Thursday, April 1, 2010

“ရှေ့တန်းပျော်တဲ့လား” အပိုင်း - (၁)

ဆောင်းပါးရှင် - ရဲထက်

စာဖတ်ပရိသတ်များခင်ဗျား

ပင်တိုင်ဆောင်းပါးရှင် ရဲထက် ရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဒီကနေ့ စာဖတ်ပရိသတ်များအား တင်ပြ ပေးလိုက်ပါတယ်။ ဒီဆောင်းပါးမှာ စစ်သည်တွေဟာ ရှေ့တန်းတွင်သာ ပျော်နေကြပြီး ခံယူချက်၊ ယုံကြည်ချက် အပိုင်းမှာတော့ လုံးဝကို မရှိ သလောက် ဖြစ်နေကြရပုံ၊ နောက်တန်းတွင် မွန်းကျပ်မှုများနဲ့အတူ စားဝတ်နေရေး ခက်ခဲကြရပုံ၊ ရှေ့တန်း စခန်းထိုင် တွေမှာ “ဂွင်” ကောင်းတဲ့နေရာ အကြံအဖန်တွေ ရှိသလို တချို့ စစ်သည်တွေ ငွေကြေးကိစ္စနဲ့ အသက်ပေးကြရပုံ၊ စားဝတ် နေရေးအတွက် ရှေ့တန်း စခန်းထိုင်ရောက်ရင် ကြုံသလို စီးပွါးရှာနေကြရပုံတွေကို တင်ပြထားပါတယ်။

တစ်နေ့ ကျနော်သင်တန်းမှ ခေတ္တပြန်ရောက်ပြီး (၁၅) ရက်ခန့်အကြာတွင် ကျနော်တို့ တပ်ရင်းမှူးမှ မိမိတပ် ကွပ်ကဲမှု အောက်ရှိ ရှေ့တန်းအမြောက်စခန်းများသို့ သွားရောက် စစ်ဆေးရန်ရှိကြောင်း ပြောကြားလေရာ ကျနော်လည်း “အင်း ... စစ်သည်တွေ နောက်တန်းမှာ မနေချင်ဘဲ ရှေ့တန်းချည်း လိုက်ချင်နေကြတာ ဘာလို့လဲ မသိဘူး၊ ငါလည်း စခန်းစစ် လိုက်ရ အောင် တပ်ရင်းမှူး သွားပြောဦးမှပဲ ” ဆိုပြီး တပ်ရင်းမှူးထံ သွားရောက်ခဲ့ပါလေတော့သည်။


