Friday, October 9, 2009

စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်လာတဲ့သဘောလို့ NLD ယူဆ

စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်လာတဲ့သဘောလို့ NLD ယူဆ

2009-10-09 ( RFA )

ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုခဲ့တဲ့အတိုင်း အနောက်တိုင်းသံအမတ်တွေနဲ့ တွေ့ဆုံဖို့ စစ်အစိုးရက စီစဉ်ပေးခဲ့တာဟာ နိုင်ငံရေးအရ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက်လာတဲ့ သဘောလို့ ယူဆနိုင်ကြောင်း၊ အဲဒီကတဆင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောပါတယ်။


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးလည်း ဖြစ်သူ ဦးဉာဏ်ဝင်းက အင်းစိန်ထောင် အထူးတရားရုံးမှ ဇူလိုင် ၂၄ ရက် အမှုချိန်းမှာ ပြန်လာပြီးနောက် အမှုအခြေအနေကို NLD ဌာနချုပ်ရုံးတွင် သတင်းဌာနများအား ရှင်းလင်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဦးဥာဏ်ဝင်းကို RFA ဝိုင်းတော်သူ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်အယူခံ ဗဟိုတရားရုံးချုပ် တင်သွင်းရေးကြန့်ကြာနေ

ဒေါ်အောင်ဆန်းစုကြည်အယူခံ ဗဟိုတရားရုံးချုပ် တင်သွင်းရေးကြန့်ကြာနေ

2009-10-08 ( RFA )

ရန်ကုန်တိုင်း တရားရုံးက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကို ပယ်ချလိုက်ပေမဲ့ အခုချိန်ထိ စီရင်ချက်မိတ္တူကို အကျိုးဆောင်ရှေနေတွေဘက်က မရရှိသေးဘူးလို့ သိရပါတယ်။


ရန်ကုန်မြို့လယ်ရှိ ဗဟိုတရားရုံး အဆောက်အဦး ဖြစ်ပါသည်။ (Photo: AFP)

ဒါကြောင့် အယူခံကို ဗဟိုတရားရုံးချုပ်ထိ ဆက်လက် တင်သွင်းဖို့ ရှိတဲ့ကိစ္စမှာ ကြန့်ကြာမှုတွေ ရှိနေတယ်လို့ အကျိုးဆောင်ရှေ့နေ ဦးကြည်ဝင်းက RFA ကို ပြောပါတယ်။

ဦးကြည်ဝင်း။ ။ 'ဗဟိုတရားရုံးကို ကျွန်တော်တို့ တင်တယ်။ သို့သော်၊ အခု တင်ဖို့ရာအတွက် ဒီ တိုင်းတရားရုံးက ချတဲ့ စီရင်ချက် မိတ္တူကို တောင်းထားတယ်။ တောင်းထားတော့ကာ အဲဒီ အမှုတွဲကို ဗဟိုတရားရုံးက ယူသွားလို့ အဲဒီမိတ္တူကို ခုထက်ထိ ထုတ်မပေးနိုင်သေးဘူး။'

ရှေ့နေတွေအနေနဲ့ တိုင်းတရားရုံးရဲ့ စီရင်ချက်ကို ဖတ်ခွင့်မရမချင်း အယူခံမှုနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်လို့ မရတဲ့အကြောင်း ဦးကြည်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် တနှစ်ခွဲ ချမှတ်ခဲ့တာကို ပယ်ဖျက်ဖို့အတွက် ရန်ကုန်တိုင်း တရားရုံးမှာ အယူခံတင်သွင်းခဲ့ပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က ပယ်ချခံခဲ့ရပါတယ်။့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို စစ်အစိုးရက တရားမဝင်တော့တဲ့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စွဲဆိုထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှုကနေ ကွင်းလုံးကျွတ် လွတ်သင့်တယ်လို့ အကျိုးဆောင်ရှေ့နေတွေဘက်က အဓိက ထောက်ပြနေတာ ဖြစ်ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်း သံတမန်များတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်း သံတမန်များတွေ့ဆုံ

Friday, 09 October 2009 11:24 ကိုစိုး

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်အခြေစိုက် အနောက်တိုင်း သံတမန် ၃ ဦး ယနေ့တွေ့ဆုံကြောင်း သံတမန် အသိုင်းအဝိုင်းမှ သိရသည်။

ယခုတွေ့ဆုံသည့် အစီအစဉ်သည် စစ်အစိုးရ၏ ခွင့်ပြုချက်အရဖြစ်ကြောင်းနှင့် တွေ့ဆုံသည့် သံတမန်များမှာ အမေရိကန်၊ ဗြိတိန်နှင့် သြစတေးလျ သံတမန်များဖြစ်ပြီး မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု များနှင့် ပတ် သက်၍ ဆွေးနွေးရန်ဖြစ်ကြောင်း အနောက်တိုင်း သံတမန် တဦးက ပြောသည်။


