Tuesday, October 13, 2009

ကျွန်ပြုခံထားရသည့် မြန်မာ ၁၈ ဦးကို ထိုင်းရဲ ကယ်ဆယ်

ကျွန်ပြုခံထားရသည့် မြန်မာ ၁၈ ဦးကို ထိုင်းရဲ ကယ်ဆယ်

2009-10-13 ( RFA )

ဗန်ကောက်မြို့နဲ့ မိုင် တရာကျော်လောက် ဝေးတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ခွန်ဘူရီခရိုင် ဆာထာဟစ် (Sattahip) ပင်လယ်ကမ်းခြေမြို့လေးမှာ လူမှောင်ခိုတွေ လက်ထဲက မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းအာဏာပိုင်တွေက ကယ်တင်နိုင်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ အဲ့ဒီ ၁၈ ဦးထဲမှာ အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေလည်း ပါဝင်ပါတယ်။


ထိုင်းနိုင်ငံမှ ငါးဖမ်းစက်လှေတစင်းပေါ်တွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမားများ ဖြစ်ပါသည်။ (Photo: AFP)

လူကုန်ကူးမှု ကျူးလွန်တဲ့သူတွေကတော့ မြန်မာအမျိုးသမီး ၁ ဦးနဲ့ ထိုင်းလူမျိုး ၂ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆာထာဟစ်ရဲစခန်းကို RFA က စုံစမ်းကြည့်တဲ့အခါမှာတော့ ကယ်လိုက်နိုင်တဲ့ မြန်မာတွေကို ပတ္တယား လူဝင်မှုကြီးကြပ်ရေးရုံးကို လောလောဆယ် ပို့ထားကြောင်းနဲ့ လူကုန်ကူးမှု ကျူးလွန်တဲ့ ထိုင်းလူမျိုးတွေကိုတော့ တရားရုံး ပို့လိုက်ပြီလို့ ရဲအရာရှိက ပြောပါတယ်။ မြန်မာ ၁၈ ဦးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် ပေးဖို့ကိုတော့ ရဲအရာရှိက ငြင်းဆန်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အလုပ်သမားရေးတွေ ဆောင်ရွက်ပေးနေတဲ့ ထိုင်းဖောင်ဒေးရှင်း တခုက အာဏာပိုင်တွေကို အကြောင်းကြားခဲ့တဲ့အတွက် ညနေပိုင်းမှာ ငါးဖမ်းလှေ နှစ်စင်းကို ရှောင်တခင် ဝင်ရောက်ရှာဖွေရာမှာ ကျွန်ပြုခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို တွေ့တာလို့ သိရပါတယ်။

သူတို့ကို ငါးဖမ်းလုပ်ငန်းတွေက အလုပ်ကြမ်းတွေ ခိုင်းစေထားပြီး လစာငွေ လုံးဝမပေးကြောင်း၊ ကျန်းမာရေးမကောင်းတဲ့အခါမှာလည်း ဆေးကုသမှု မပေးကြောင်း၊ အသက်ဆုံး သွားသူတွေကို ပင်လယ်ထဲ မျှောလိုက်ကြောင်း အလုပ်သမားတွေက ပြန်ပြောတယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေ ဝင်ဖမ်းစဉ်မှာ လူကုန်ကူးသူတွေက ရဲတွေကို ထိုင်းဘတ်ငွေ ၁ သိန်း လာဘ်ထိုးကြောင်း၊ ဒါပေမဲ့ ရဲဝန်ထမ်းတွေက အဲဒီငွေကို လုံးဝမယူပဲ မြန်မာတွေကို ကယ်တင်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် လူကုန်ကူးမှု တကယ် ကျူးလွန်သူတွေကို အရေးယူသွားမှာဖြစ်ပြီး၊ မြန်မာတွေကိုတော့ နေရပ်ဌာနေတွေကို ပြန်ပို့ပေးမှာဖြစ်ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံက ပင်လယ်ငါးဖမ်းလုပ်ငန်းမှာ ရောင်းစားခံရတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို DSI ထိုင်းအထူးစုံစမ်းရေးအဖွဲ့၊ LPN အလုပ်သမား အခွင့်အရေး မြှင့်တင် ဆောင်ရွက်ရေး ကွန်ရက်အဖွဲ့နဲ့ မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂအဖွဲ့တို့ ပူးပေါင်းပြီး ငါးဖမ်းလှေ နှစ်စီးနဲ့ ပွဲစားအိမ်တွေကို လွန်ခဲ့တဲ့ ၂ ရက်က ရှောင်တခင် ဝင်ရောက် စီးနင်းဖော်ထုတ်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီဖော်ထုတ်မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ပင်လယ်ပျော်များ သမဂ္ဂအဖွဲ့ရဲ့ ရွှေ့ပြောင်းအလုပ်သမား အစည်းအရုံး တာဝန်ခံ ဦးကိုကိုအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်အား နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ကိုညီညီအောင် လိမ်လည်မှုဖြင့် တရားစွဲခံရဖွယ်ရှိ

