကတော့ ကျနော်တို့ အဖွဲ့အစည်းကို ကျနော်တို့ဘာသာ ဖျက်ဆီးပစ်မှာ မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့ ဥပဒေနဲ့မညီလို့ ရပ်တည်ပိုင်ခွင့် မရှိဘူးဆိုပြီး လာပြီး သိမ်းတယ်၊ ဖျက်တယ် ဆိုရင်တော့လည်း ဒါ သူတို့လုပ်လို့ရရင် လုပ်ပေါ့ဗျာ။ ဒါပဲပေါ့။”
ဟုတ်ကဲ့၊ NLD အနေနဲ့ကတော့ ရပ်တည်လို့ရသလောက် ဒီအတိုင်း ဆက်ရပ်တည်နေမယ်ပေါ့။
“ရပ်တည်သွားမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက အရင်တုန်းက တခဲနက် ထောက်ခံထားတာ ဖြစ်တဲ့အတွက်ကြောင့်၊ အခု အပြင်မှာလည်း ဒါနဲ့ပတ်သက်တာ အားလုံးကို ကျနော်တို့ရဲ့ သဘောသဘာဝကို ရောင်ပြန်ဟပ်တာတွေ အများကြီး ရှိတယ်ဗျ။ အများကြီး တော်တော်လေးကို ရှိနေကြတယ်။ အဲဒါကြောင့်မို့၊ တချို့ကတော့ ဘယ်လောက်ထိ ပြောနေလဲဆိုရင် NLD မှတ်ပုံမတင်ရင် သူတို့ မဲတောင် မပေးတော့ဘူး ဆိုတဲ့သဘော ပြောနေကြပြီဗျ။ NLD ကိုပဲ သူတို့ မဲပေးချင်တယ်၊ NLD မှတ်ပုံမတင်ရင် သူတို့ မဲမပေးဘူး။ ဒီလိုဖြစ်နေတယ်၊ အခုက။”
NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။
ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေကတော့ ကျန်းမာရေး အခြေအနေအရ ဒီနေ့ ကျင်းပတဲ့ စည်းဝေးပွဲကို လူကိုယ်တိုင် မတက်ရောက်နိုင်ပေမဲ့ ပါတီမှတ်ပုံမတင်ရေး အဆိုပြုချက်ကို နေအိမ်ကနေပဲ သူ့ရဲ့သဘောထားပေးပြီး ထောက်ခံခဲ့တဲ့အကြောင်း သိရပါတယ်။
ဆက်သွယ်မေးမြန်းချက် နားဆင်ရန်
source by : http://www.voanews.com
အပြည့်အစုံ ဖတ်ရန် ...
Saturday, March 27, 2010
နအဖနဲ့ UWSA “၀” တို့ အားပြိုင်ကြမည့်ပွဲ ( သတင်းထူး )
စာဖတ်ပရိသတ်များခင်ဗျား
ယခုတလော စစ်ရေးအရ အပြိုင်အဆိုင် ပြင်ဆင်မှု ပြုလုပ်နေကြတဲ့ နအဖနဲ့ UWSA “၀” တို့ရဲ့ အားပြိုင်နေမှုသတင်းများနဲ့ သုံးသပ်ချက်များကို ပြည်တွင်းရှိ ကက(ကြည်း) နှင့် ကက (လေ) လက်အောက်ခံ အရာရှိများက “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာပါတယ်။
