Wednesday, March 31, 2010

မြန်မာကို ပိုအရေးယူဖို့ အထက်လွှတ်တော်အမတ် ၉ ဦး အမေရိကန်သမ္မတထံ စာရေးတိုက်တွန်း

RFA | အမေရိကန်သမ္မတ အနေနဲ့ ပြဌာန်းပြီးဥပဒေတွေအရ မြန်မာစစ်အစိုးရ အပေါ် ပိတ်ဆို့ အရေးယူတာတွေကို ပိုပြီးထိရောက်အောင် ဆောင်ရွက်ပေးဖို့ အမေရိကန်အထက်လွှတ်တော် အမတ် ၉ ဦးက သမ္မတ ဘားရက် အိုဘားမားထံ စာရေးတောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေပါ ကန့်သတ်ချက်တွေဟာ ဒီမိုကရေစီလုပ်ငန်းရဲ့ အနှစ်သာရတွေကို မထေ့မဲ့မြင်ပြုရာ ရောက်နေပြီး၊ ဒီဥပဒေတွေကို ကြည့်ခြင်းအားဖြင့် အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ စစ်အစိုးရအပေါ် ပိုပြီး အရေးယူပိတ်ဆို့ဖို့ လိုအပ်နေ တယ်ဆိုတာ ပေါ်လွင်နေတဲ့အတွက် အခုလို စာရေးသား တောင်းဆိုတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီစာမှာ သမ္မတ ဂျော့ဒဗလျူဘုရှ် လက်ထက် ၂ဝဝ၈ ခုနှစ်က ဥပဒေအဖြစ် ပြဌာန်းခဲ့တဲ့ Tom Lantos JADE မြန်မာနိုင်ငံ ပိတ်ဆို့အရေးယူရေး ဥပဒေအပါ အချက် ၃ ချက်ကို ထိရောက်အောင် အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။

ဒီအချက် ၃ ချက်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုမှာ မြန်မာ့အရေးဆောင်ရွက်နေတဲ့ US Campaign for Burma အဖွဲ့က ဦးအောင်ဒင်က အခုလိုရှင်းပြပါတယ်။

'တစ်အချက်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ အထူးကိုယ်စားလှယ်နဲ့ ဒီ မူဝါဒရေးရာ ညှိနှိုင်းမှုတရပ်ကို အမြန်ဆုံး ခန့်အပ် တာဝန်ပေးဖို့၊

ဒုတိယအချက်ကတော့ ဒီ မြန်မာပြည်က စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ၊ နောက်တခါ စီးပွားရေးသမားတွေပေါ့နော်၊ ဒီ အကျိုးတူ စီးပွားရေးသမားတွေကို ဒီ ပြစ်ဒဏ်ခတ် အရေးယူတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်လုပ်ဖို့၊

နောက် တတိယကတော့ မြန်မာစစ်အစိုးရရဲ့ ငွေကြေးဥစ္စာ အရင်းအနှီးတွေကို နောက် မြန်မာစစ်အစိုးရ မိသားစုဝင်တွေရဲ့ ငွေကြေးဥစ္စာ အရင်းအနှီးတွေကို တာဝန်ခံ မြှုပ်နှံထားတဲ့၊ တာဝန်ခံ သိမ်းထားတဲ့ နိုင်ငံတွေ၊ အစိုးရတွေ၊ ဘဏ်တွေ ရှိတယ်ဆိုလို့ရှိရင် အဲဒါကို အမေရိကန်အစိုးရက ရှာဖွေ ဖော်ထုတ်ပြီးတော့ ဒီ ကွန်ဂရက်လွှတ်တော်ကို အစီရင်ခံစာ တင်ဖို့ပေါ့ဗျာ။

အဲဒီအချက် သုံးချက်ကို သမ္မတ အိုဘားမားကို တောင်းဆိုလိုက်တာပါ။'

မတ်လ ၃ဝ ရက် မနေ့က ထုတ်ပြန်တဲ့ မတ်လ ၂၆ ရက်နေ့ နေ့စွဲပါ စာကို ထင်ရှားတဲ့ လွှတ်တော်အမတ်တွေ ဖြစ်တဲ့ တသီးပုဂ္ဂလကအမတ် Joseph Lieberman ရီပတ်ဘလစ်ကန်ပါတီက John McCain ၊ Mitch McConnell တို့နဲ့ ဒီမိုကရက်ပါတီက Dianne Feinstein ၊ Russ Feingold စတဲ့ အမတ် ၉ ဦးက လက်မှတ်ရေးထိုးပေးထားပါတယ်။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေကို ထုတ်ပြန်ရာမှာ နိုင်ငံရဲ့ အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းကျနေတဲ့ ပါတီဝင် နိုင်ငံရေး အကျဉ်းသားတွေကို ထုတ်ပယ်ဖို့ လိုအပ်ချက်တွေ ထည့်သွင်းထားကြောင်း၊ ဒီအချက်ကြောင့် အကြီးအကျယ် စိတ်မသက်မသာ ဖြစ်ရကြောင်း အထက်လွှတ်တော်အမတ် ၉ ဦးရဲ့ စာမှာ ဖော်ပြထားပါတယ်။

ဒီပေးစာပါ အကြောင်းတွေနဲ့ ပတ်သက်ပြီး RFA မှ ကိုကျော်မင်းထွန်းက အသေးစိတ် ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ နားဆင်ရန်




source by : http://www.rfa.org