ကိုညီညီအောင် လိမ်လည်မှုဖြင့် တရားစွဲခံရဖွယ်ရှိ

Monday, 12 October 2009 18:54 ကိုထွေး

အာဏာပိုင်တို့က လေဆိပ်တွင် ဖမ်းဆီးခဲ့သူ ကိုညီညီအောင်ကို လိမ်လည်မှု၊ စာရွက် စာတမ်းအတု ပြုလုပ်မှုတို့ဖြင့် ယမန် ယူထားပြီး ယင်းပုဒ်မဖြင့် စွဲချက်တင်ရေး မတင်ရေး အတွက်မူ စောင့်ကြည့် ရမည် ဖြစ်ကြောင်း ၎င်း၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရှေ့နေများ ဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း တို့သည် အမေရိကန် နိုင်ငံသား၊ မြန်မာ့အရေး လှုပ်ရှားသူ ကိုညီညီအောင်နှင့် ယနေ့ နေလည် ၁ နာရီမှ ၃ နာရီအထိ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် ရခဲ့ကြောင်း သိရသည်။

“အမှုသွား အမှုလာကို အခုအချိန်ထိ အတိအကျမသိရသေးဘူး၊ ယမန်ယူထားတဲ့ ပုဒ်မနဲ့ တရားစွဲ မစွဲဆိုတာကို တော့စောင့်ကြည့်ရမယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။ လိမ်လည်မှု ပုဒ်မ ၄၂၀၊ စာရွက်စာတမ်းအတု ပြုလုပ်မှု ပုဒ်မ ၄၆၈ တို့ဖြင့် ယမန်ယူထားသည်ဟု ဆိုသည်။

ကိုညီညီအောင်၏ စိတ်ဓာတ်နှင့် ကျန်းမာရေးမှာ ကောင်းမွန်လျက်ရှိကြောင်း၊ အမှုနှင့် ပတ်သက်၍ အပြည့်အစုံ တိုင်ပင်နိုင်ခြင်းမရှိသေးဘဲ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကိုသာ မေးမြန်းခဲ့ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ အမေရိကန်သံရုံး အရာရှိတဦး သွားရောက် တွေ့ဆုံခွင့် ရခဲ့စဉ် ကိုညီညီအောင်က နှိပ်စက်ညှဉ်းပန်းခံရပုံကို ပြောကြားခဲ့ကြောင်း သိရသည်။

“သူနှိပ်စက်ခံရတဲ့ အကြောင်းလည်း ပြောပါတယ်၊ ကျနော်ပြောနိုင်တာက ၇ ရက်လောက် ထမင်းမစား ရဘူး ဆိုတာပါပဲ” ဟု ဦးဉာဏ်ဝင်း က ဆိုသည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်းနယ်စပ်သို့ တောခိုခဲ့ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ခေတ္တ ပါဝင်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် သွားရောက် ခိုလှုံခွင့်ယူခဲ့သည်ဟု သိရသည်။

ကိုညီညီအောင်သည် စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းက ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်ခဲ့ရာ မင်္ဂလာဒုံလေဆိပ်တွင် အာဏာပိုင်တို့က ထိန်းသိမ်းခဲ့သည်။