ပြင်သစ်နိုင်ငံ ပဲရစ်မြို့ မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာ ၆ ရက်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆို ဆန္ဒပြသူများကို တွေ့ရစဉ် ။ (ဓာတ်ပုံ - Getty Images)

ယင်းကဲ့သို့ အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်ပြီးဆွေးနွေးရန် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရန် တောင်းဆိုချက်ကိုမှု ပြောင်းလဲမည်မဟုတ်ဟု သံတမန် တဦးက ပြောဆိုကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်က အရေးယူပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက် လိုကြောင်း စက်တင်ဘာ ၂၅ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာတစောင် ပေးပို့ခဲ့ပြီး ယင်းစာထဲ၌ အနောက် တိုင်း သံတမန် ၃ ဦးနှင့် တွေ့ဆုံရန် တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စာနှင့်ပတ်သက်ပြီး စစ်အစိုးရ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်နှင့်ဒေါ်အောင် ဆန်းစုကြည် တို့ ပြီးခဲ့သည့် တပတ်အတွင်း ၂ ကြိမ်တွေ့ဆုံခဲ့သည်။

ယင်း ဖြစ်ရပ်များသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲ ပေါ်ထွက်လာပြီးနောက် ဆက်တိုက် ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာပြည်အရေးနှင့် ပတ်သက်၍ စစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြီး စေ့စပ် ဆွေးနွေးခြင်း နှင့် ပိတ်ဆို့ ဒဏ်ခတ်ခြင်း တို့အား တပြိုင်နက် ကျင့်သုံးမည့် မူဝါဒကို ကိုင်စွဲသွားမည်ဟု နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က စက်တင်ဘာ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

မစ္စ ကလင်တန်က ကုလသမဂ္ဂမှ စီစဉ်သည့် မြန်မာ့ မိတ်ဆွေနိုင်ငံများ အစည်းအဝေးအပြီး သတင်းထောက် များနှင့် တွေ့ဆုံရာတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မကြာမီ စင်္ကာပူနိုင်ငံတွင် ကျင်းပမည်ဖြစ်သော အာဆီယံ ထိပ်သီး အစည်းအဝေးသို့ လာရောက်မည့် အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား နှင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ တွေ့ဆုံ ရန်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, October 8, 2009

တုပ်ကွေးလို့ ယူဆရတဲ့ ရောဂါဆန်းတမျိုး ဖာပွန်ခရိုင်မှာ ကူးစက် ဖြစ်ပွားနေ

တုပ်ကွေးလို့ ယူဆရတဲ့ ရောဂါဆန်းတမျိုး ဖာပွန်ခရိုင်မှာ
ကူးစက် ဖြစ်ပွားနေ


2009-10-08 ( RFA )

ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက ကျေးရွာတချို့မှာ ကူးစက်နှုန်းအထူး မြန်ဆန်တဲ့ တုပ်ကွေးလို့ ယူဆရတဲ့ ရောဂါဆန်းတမျိုး ဖြစ်ပွားနေတယ်လို့ ဒေသခံ ကျန်းမာရေးအဖွဲ့တွေက ပြောပါတယ်။

အစိုးရ စစ်တပ်၏ လိုက်လံ တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် တောတောင်များထဲတွင် ထွက်ပြေး ပုန်းအောင်းနေရသော ကရင်ရွာသူရွာသားများ။
(Photo: Free Burma Rangers)


အဲဒီတုပ်ကွေးရောဂါဟာ ဖာပွန်ခရိုင် လူတော မြို့နယ် ယွန်းစလင်းမြစ်ရဲ့ အနောက်ဖက်ခြမ်းမှာ စတင်ဖြစ်ပွားနေတာဖြစ်ပြီး၊ အခုဆိုရင် မြစ်ရဲ့အရှေ့ဖက်ခြမ်းကိုပါ ကူးစက်ဖြစ်ပွားနေပြီလို့ သိရပါတယ်။ လောလောဆယ်အထိ ကျေးရွာ ၁ဝ ရွာလောက်မှာ ရောဂါဖြစ်ပွားသူ ၇ဝဝ လောက်နဲ့ သေဆုံးသူတဦး ရှိသွားပြီလို့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ ညွှန်ကြားရေးမှူး ဆရာမန်းမန်းက RFA ကို ဒီကနေ့ ပြောပါတယ်။