တပ်ရင်းမှူးနှင့်တွေ့တော့ “ဗိုလ်ကြီးရဲထက် ဘာကိစ္စရှိလို့လဲ” ဟု ကြိုမေးခံလိုက်ရတော့ နည်းနည်းတော့ ၀မ်းသာသွားမိ သည်။ လာရင်းကိစ္စကို တင်ပြရမည်က ကျနော့်တာဝန်မို့ “ဟုတ်ကဲ့ အဘ၊ ကျနော် အဘနဲ့အတူ ရှေ့တန်းစခန်းစစ် လိုက်ချင် လို့ပါ အဘ” လို့ လည်း ဆိုလိုက်ရော တပ်ရင်းမှူးမှာ အံ့သြသော မျက်လုံးများဖြင့် ကျနော့်ကို ကြည့်ရင်း “ဘာလို့လဲ” ဟု မေးလေသည်။ ကျနော်လည်း “ဟုတ် ကျနော်က သင်တန်းတွေပဲ တက်နေရတော့ ရှေ့တန်းအတွေ့အကြုံလည်း မရှိဘူး၊ ဒါကြောင့် အတွေ့အကြုံရအောင် လိုက်ချင်လို့ပါ” ဆိုပြီး ပြန်ပြောလိုက်တော့ နဲနဲစဉ်းစားနေသလို “မင်း ခွင့် ပြန်မလို့်ဆို သင်တန်းက ဘယ်နေ့အရောက်လည်း” ဟု မေးလာတော့ ကျနော့်စိတ်ထဲတွင် “အော် ... တော်တော်စေ့စပ်တာပဲ” လို့ တွေးရင်း “ဟုတ် မပြန်တော့ပါဘူးအဘ၊ အိမ်က ၃ ညအိပ် ၄ ရက် သွားရမှာဆိုတော့ သင်တန်းပြန်သွားရမှာနဲ့ဆို မထူးဘူး အဘ၊ ဒါကြောင့် ရှေ့တန်းစခန်းစစ်ပဲ လိုက်ပါ့မယ်၊ ပြီးတော့ သင်တန်းကလည်း နောက် ၁၅ ရက်မှ အရောက်သွားရမှာပါ အဘ၊ ခရီးစဉ်က ၁၀ ရက်ထဲ ဆိုတော့ မှီပါတယ် ခင်ဗျ” လို့ ဖြေလိုက်တော့ တပ်ရင်းမှူးမှ သေချာစဉ်းစားပြီး “ အေး ဒါဆို လိုအပ်တာတွေတော့ပြင်ထား လိုက်ရမယ် မလိုက်ရဘူးတော့ ငါ မပြောနိုင်သေးဘူး၊ တာဝန်တောင်းတာတို့ လူစားလိုက်တာ တို့ဟာ မကောင်းဘူးဆိုတာ မင်း သိတယ်မလား” ဟု စိုးရိမ်စွာနဲ့ ကျနော့်ကိုပြန်ပြောလိုက်တဲ့အခါ ကျနော်လည်း တပ်ရင်းမှူး ကို လေးစားသထက် လေးစားသွားခဲ့ရပါသည်။ ကျနော်လည်း ချက်ချင်း “ဟုတ် သိပါတယ် အဘ၊ ဒါပေမယ့် ဒါက စခန်းစစ် သက်သက်ဆိုတော့ ဘာမှတော့ အန္တ္တရာယ် မဖြစ်နိုင်ပါဘူး ခင်ဗျ၊ ကျနော် လိုအပ်တာတွေ ပြင်ထားလိုက်ပါ့မယ်” ဆိုပြီး အလေးပြုကာ ထွက်လာခဲ့ပါတော့သည်။

ကျနော်သိပ်မျှော်လင့်တဲ့ အဲဒီနေ့လည်း ရောက်ရော နံနက်တန်းစီမှာ ဆရာ၊ ဆရာကြီးတွေက ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကျနော့်ကိုကြည့်ပြီး ဆရာတစ်ယောက်က “ဗိုလ်ကြီး ဒီပုံစံနဲ့ ရှေ့တန်းလိုက်မလို့လား” ဆိုပြီး လာမေးတော့ “ဟင် ဘာကိုလဲ ကျနော် ဘာမှ မသိပါလား” ဆိုတော့ “ဟင်… ဗိုလ်ကြီး မသိသေးဘူးလား၊ မနေ့က တပ်ရင်းမှူးဟာ ရှေ့တန်းချိန်းမဲ့ စစ်သည်တွေကို ပွိုင့် - ၁၉၂၁ နဲ့ မြတ်လေးကုန်းက ဗိုလ်ကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိမယ်ဆိုပြီး ပြောနေတယ်။ ဆက်သွယ်ရေးကလည်း မနေ့ညနေကပဲ စခန်းချိန်းစစ်သည် အမည်စာရင်းနဲ့ စခန်းစစ်သွားမဲ့ စာရင်းတွေပို့တာ ဗိုလ်ကြီးနံမည်ပါတယ်” လို့ ဆိုတော့ “ဟုတ်လား.. ကျနော် တကယ် မသိတာ၊ အင်းပါ... တပ်ရင်းမှူး ပြောတော့မှ လုပ်တာပေါ့” ဆိုပြီး ပုံမှန်တန်းစီဝတ်စုံနဲ့ (ရွှေရောင်အပွင့်၊ ရှူး၊ ဘယ်ရီ (သို့) တောဆောင်း) နဲ့ ၀င်တန်းစီ လိုက်ပါတယ်။

ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း အလေးပြု၊ သစ္စာဆိုပြီးတော့ တပ်ရင်းမှူးက တန်းအပ်လက်ခံပြီး မှာစရာရှိတာမှာကာ တန်းဖြုတ်တော့မှ ကျနော့်ကို “ဗိုလ်ကြီးရဲထက် မင်းပစ္စည်းတွေ ပြင် ယူနီဖောင်းချိန်း အဆင်သင့်လုပ်ထား၊ ပြီးရင် ငါမှာထားတဲ့အတိုင်း လက်နက်ထုတ်တာကို မင်းကြီးကြပ်၊ သေနတ်နံပါတ်တွေ စာရင်းအတိုင်း လူနဲ့ သေနတ်နဲ့ မှန်ပါစေ မလွဲစေနဲ့” ဆိုပြီး မှာကြားတော့ ကျနော်ကလည်း “ဟုတ်… ကျနော်ကော ဘယ်သေနတ် ထုတ်ရမလဲခင်ဗျ၊ အရင်သေနတ်ပဲလား ခင်ဗျ” ဆိုတော့ နဲနဲစဉ်းစားပြီး “ထုတ်မနေ ပါနဲ့ကွာ၊ တပ်မှာ လက်နက်က မကျန်ဘူး ဖြစ်နေတယ်၊ ဂိတ်လည်း လုံခြုံရေး ရှိသေးတယ်” လို့ ပြောလာပါတယ်။

ကျနော်လည်း တပ်ရင်းမှူး မှာကြားတဲ့အတိုင်း စီစဉ်ဆောင်ရွက်ပြီးလို့ အားလုံး အသင့်ဖြစ်ကြောင်း သတင်းသွားပို့တဲ့ အခါမှာတော့ တပ်ရင်းမှူးမှ မိမိအား “အေး… တပ်ကြပ်ဝဏ္ဏ သေဆုံးခဲ့မှု အပေါ်မှာ ငါသတင်းရထားတာ တမျိုး၊ အမှန်က တမျိုး ဖြစ်နေတယ်။ ဒါကတော့ ငါတို့ သိထားဖို့ပဲ၊ တကယ်လုပ်ရမှာက ရှေ့တန်းက ပို့လာတဲ့ ဖြစ်စဉ်အရ စုံခုံ (စုံစမ်းစစ်ဆေးရေး ခုံရုံး) မှာ လက်မှတ်ထိုးဖို့ ကျန်နေတဲ့သူတွေ လက်မှတ်ထိုးဖို့နဲ့ ခြေလျင်စစ်ကြောင်းက ဆေးမှူးရဲ့ ထွက်ဆိုချက်ယူဖို့ပဲ။ အဲဒါ အချောသတ် လုပ်ရမယ်။ အဲဒါ မင်းတာဝန်ယူရမယ်” ဆိုပြီး သီးခြားတာဝန် ပေးအပ်လာပါတယ်။

ကျနော်လည်း သိကြတဲ့အတိုင်း ရှေ့တန်းဆိုတာကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတော့မှာ ဆိုတော့ ကြည်နူးသလိုလို ဘာလိုလိုနဲ့ ခံစားချက်က ရှိန်း..ရှိန်း..နဲ့ မိမိတာဝန်အရ လုပ်ရမှာတွေကို သေချာရေးမှတ်ပြီး မိမိအုပ်ချုပ်မှုအောက်မှာ ရှိကြမဲ့ စစ်သည်တွေကို မှာစရာရှိတာမှာကာ ယာဉ်တန်းကို စောင့်နေပါတော့တယ်။


အပိုင်း (၂) ကို နောက်တစ်ပတ် ဆက်လက်တင်ပြသွားပါမယ် ခင်ဗျား။

source by : http://www.photayokeking.org