အာဏာပိုင်တို့က ထိုသို့ ဖမ်းဆီးပြီး ၃ ပတ်အကြာတွင် ကိုညီညီအောင်သည် အကြမ်းဖက် ဖောက်ခွဲရေး သမား တဦး ဖြစ်ကြောင်း စွပ်စွဲပြောကြားလိုက်သည်။

အကြမ်းဖက်သမားအဖြစ် စွပ်စွဲခံရသူမှာ ကိုညီညီအောင် တဦးတည်း မဟုတ်ပေ။ မြန်မာပြည်မှ နိုင်ငံရေးသမား အများအပြားသည် ထိုသို့ စွပ်စွဲခံရပြီး အကျဉ်းချခံထားရသည်။

မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလက နိုင်ငံရေး အကျဉ်းသား တချို့ ခြွင်းချက်ဖြင့် ပြန်လည် လွတ်မြောက်လာသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, October 12, 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း စာအုပ် ရှေ့နှစ်အတွင်း ထွက်မည်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း စာအုပ် ရှေ့နှစ်အတွင်း ထွက်မည်

2009-10-12 ( RFA )

Than Shwe: Unmasking Burma's Tyrant ( မြန်မာ စစ်အာဏာရှင် ရဲ့ ဇာတိရုပ် ) လို့ အဓိပ္ပာယ်ရတဲ့ စာအုပ်တအုပ်ကို သတင်းစာ ဆရာ Benedict Rogers နဲ့ Jeremy Woodrum တို့ နှစ်ဦး ပူးပေါင်း ရေးသားနေကြပါတယ်။ အဲဒီ စာအုပ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အထ္တုပ္ပတ္တိနဲ့ သူအုပ်ချုပ်နေစဉ်ကာလ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပါဝင်မယ်လို့ သိရပါတယ်။

၂ဝဝ၈ ခုနှစ် မေလ ၁ဝရက်နေ့က ဆန္ဒခံယူပွဲတွင် နအဖ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နေပြည်တော်ရှိ မဲရုံတွင် ဆန္ဒမဲ ထည့်နေပုံ ဖြစ်ပါသည်။ အခြေခံဥပဒေ မူကြမ်းကို ထောက်ခံမဲ ၉၂.၄ ရာခိုင်နှုန်းဖြင့် အတည်ပြုကြောင်း စစ်အစိုးရက မေလ ၁၅ရက်နေ့တွင် ကြေညာသည်။ (Photo: AFP)

ဒီစာအုပ် ရေးသားရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး စာရေးသူ Benedict Rogers ပြောပြတာကတော့ ကျနော်တို့မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ရေးရတဲ့ အကြောင်းရင်း နှစ်ရပ် ရှိပါတယ်။ အကြောင်းတချက်က စစ်အာဏာရှင်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပုံစံတမျိုးနဲ့ တင်ပြဖို့ပါ။ နောက်တချက် ကျနော်တို့ စဉ်းစားမိတာက တခြားအာဏာရှင်တွေဖြစ်တဲ့ ဆက်ဒမ်ဟူစိန်၊ ကင်ဂျုံအီး၊ မူကာဘီ၊ ကတ်စ်ထရို တို့အကြောင်းနဲ့ ပတ်သက်တဲ့ စာအုပ်အတော်များများ ထုတ်ဝေခဲ့ပြီး ဖြစ်တဲ့အတွက် သူတို့အကြောင်း လူအတော်တော်များများ သိနေပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းကိုတော့ အနည်းအကျဉ်းလောက်ပဲ ကမ္ဘာက သိတဲ့ အတွက် ဒီထက်ပိုပြီး အချက်အလက်တွေ ပေးနိုင်ဖို့ ရည်ရွယ်ပြီး ရေးသားတာပါ လို့ Benedict Rogers ပြောသွားပါတယ်။