၁။ နအဖဟာ ရွေးကောက်ပွဲဥပဒေကို ခန့်မှန်းထားတာထက် အချိန်ကာလ အနည်းငယ်စောပြီး ထုတ်ပြန်ခဲ့ရတဲ့ အကြောင်းရင်း တစ်ခုရှိကြောင်း၊ ရွေးကောက်ပွဲ ဥပဒေအရ တိုင်းရင်းသား လက်နက်ကိုင်များရှိရာ ရှမ်းပြည်နယ်တခွင်အား ဥပဒေစိုးမိုးမှုဖြင့် ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ နယ်ခြားစောင့်တပ်ကို ဖွဲ့စည်းခိုင်းထားခြင်းအပေါ် UWSA က လက်မခံခဲ့တဲ့အတွက် နအဖ အနေနဲ့ အကြပ်အတည်း တွေ့နေရကြောင်း၊ နိုင်ငံတကာရဲ့ ဖိအားနှင့် ပြည်တွင်း အကြပ်အတည်းများကြောင့် တရုတ်နိုင်ငံအနေနဲ့ နအဖအား ရွေးကောက်ပွဲကို ဆောလျှင်စွာ ပြီးစီးအောင် ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သည်များရှိခဲ့ကြောင်း၊ ဒီအကွက်ကို နအဖက ပြန်ကောက်ပြီး ရွေးကောက်ပွဲအား မြန်မြန်ပြီးစီးအောင် ပြုလုပ်လိုသော်လည်း UWSA “၀” တို့မှ ကိုးလို့ကန့်လန့် တိုက်နေဟန်ကို လုပ်ကြံပြချင်သဖြင့် ရွေးကောက်ပွဲဥပဒေကို အချိန်အနည်းငယ်စောကာ ထုတ်ပြန်လိုက်ရသည် ဖြစ်ကြောင်း၊ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေး အဖြေရှာလို့ မရရင် စစ်ရေးအရ ဖြေရှင်းဖို့ တရုတ်နိုင်ငံအား မဟာဗျူဟာအရ ရွေးကောက်ပွဲ ဥပဒေခင်းပြီး အကြပ်ကိုင်မည် ဖြစ်ကြောင်း သတင်းပေးပို့ လာခဲ့ပါတယ်။
၂။ တရုတ်နိုင်ငံ အနေဖြင့် ဗကပ လက်ထက်တုန်းကလို UWSA ကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အဆက်အသွယ်ဖြတ်ပြီး နယ်စပ်ပိတ်ဆို့သည်အထိ နအဖက လုပ်စေချင်ကြောင်း၊ ဒါပေမယ့် တရုတ်နိုင်ငံက စေ့စပ်ဆွေးနွေးဖို့သာ လေသံပျော့ပျော့နှင့် တိုက်တွန်းနေလို့ နအဖက မကျေမနပ် ဖြစ်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ရေပိုင်နက် အရေးအခင်း တုန်းကလည်း တရုတ်ရဲ့ ရပ်တည်ချက်ကို နအဖမှ ဘ၀င်မကျ ဖြစ်ခဲ့ရကြောင်း၊ UWSA အား တရုတ်နိုင်ငံရဲ့ ကြားခံနယ်မြေအဖြစ် အသုံးပြုလာမှာကို မလိုလားကြောင်း၊ နအဖက တရုတ်နိုင်ငံရဲ့ စီးပွားရေး သည်းခြေကြိုက် ရခိုင်ပြည်နယ် ရွှေဓါတ်ငွေ့သိုက်ဖြင့် မဟာဗျူဟာ ကစားပြီး UWSA အား ထောက်ပံ့မှု ရပ်ဆိုင်းရေး ဖိအားပေးလာမှာ ဖြစ်ကြောင်း၊ မည်သို့ဆိုစေ ရှမ်းပြည်နယ်တောင်ပိုင်း UWSA တပ်ဖွဲ့များကိုတော့ ပြန်လည် ရုတ်သိမ်းခိုင်းတဲ့ နအဖရဲ့ ဆန္ဒကို တရုတ်တို့က သဘောတူလာကြောင်း သတင်းပေးပို့လာပါတယ်။