ဆရာမန်းမန်း။ ။ 'ဒီ ယွန်းစလင်းချောင်းရဲ့ ဒီဖက် အနောက်ဖက်ခြမ်းပေါ့နော်၊ အဲဒီမှာ ၇ ရွာ ၈ ရွာလောက် ကျွန်တော်တို့ အရင်တုန်းက ဖြစ်နေတယ်။ လူဦးရေ လူနာဦးရေ ၅ဝဝ ကျော်ကျော်လောက် ရှိတာပေါ့။ အဲဒါတွေကတော့ တစုံတရာ က္ဆွန်တော်တို့ အရေးယူ ဆောင်ရွက်ပေးလို့တော့ သက်သာမှုတော့ ရပြီ၊ သို့သော်လည်းပဲ နောက်ထပ် ယွန်းစလင်းချောင်းရဲ့ အရှေ့ဖက်ခြမ်းမှာပေါ့နော်၊ အဲဒီမှာ ၃၊ ၄ ရွာ တခါထပ် ဖြစ်လာတာကျွန်တော်တို့ ကြားသိရတယ်။ အဲဒါလည်း ကျွန်တော်တို့ အရေးယူ ဆောင်ရွက်ပေးဖို့လို့ ကျွန် တော်တို့ ကျန်းမာရေးဝန်ထမ်းတွေ စေလွှတ်ပြီးပြီပေါ့နော်။ ဒီကြားထဲမှာပဲ အဲဒီမှာပဲ အပြစ်ဖြစ်တဲ့ ရွာတွေမှာပဲ ၁၅ဝ- ၂ဝဝ လောက် ဖြစ်ရှိနေပြီ။ ဒီထဲမှာ ၇ နှစ် ရွာက ကလေးတယောက်ကလည်း ဆုံးသွားတယ်ပေါ့နော်။'

ရောဂါလက္ခဏာအရ တုပ်ကွေးလို့ လတ်တလော ယူဆရပေမဲ့ ရောဂါဇာစ်မြစ်ကို အတိအကျ သိရှိနိုင်ဖို့ ရောဂါပိုးနမူနာကို မဲဆောက်ဆေးရုံကတဆင့် ထိုင်းဆေးရုံတခုကို ပေးပို့ထားတယ်လို့ ဆရာမန်းမန်းက ပြောပါတယ်။

ဆရာမန်းမန်း။ ။ 'အဲဒီ လက္ခဏာအရကတော့ တုပ်ကွေးလို့တော့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ သို့သော်လည်းပဲ ပိုသေချာအောင် ဘယ်အမျိုးအစားလဲ ပေါ့နော်၊ H1N1 လား၊ H5N1 လား၊ H2N1 လား၊ အဲဒါတွေကို ကျွန်တော်တို့ ခွဲခြားရဦးမယ် ဆိုတဲ့အတွက် မဲဆောက်ဆေးရုံကတဆင့် သူတို့ ပို့လိုက်တယ်ပေါ့နော်။ အဲဒါလည်းပဲ ဒီ သူတို့ ဆောင်ရွက်ဖို့ကလည်း တပတ် ၁ဝ ရက်လောက် ကြာဦးမယ်တဲ့။ အဲဒီတော့ ကျွန်တော်တို့လည်း ဒါကို အချိန်စောင့် နေတယ်ပေါ့နော်။'

ရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာ ကေအန်ယူ တပ်မဟာ ၅ လက်အောက်ခံနယ်မြေထဲမှာ ဖြစ်ပြီး၊ စစ်အစိုးရရဲ့ ထိုးစစ်တွေကြောင့် ရွာသူရွာသားတွေ တောတောင်တွေထဲမှာ စုဝေးပုန်းအောင်းနေကြရာက ရောဂါဖြစ်ပွားမှု ဆိုးဝါးလာခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံ ကျန်းမာရေးလုပ်သားတွေက ပြောပါတယ်။

လောလောဆယ်မှာ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့အပါအဝင် ဒေသခံ ကျန်းမာရေး အဖွဲ့အစည်းတွေက အဲဒီဒေသတွေဆီ သွားရောက်ပြီး ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ သွားရောက် ကူညီဆောင်ရွက် ပေးနေကြတယ်လို့ သိရပါတယ်။

ဒီရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်လို့ နယ်လှည့်ကျောပိုးအိတ် လုပ်သားအဖွဲ့ ညွန်ကြားရေးမှူး ဆရာမန်းမန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ကျေးလက်သျှမ်းရွာများ မီးရှို့မှု၌ ရပခ တိုင်းမှူးကိုယ်တိုင်အမိန့်ပေး

ကျေးလက်သျှမ်းရွာများ မီးရှို့မှု၌ ရပခ တိုင်းမှူးကိုယ်တိုင်အမိန့်ပေး


ကြာသပတေးနေ့ ၊ 08 အောက်တိုဘာလ 2009 သျှမ်းသံတော်ဆင့်


ဂျူလိုင်လနှောင်းပိုင်းက သျှမ်းပြည်အလယ်ပိုင်း အိမ်ခြေ ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရမှုတွင် တောင်ကြီးအခြေ စိုက် ရပခ တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်ကိုယ်တိုင် အမိန့်ပေးညွှန်ကြားခဲ့သည်ဟု သျှမ်းပြည်အလယ်ပိုင်းသတင်းရပ်ကွက်ပြောပါသည်။