ဒီစာအုပ်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးနီးကပ်ကပ် ဆက်ဆံလုပ်ကိုင်ခဲ့ဖူးသူ မြန်မာ ၇ ဦးနဲ့ တွေ့ဆုံမေးမြန်းခွင့် ရသလို သူနဲ့ တိုက်ရိုက် ဆက်ဆံခွင့်ရခဲ့တဲ့ နိုင်ငံတကာ သံတမန်အရာရှိတွေ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေကိုလည်း တွေ့ဆုံမေးမြန်းပြီး အချက်အလက်တွေ စုဆောင်းခဲ့တယ်လို့ သိရပါတယ်။

စာရေးသူ Benedict Rogers ကတော့ အခုလို စစ်တပ်ရဲ့ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်လာခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အောင်မြင်ရေး လျှို့ဝှက်ချက်ကတော့ အထက်လူကြီးအပေါ် အကြွင်းမဲ့ သစ္စာရှိမှုနဲ့ ရိုသေ ကျိုးနွံ နာခံမှုတွေပဲ ဖြစ်တယ် လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း သိရှိသူ အလွန် နည်းပါးလှပါတယ်။ အဲဒါကြောင့် ဒီစာအုပ်ကို ရေးသားတဲ့ စာရေးဆရာ နှစ်ယောက် အချက်အလက်တွေကို ဘယ်လို ရှာဖွေစုဆောင်းခဲ့ကြသလဲဆိုတာ ပူးတွဲ စာရေးသူ တဦးဖြစ်တဲ့ Benedict Rogersကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မြန်မာစစ်အစိုးရထံမှ တရုတ်အစိုးရက ကုန်သည်များအတွက် လျော်ကြေးတောင်း

မြန်မာစစ်အစိုးရထံမှ တရုတ်အစိုးရက ကုန်သည်များအတွက် လျော်ကြေးတောင်း

2009-10-12 ( RFA )

ကိုးကန့်ဒေသမှာ ဖုန်ကျားရှင်တပ်များနဲ့ စစ်အစိုးရတပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲနောက်ပိုင်း တရုတ်နိုင်ငံသားတွေရဲ့ ဆုံးရှုံး နစ်နာခဲ့ရတာတွေအတွက် တရုတ်အစိုးရက လျော်ကြေးတောင်းတယ်လို့ တရုတ်မြန်မာနယ်စပ် ကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။

မြန်မာစစ်အစိုးရနှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် တရုတ်နိုင်ငံ ယွန်နန်ပြည်နယ်ရှိ နယ်စပ်မြို့ဖြစ်သော နန်စန်းသို့ ထွက်ပြေးလာသည့် ကိုးကန့် ဒုက္ခသည်များကို သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

သြဂုတ်လ အတွင်းက ကိုးကန့်ဒေသမှာ စစ်ဖြစ်ပွားပြီးနောက် ဒေသတွင်းမှာ ရှိတဲ့ တရုတ်လူမျိုးပိုင် လုပ်ငန်း အားလုံးလိုလိုပျက်စီးသွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရုတ်ကုန်သည်တွေရဲ့ လုပ်ငန်းများဟာ လုယက်ဖျက်ဆီးခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အတည်ပြုလို့ မရတဲ့ သတင်းတွေအရ ဖျက်ဆီးသူတွေဟာ စစ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပျက်စီးမှုတွေ အပြင် သေဆုံးသူတွေအတွက်ပါ လျော်ကြေးတောင်းခံတာ ဖြစ်တယ်လို့ တရုတ်ကုန်သည်တွေနဲ့ လုပ်ငန်းတွဲပြီး လုပ်နေတဲ့ တိုင်းရင်းသား ကုန်သည်တဦးက ပြောပါတယ်။

ကုန်သည်။ ။ 'တဦးကို ယွမ် သုံးသိန်းပေါ့ဗျာ၊ နောက် အဆောက်အဦး ပျက်စီး ဆုံးရှုံးမှုလည်း စာရင်းတွေ တော်တော်များတယ်လို့ ပြောတယ်။ တရုတ်အစိုးရကလည်း သူတို့ကို နေပြည်တော် တင်ထားတယ်လို့ ပြောတယ်။'