၃။ ရှမ်းပြည်နယ် စစ်ရေးပြင်ဆင်မှုများကို တင်ပြရရင် တပ်မ (၃၃၊ ၅၅၊ ၇၇၊ ၉၉) များကို ထိုးတင်လိုက်ရာ တပ်မ(၇၇)နှင့် တပ်မ(၉၉)တို့မှာ ရှမ်းပြည်နယ် မော်ဖဂွင်နှင့် ကွတ်ခိုင် ဧရိယာတို့တွင် ဗကပ လက်ထက်ကတည်းက စစ်ဆင်ရေး ကျွမ်းကျင်သော တပ်မများဖြစ်ကြောင်း၊ ၎င်းအပြင် ရှမ်းပြည်နယ် အခြေစိုက် တပ်မများဖြစ်ကြတဲ့ စကခ (၁၊ ၂၊ ၁၄၊ ၁၆၊ ၁၇၊ ၁၈) တို့လည်း ရှိကြကြောင်း၊ အဲဒီအခြေစိုက် တပ်မတွေထဲက စကခမှူး ဗိုလ်မှူးချုပ်သိန်းထွန်း ဦးစီးတဲ့ (စကခ - ၁၆) သိန္ဒီမြို့၊ စကခ တစ်ခုတည်းကိုသာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဆင်ရေး ဧရိယာထဲသို့ ရှေ့တန်း ထွက်ခိုင်းနေကြောင်း၊ ဒါပေမယ့် ကကကြည်းက အချိန်မရွေး ၎င်းတပ်မအား ရှမ်းပြည်နယ်သို့ ပြန်ခေါ် နိုင်ကြောင်း၊ ဒါ့အပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (တိုင်းသုံးတိုင်းပေါင်း) မှ လက်အောက်ခံ တပ်ရင်းပေါင်း (၄၈) ရင်းနဲ့ ညီမျှတဲ့ တပ်မ (၅) ခုစာ အင်အားနှင့် အထက်မှာ တင်ပြထားသော မူရင်း တပ်မ (၁၀) ခုစာ ပေါင်းပါက စုစုပေါင်း တပ်မ (၁၅) ခု အင်အား ရှိနေကြောင်း၊ တပ်မတစ်ခုလျှင် ပျှမ်းမျှ အင်အား (၃၀၀၀) နှုန်းဖြင့် တွက်ပါက ရှမ်းပြည်နယ်မှာ နအဖတပ်အနေနဲ့ တိုက်ခိုက်ရေးအင်အား စုစုပေါင်း (၄၅၀၀၀) ခန့် ရှိနေပြီဖြစ်ကြောင်း သတင်း ရရှိပါတယ်။
၎။ တပ်မတော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်ရာမှာ အတွေ့အကြုံများအရ UWSA “၀” တပ်ဖွဲ့များအား ခက်ခက်ခဲခဲ တိုက်ယူရဖို့ ရှိကြောင်း၊ နအဖ နဲ့ အဆင်ပြေခဲ့တဲ့အချိန်က “၀” တပ်မှူးများဟာ MTA ခွန်ဆာတပ်ဖွဲ့များကို တိုက်ခိုက်ပြီးချိန်တွင် ထိုင်းနိုင်ငံအား ချင်းမိုင်မြို့အထိ တိုက်ခိုက်ဖို့ အဆိုပြုခဲ့ဖူးကြောင်း၊ ဗကပ ခေတ်က ဗမာပြည်မထဲအထိ ထိုးဖောက်ကာ မိုးမိတ်မြို့အထိ တိုက်ခိုက်ခဲ့ဖူးကြောင်း၊ “၀” စစ်သားများရဲ့ သဘောသဘာဝအရ ကောက်ညှင်းနှင့်ဆားရှိလျှင်ပင် စစ်တိုက်လို့ ရကြောင်း၊ မြေခွေးကျင်းကဲ့သို့ မြေကြီးအား