“မီးရှို့ခိုင်းတုန်းကလဲ သူဘဲ၊ အခု အားချင်းအိမ်ပြန်ဆောက်ပေးခိုင်းတော့လဲသူဘဲ၊ ပြည်သူတွေကို ဘယ်လို မျက်နှာပြရမလဲ” - ဟု သျှမ်းပြည်အလယ်ပိုင်းရှိ တပ်ရင်းမှူးတဦးပြောကြောင်း နီးစပ်သူတဦး က ပြောပါသည်။

မီးရှို့ဖျက်ဆီးခံရသည့် လဲချားမြို့နယ် တတ်မောက်ကျေးရွာအုပ်စု နှင့် မိုင်းကိုင်မြို့နယ် ဟိုခိုင်းကျေးရွာအုပ်စု အလိုက် ပျဉ်ထောင်အိမ် အလုံးပေါင်း ၁၂၀ ကျော်အား သုံးလအတွင်း အပြီးဆောက်လုပ်ပေးရန် တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်ညွှန်ကြားမှု အပေါ် ဆိုဒ်အတွင်းကွပ်ကဲသည့် တပ်ရင်းမှူးများ မကျေမနပ် ညည်းတွားကြောင်း၊ မီးရှို့ခိုင်းစဉ်ကလည်း ဗိုလ်ရာပြည့်ကိုယ်တိုင် အမိန့်ပေးခဲ့ကြောင်း မြောက်ပိုင်းအပစ်ရပ်တပ်ဖွဲ့နှင့် - နီးစပ်သည့် အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်က မိုင်းနောင် အခြေစိုက် အမှတ် ၂ စကခ မှူး ဗိုလ်မှူးကြီးကျော်ဇံမြင့် ဆီတိုက်ရိုက်ညွှန်ကြားတယ် တဲ့။ ဗျူဟာနှစ်ခု လက်အောက်ခံ တပ်ရင်း ၅ ရင်းက ရွာတွေကိုမီးရှို့ဖျက်ဆီးတယ်။ အဓမ္မပြောင်း ရွေ့ခိုင်းတယ်။ ရွာသူ ရွာသားတွေ မိုးတွင်းတခုလုံး အိုးမဲ့ အိမ့်မဲ့ဘ၀ နဲ့ ဒုက္ခခံခဲ့ရပြီး မိုးကုန်မှ အလျင်စလို အိမ်ပြန် ဆောက်ပေးဖို့ တိုင်းမှူးက ပြန်ပြောလာတယ်။ သူခိုင်းချင်ရာခိုင်းနေတော့ တပ်ရင်းမှူးတွေကလဲ မခံနိုင်ဖြစ်လာ တာပေါ့” - ဟု အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပြ၏။

နအဖတပ်မီးရှို့ဖျက်ဆီးခဲ့သည့်သျှမ်းပြည်အလယ်ပိုင်းမှ ကျေးလက်နေအိမ်များ
Photo:Taifreedom


မီးရှို့ဖျက်ဆီးခံရသည့် ကျေးလက်လူထုအတွက် စစ်တပ်က သစ်လုပ်ငန်းရှင်များအား (ခွဲစိတ်ပြီးသားသစ် တန်ချိန် ၃၀၀၀ ထောင်၊ သစ်တုံး တန်ချိန် ၂၀၀၀ ကျော်) သစ်ပါမစ်ပေးခဲ့သော်လည်း မိုင်းကိုင်မြို့နယ် တုံလောဝ် အခြေစိုက် ဗျူဟာမှူးက ကားလမ်းဘေးရှိ ကျေးရွာများအား တစ်အိမ်လျှင် သစ်တစ်တန်နှုန်းခုတ်ဖြတ်ပေးရန် ဆင့်ဆိုခဲ့သည်ဟုဆိုသည်။

အမည်မဖေါ်လိုသည့် ရွာသူကြီးတဦးက - “ တရုပ်နယ်စပ်အခြေအနေက မကောင်းဘူးဆိုတော့ သစ်ပါမစ်ရလဲလုပ်စားဖို့က အဆင်မပြေပြန်ဘူး၊ ရှင်းရှင်းပြောရင် ဗျူဟာမှူးအမိန့်နဲ့ ရွာသားတွေကို လုပ်အားပေးခုတ်ခိုင်း ထားတဲ့သစ်တွေကိုသစ်ပါမစ်ရ ထားတဲ့သူတွေက တတန် ၃ သိန်းနှုန်းနဲ့ ပြန်သွားဝယ်ရတယ်။ အဲဒီသစ်တွေနဲ့ မီးရှို့ခံရတဲ့ သူတွေအတွက်ပြန်ဆောက်ပေး ရမယ်၊ သစ်ပါမစ် ရထားတဲ့ဟာကတော့ သူတို့နဲ့မဆိုင်တော့ဘူး၊ ကိုယ့်ဟာကိုဘဲ ခုတ်ဖြတ်ထုတ်ရောင်းဖို့ရှိတယ်” - ဟု ရှင်းပြ၏။

မီးရှို့ ဖျက်ဆီးခံရသော တတ်မောက်ကျေးရွာအုပ်စု၊ ဟိုခိုင်းကျေးရွာအုပ်စုအား နားဂစ်ပျဉ်ထောင်အိမ်ပုံစံတူ စံပြကျေးရွာ လုပ်ပေးရန် နှင့် အစိုးရဌာနများဖြစ်သည့် သစ်တော၊ ကျန်းမာရေး၊ ပညာရေးဌာနအပြင် တိုင်းစစ်ဗျူဟာ တခုလည်းတိုးချဲ့ ထားရှိသွားမည်ဟု အမည်မဖေါ်လိုသည့် ဒေသခံ ခေတ်ပညာတတ် လူငယ် တဦးက ပြောပါသည်။

ကျေးလက်လူထုအား သျှမ်းသူပုန် ဆက်သွယ်သတင်းပေးသည် ဟုဆိုကာ နေအိမ်ဥစ္စာပစ္စည်းများ၊ စပါးကျီများပါမကျန် မီးရှို့ဖျက်ဆီးခဲ့ပြီး သုံးလအတွင်း အိမ်အသစ်ပြန်ဆောက်ပေးရန် ရပခ တိုင်းမှူးညွှန်ကြားရခြင်းမှာ အကြောင်း ၃ ရပ်ရှိကြောင်း -

(၁) ၂၀၁၀ ရွေးကောက်ပွဲအတွက် ထောက်ခံမဲရရန် ပြည်သူလူထုအား စည်းရုံး ချွေးသိပ်ခြင်း။
(၂) သျှမ်းပြည်တပ်မတော် လှုပ်ရှားနယ်မြေအတွင်း စစ်အစိုးထပ်တိုးချရန်ရှိခြင်း။
(၃) ဒေသခံ စစ်အရာရှိများက သစ်လုပ်ငန်းရှင်များထံမှ ၀င်ငွေရရန် ဖန်တီးပေးခြင်း
တို့ ဖြစ်သည်ဟု သုံးသပ်သူများ ပြောဆိုကြသည်။

သျှမ်းသူပုန်များအား ဆက်သွယ်ထောက်ပံ့သတင်းပေးသည်ဟု ယူဆခံရသည့် လဲချား မိုင်းကိုင်မြို့နယ်မှ ကျေးရွာ ၁၀ ရွာကျော် (အိမ်ခြေ ၅၀၀ ကျော်) အား ဂျူလိုင်လနှောင်းပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ ၃၉ ရွာကိုလည်း နေရပ်ရင်းမှ အဓမ္မပြောင်းရွေ့ အိုးအိမ်စွန့်ခွာခိုင်းခဲ့ပါသည်။


မှတ်ချက် ။ ။ http://www.mongloi.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မျိုးဆက်သစ်လူငယ်တို့၏ ဒေါ်စု အတွက် ဂုဏ်ပြုတေး လူငယ်များအကြား ထိရောက်မှုရှိ

မျိုးဆက်သစ်လူငယ်တို့၏ ဒေါ်စု အတွက် ဂုဏ်ပြုတေး
လူငယ်များအကြား ထိရောက်မှုရှိ

ဝီရ / ၈ အောက်တိုဘာ ၂၀၀၉


မျိုးဆက်သစ်လူငယ်များအစည်းအရုံး (GW) က ဖြန့်ချိလိုက်သည့် ဟစ်ပ်ဟော့ပ်သီချင်း အယ်လ်ဘမ်တွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုစပ်ဆိုထားသည့် ‘အမေ ၆၄’ ဟူသည့် သီချင်းမှာ ပြည်တွင်းလူငယ်များ အကြား ရေပန်းစားနေပြီး ထိုအယ်လ်ဘမ်သည် အတိုင်းအတာတခုအထိ ထိရောက်မှုရှိကြောင်း အဖွဲ့ဝင်များနှင့် လူငယ်များက ပြောသည်။

မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ဖြစ်ပျက်နေသည့် လတ်တလောအခြေအနေများကို လူငယ်အမြင်မှ ဖွဲ့သီစပ်ဆိုထားသော ထိုအယ်လ်ဘမ်ကို လူငယ်တို့၏ နိုင်ငံရေးစိတ်ဓာတ် နိုးကြားတက်ကြွလာအောင် ပထမဦးဆုံး ထုတ်ဝေလိုက်ခြင်းဖြစ်ကြောင်း GW အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် မင်းရန်နိုင်က ပြောကြားသည်။

ပြည်တွင်းဖြန့်ချိမှုနှင့် ပတ်သက်၍ ၎င်းက “လူငယ်တွေကို ဦးတည်ဖြန့်ပါတယ်။ ပြည်တွင်းက အားပေးတဲ့အသံတွေ၊ ဂုဏ်ယူတဲ့ အသံတွေ ကျနော်တို့ပြန်ကြားရတယ်။ နည်းမျိုးစုံနဲ့ဖြန့်တာ၊ ကိုယ့်အချင်းချင်း လက်ဆင့်ကမ်းပြီး ဖြန့်တယ်။ တက္ကသိုလ်ကျောင်းတွေမှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ ချထားပေးတယ်။ ဘတ်စ်ကားပေါ်မှာ ချထားတယ်။ အိမ်ဆွဲခေါင်းလောင်းမှာ ချိတ်ထားပေးတယ်။ တနိုင်ငံလုံး အတိုင်းအတာအထိ ဖြန့်နိုင်အောင်လည်း ကျနော်တို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

မျိုးဆက်သစ်လူငယ်များအစည်းအရုံးသည် လှုံ့ဆော်စာများ ဖြန့်ဝေခြင်း၊ စစ်အစိုးရဆန့်ကျင်ရေး ဆေးဖြန်းခြင်း စသည့် စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတို့ကြောင့် အနုပညာရပ်ဝန်းမှ နာမည်ကြီး ဟစ်ပ်ဟော့ပ်အဆိုတော် ဇေယျာသော် အပါအဝင် အဖွဲ့ဝင် (၃၀) ဦးခန့် စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့် မြေအောက်တော်လှန်ရေးအဖွဲ့အစည်းတရပ်ဖြစ်သည်။

“မျိုးဆက်လှိုင်း” ဟု အမည်ရသည့် ယခု အယ်လ်ဘမ်ကို ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖြန့်ချိလိုက်ခြင်းဖြစ်ပြီး ၂၀၀၇ ခု စက်တင်ဘာအရေးအခင်းအတွက် ဆိုထားသည့် ‘နိုးထကြလော့’၊ ၂၀၁၀ ရွေးကောက်ပွဲကို သရော်ထားသည့် ‘တစ်ဆယ်’၊ ‘အမေ ၆၄’၊ ‘အခြေအနေများ’၊ ‘မာရ်နတ်အိမ်’၊ ‘တိုက်’ နှင့် တော်လှန်ရေးသားသမီးတို့အတွက် ရည်ရွယ်သည့် ‘ခွင့်ပြုတော့ မေမေ’ အစရှိသည့် သီချင်း (၇) ပုဒ် ပါဝင်သည်။

ပြည်တွင်းမှ နိုင်ငံရေးလှုပ်ရှားတတ်ကြွသူ လူငယ်တဦးက “ဒီသီချင်း (၇) ပုဒ်ထဲမှာ ‘အမေ ၆၄’ သီချင်းက လူငယ်တွေ တော်တော်သိကြတယ်။ သီချင်းက ဟစ်ပ်ဟော့ပ် အေးအေးလေးတပုဒ်လည်းဖြစ်တော့ မိန်းကလေးတွေပါ အီမေးလ်တွေက တဆင့်၊ နီးစပ်သူတွေဆီကတဆင့် တောင်းပြီး နားထောင်ကြတယ်။ ဒီလိုသီချင်းတွေ များများထုတ်စေချင်တယ်။ ခိုးပြီး နားထောင်ရတော့ ပိုအရသာရှိတာပေါ့” ဟု ပြောသည်။

‘အမေ ၆၄’ သီချင်းတွင် “အမြဲတမ်း အပြုံးမပျက် ဦးဆောင်သူ၊ အားလုံးအရေးအတွက် ဘဝကို မမှု၊ ပန်းတိုင်အရောက်သွားဖို့ ရှေ့သို့ အားမလျှော့ဘူး။ အမေ..... အာဏာရှင်တွေ လက်ထဲမှာ ရင်နင့်စွာ နေ့ပေါင်းများစွာ မှေးစက်လို့ ....၊ ဂုဏ်ယူမယ့်နေ့ ဒီမိုကရေစီတိုက်ပွဲမှာ ဒို့သမိုင်းမှာ ကျနော့်သီချင်းများဟာ အမေအတွက်မို့.......” စသည့် စာသားများဖြင့် ဖွဲ့ဆိုထားသည်။