လှိုင်ခေါင်းတူး စစ်ဆင်ရေးလိုမျိုးကို အပင်ပန်းခံ စစ်တိုက်နိုင်ခဲ့ကြောင်း၊ အမိန့်အရ ကျားတက်ထိုးပြီဆိုလျှင် မတ်တပ်ရပ်ပြီး မကြောက်မရွံ့ အတင်း တက်တိုက်နိုင်ခဲ့တဲ့ သာဓကများလည်း ရှိကြောင်း၊ ယူနန်နယ်တွင် “၀” ဦးရေ (၅) သန်းရှိနေရာ တိုက်ပွဲဖြစ်လာပါက နယ်စပ်ဖြတ်ကျော်ပြီး အင်အား (၃၀၀၀၀) ခန့်ရှိ UWSA နှင့် ပူးပေါင်းကာ လူလှိုင်းလုံး စစ်နည်းဗျူဟာအရ တိုက်ခိုက်လာနိုင်ကြောင်း ၊ MiG-29 ကို တိုက်ဖို့ရန် အပူလှိုင်းရှာ ပစ်မှတ်လေယာဉ်အား တောက်လျှောက် လိုက်နိုင်သည့် ပုခုံးထမ်း SA-16 GIMLET (Igla-1 9K310)၊ SA-18 GROUSE ကဲ့သို့ တာတိုပစ် Missile များအား ၀ယ်ယူဖို့ UWSA “၀” က ကြိုးစားနေကြောင်း၊ နအဖက လန့်နေသည်မှာ နောက်ကျော ဓါးနဲ့ထိုးမည့် နဂါးပတ်စစ်နည်းဗျူဟာအရ ရှမ်းပြည်နယ်တောင်ပိုင်း UWSA တပ်ဖွဲ့က အတွင်းပိုင်းသို့ ထိုးဖောက် တိုက်ခိုက်နိုင်မည်ကို စိုးရိမ်နေကြောင်း စသည်ဖြင့် သုံးသပ်တင်ပြ ပေးပို့လာပါတယ်။
၅။ ယခင်အခါက တပ်မတော် (လေ) တွင် PC-6 ၊ PC-7 ပန်ကာတပ် ဗုံးကြဲလေယာဉ်များဖြင့် ဗုံးကြဲခဲ့ရာ ရန်သူရဲ့ ပွိုင့် ၅ စက်သေနတ်ကြီးရန်ကြောင့် အမြင့်ပေ တစ်သောင်း အထက်မှ ပျံသန်းခဲ့ရကြောင်း၊ ယခုအခါ UWSA “၀” တွင် မြေပြင်မှ ဝေဟင်ပစ် sam – 7 missile များ ရှိကြောင်း၊ ဒါကြောင့် ယခုအခါမှာ တပ်မတော် (လေ) မှ F - 7 နှင့် MiG – 29 ကဲ့သို့ အသံထက်မြန်သော ဂျက်တိုက်လေယာဉ်များကို sam – 7 missile က ပစ်ချလို့ မရနိုင်အောင် အမြင့်ပေ(၅၀၀၀၀)နှင့် အသံထက်မြန်နှုန်းအသုံးပြု တိုက်ခိုက်မည် ဖြစ်ကြောင်း၊ စစ်ရေး သဘောသဘာဝအရ နှစ်နိုင်ငံနယ်စပ်ကို ကျော်ပြီး အမြောက်ဆံများ၊ missile များနှင့် ကျည်ဆံများ၊ rocket များ ကျရောက်ပါက ပြဿနာရှိနိုင်လို့ နယ်စပ်မျဉ်းကို ဦးစွာသွားပြီးမှ “ပစောက်ကွေ့” ကွေ့ကာ Dog Fight နည်းဗျူဟာဖြင့် တရုတ်နိုင်ငံအတွင်းသို့ မကျစေရေးအတွက် မြန်မာပြည်အတွင်းသို့ ပြန်လှည့်ပစ်တဲ့နည်းအား အသုံးပြုမှာဖြစ်ကြောင်း သိရှိရပါတယ်။
source by : http://www.photayokeking.org
အပြည့်အစုံ ဖတ်ရန် ...