ဟစ်ပ်ဟော့ပ် အဆိုတော်များ၏ တဖွဲ့နှင့်တဖွဲ့ ရန်စောင်တိုက်ခိုက်သည့် သီချင်းများကို ပြည်တွင်းလူငယ်တို့က စိတ်ဝင်စားမှု လျော့ကျနေချိန်တွင် ယခုကဲ့သို့ တစုံတရာအတွက် အဓိပ္ပာယ်ရှိစေသည့် သီချင်းအယ်လ်ဘမ်မျိုး အများအပြား လိုအပ်နေကြောင်း ပြည်တွင်းမှ အဆိုပါလူငယ်က ပြောသည်။

မျိုးဆက်လှိုင်းသီချင်းများကို GW အဖွဲ့၏ http://www.generation-wave.co.cc/ အင်တာနက်စာမျက်နှာတွင် အခမဲ့ ရယူနိုင်သည်။

နာဂစ်မုန်တိုင်းတွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် “ကမ္ဘာမကြေဘူး” နှင့် “နာဂစ်အတွက်” ဟူသည့် သီချင်း (၂) ပုဒ်ကို ၂၀၀၈ ခုနှစ်တွင် GW အဖွဲ့က သီဆိုထုတ်ဝေခဲ့ဖူးသည်။

GW အဖွဲ့ကို မြန်မာနိုင်ငံ၏ ပထမဆုံး ဟစ်ပ်ဟော့ပ်အဖွဲ့ဖြစ်သည့် ACID အဖွဲ့မှ ဇေယျာသော်က ရွှေဝါရောင်တော်လှန်းရေး နောက်ပိုင်း ဖွဲ့စည်းခဲ့ပြီး GW ၏ သီချင်းများကို GW အဖွဲ့ဝင်တို့က ရေးသားသီဆိုထားကြသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, October 7, 2009

တရားဝင် မြန်မာအလုပ်သမားအများအပြား မလေးရှား အကျဉ်းစခန်းတွေမှာ ပြန်လမ်းမဲ့ဆဲ

တရားဝင် မြန်မာအလုပ်သမားအများအပြား မလေးရှား အကျဉ်းစခန်းတွေမှာ ပြန်လမ်းမဲ့ဆဲ

2009-10-07 ( RFA )

မြန်မာနိုင်ငံကနေ တရားဝင် အလုပ်အကိုင်ပါမစ်နဲ့ မလေးရှားနိုင်ငံကို လာရောက် အလုပ်လုပ်ကိုင်တာ ဖြစ်ပေမဲ့ အကြောင်း အမျိုးမျိုးနဲ့ အလုပ်လက်မဲ့ ဖြစ်နေပြီး တရားမဝင် နိုင်ငံခြားသားအဖြစ်နဲ့ မလေးရှား အကျဉ်းထောင်တွေမှာ အကျဉ်းကျနေသူ ထောင်ချီ ရှိနေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရဲလာခေါ် အရပ်သား လုံခြုံရေး တပ်ဖွဲ့ဝင်များက ညသန်းခေါင်ကျော် စစ်ဆင်ရေးဖြင့် တရားမဝင် နိုင်ငံခြား အလုပ်သမားများကို ဖမ်းဆီးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။(Photo: AFP)

မလေးရှားကို တရားဝင် စာရွက်စာတမ်းတွေနဲ့ အလုပ်အေဂျင်စီတွေကတဆင့် သွားရောက် အလုပ်လုပ်တာ ဖြစ်ပေမဲ့ အလုပ်လက်မဲ့ဖြစ်ပြီး တရားမဝင်ဘဝရောက် အကျဉ်းကျနေသူ အလုပ်သမား ၄၅ဝ ကို မြန်မာအာဏာပိုင်တွေက ပြန်လည် ခေါ်ဆောင်ခဲ့တဲ့အကြောင်း စစ်အစိုးရ သတင်းမီဒီယာတွေက မနေ့က ရေးသားဖော်ပြခဲ့ပါတယ်။

အကျဉ်းစခန်းတွေမှာ သေဆုံးရတဲ့ မြန်မာအလုပ်သမားတွေတောင် ရှိတယ်လို့ မလေးရှားနိုင်ငံ ကွာလာလံပူ အခြေစိုက် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုအောင်လွင်က ပြောပါတယ်။

ကိုအောင်လွင်။ ။ 'ပူထရာဂျာယာ အင်မီဂရေးရှင်းကမ့်မှာပေါ့နော်၊ သူတို့ ဖမ်းထားတဲ့အထဲမှာ သေသွားတဲ့ လူလည်း ရှိတယ်ဗျ။ ကျွန်တော်တို့ ရခိုင်က နှစ်ယောက်ရှိတယ်၊ အဲဒီမှာ သေသွားတာ၊ နောက်ထပ် သေတဲ့လူလည်းရှိတယ်။ လေးငါးယောက် ရှိတယ်လို့ ကျွန်တော်တို့ကို ပြောတယ်။ နောက် ဆေးရုံပေါ်မှာလည်း အသည်းအသန် ဖြစ်တဲ့လူ ရှိတယ်တဲ့။ အဲဒီလို ဒီကို ဝင်လာတဲ့ လူတွေပေါ့နော်၊ အဲဒီ အဖမ်းခံရပြီးတော့ မြန်မာပြည်ကို ပြန်ဖို့အတွက် စောင့်နေတဲ့ အဲဒီလို သေသွားတာရှိတယ်။'

မလေးရှားအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူတွေရဲ့ အဆိုအရရော၊ မြန်မာအစိုးရကြေညာချက်မှာပါ မလေးရှားမှာ အလုပ်လက်မဲ့ဖြစ်ပြီး မြန်မာနိုင်ငံ မပြန်နိုင်တဲ့အတွက် အကျဉ်းစခန်းတွေမှာ သောင်တင်နေသူ စုစုပေါင်း ၂၇ဝဝ ကျော် ရှိနေသေးတယ်လို့ သိရပါတယ်။

မြန်မာအာဏာပိုင်တွေရဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံကို ပြန်လာနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပေမဲ့ မလေးရှားရောက် မြန်မာတွေရဲ့ အဆိုအရ ဒီလိုပြန်ဖို့အတွက် မြန်မာသံရုံးကို ငွေကြေးပေးရတဲ့အတွက် ငွေမတတ်နိုင်လို့ ဒုက္ခရောက်နေသူက အများစုဖြစ်တယ်လို့ ကိုအောင်လွင်ကပဲ ပြောပြပါတယ်။

ကိုအောင်လွင်။ ။ 'အဲဒီ ပြန်ဖို့အတွက်လေ၊ သူတို့ဟာ ၁၆ဝဝ ပေးရတယ်။ အဲဒီ ၁၆ဝဝ ဆိုတာကလည်း လေယာဉ်လက်မှတ်အပါအဝင် နောက်တခါ ရန်ကုန်လေဆိပ်မှာ အဖမ်းမခံရအောင် ဆိုပြီးတော့ပေါ့နော်၊ ပိုက်ဆံ ပေးရတယ်ဗျ။ ၁၆ဝဝ ဆိုတော့ သူတို့က တချို့ဆိုလို့ရှိရင် သိပ်မကြာသေးဘူး၊ အဖမ်းခံသွားရတာ ရှိတယ်။
အဲဒီလို လူမျိုးတွေ ဘယ်ပိုက်ဆံပေးမလဲ၊ ကမ့်ထဲမှာပဲ နေရမှာပေါ့၊ အဲဒီ ထောင်တွေ ကမ့်တွေထဲမှာပဲ နေရမဲ့ သဘောရှိတယ်။ သံရုံးက လာထုတ်မှ ဒီဟာက ထွက်လို့ရမယ်လေ၊ အဲဒီတော့ကာ သံရုံးကလည်း မထုတ်ဖူး၊ ပိုက်ဆံလည်း မရှိဘူး။ ပိုက်ဆံ မရှိလို့ရှိရင် သံရုံးကလည်း မကူညီဘူး။ အဲဒီတော့ကာ ဒီလူတွေရဲ့ ဘဝ ဘယ်မှာသွားနေရမလဲ၊ ထောင်ထဲမှာပဲ နေရမှာပေါ့။ သူတို့တွေအကုန်လုံး အဲဒီလို ဖြစ်နေတယ်။'

'ဒီနိုင်ငံအစိုးရကလည်း အဲဒီ လဝကကလည်း ပိုက်ဆံပေးမှ သံရုံးက လာထုတ်မှ ပို့နိုင်မယ်။ ဒီလူတွေက အမှန်မှာ ဆိုလို့ရှိရင် အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ချင်ကြပါတယ်။ ဒါပေမဲ့ ဘယ်လို ဖြစ်လဲဆိုတဲ့အခါ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံရတယ်။ နောက်တခါ ဆဲဆိုခံရတယ်။ နောက် ပါမစ် သက်တမ်းကို တိုးမပေးဘူး၊ အဲဒီ သူဌေးတွေ အေးဂျင့်တွေက။ အဲဒါမျိုးတွေ ရှိတယ်။ လမ်းသွား လမ်းလာတဲ့အခါမှာလည်း ဘာအထောက်အထားမှ မပေးဘူးလေ။ မပေးတဲ့အခါကျတော့ အဖမ်းခံရတယ်။ အဲဒီလိုပေါ့ အခက်အခဲ အမျိုးမျိုးကြောင့် မခံနိုင်ပဲ ထွက်ပြေးကြတယ်ဗျ။'


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...