တရုတ်ပြည်ဖက်ကို ထွက်ပြေးလာတဲ့ တရုတ်ကုန်သည်တွေကို တရုတ်အာဏာပိုင်တွေက စာရင်းကောက် ယူပြီး သူတို့ရဲ့ ဆုံးရှုံးနစ်နာခဲ့ရတာတွေအတွက် ခုလိုတောင်းဆိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံတွေ အဆိုအရ တရုတ် နိုင်ငံခြားဆက်ဆံရေးဌာနက နေပြည်တော်ကို စာရင်းများ တင်ပြပြီး တောင်းဆိုတာဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုးကန့်စစ်ပွဲ ပြီးသွားချိန်နောက်ပိုင်း တရုတ်လူမျိုးများ မြန်မာပြည်ဖက်ကို သွားတာကိုလည်း တရုတ်အာဏာပိုင်တွေက ကန့်သတ်ထားတယ်လို့ သိရပါတယ်။ ဒေသခံတဦးက ခုလို ပြောပြပါတယ်။

ဒေသခံ။ ။ 'ခရီးသည်တွေ ပေးမသွားဘူးလေ။ ခရီးသည်လိုင်းက ပိတ်ထားတာ။ နဂိုကဆို မူဆယ် နန်းခမ်းက နေ့တိုင်းရှိတယ်။ နေ့တိုင်း သွားခွင့်ပေးတယ်။ အခုဟာက လုံးဝ သွားခွင့်မပေးဘူး။ ဗမာပြည်က နေပြီးတော့ ပိတ်ထားတာ မန္ဈလေးဖက်ကို ပတ်စပို့နဲ့ သွားလို့ မရဘူး။ သွားခွင့်မပေးဘူး။ ပတ်စပို့နဲ့ သွားရင် လေယာဉ်နဲ့ သွား။ ဗမာပြည်က ပိတ်တာ။ ကိုးကန့် ပြဿနာဖြစ်ပြီး နောက်ကျတော့ တရုတ်နိုင်ငံခြားရေးဌာနကနေပြီးတော့ ဗမာပြည်မြောက်ပိုင်း ဒေသတွေကို သွားပြီး စီးပွားရေး မလုပ်ဖို့ အလည်မသွားဖို့ ဆိုတဲ့ဥစ္စာကို ထုတ်ပြန်ပြီးနောက်ဆိုရင် ဒီဒေသတွေက ပိတ်သွားပြီ။'

ဒေသခံတဦး ပြောပြတာပါ။ ကိုးကန့်ဒေသက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ် မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ....။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, October 11, 2009

နာဂစ်ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးလုပ်ငန်းများ လက်ရှိအခြေအနေ

နာဂစ်ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးလုပ်ငန်းများ လက်ရှိအခြေအနေ

2009-10-11 (RFA )

မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက နိုင်ငံတကာနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့တွေ ဆောင်ရွက်နေတဲ့ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ တနှစ်ပြည့်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ် မေလ ကနေ စက်တင်ဘာ လကုန်အထိ ငါးလတာ ကာလ အတွင်း လုပ်ငန်းအောင်မြင်မှုတွေ ရှိသလို တဖက်ကလည်း အခက်ခဲတွေ ရှိနေဆဲပဲလို့ အောက်တိုဘာလ ၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ကြီးရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နာဂစ်စ် လေဘေးဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအတွက် တင်ပို့မည့် ဆေးဝါးပစ္စည်းများကို ဗန်ကောက် လေတပ်စခန်းတွင် မေလ ၁ဝရက်နေ့က ပြင်ဆင်နေပုံ ဖြစ်ပါသည်။ နိုင်ငံတကာမှ ပေးပို့ ကူညီသော ဆေးဝါးများကို အာနိသင် မပြယ်အောင် စနစ်တကျ သိုလှောင် သိမ်းဆည်းထားနိုင်ရန် အအေးခန်း အရေးတကြီး လိုအပ်ပါသည်။ (Photo: AFP)

အာအက်ဖ်အေ ဝိုင်းတော်သား ကိုကျော်မင်းထွန်းက ကောက်နှုတ် စုစည်းတင်ပြထားပါတယ်။

ကောက်နှုတ် စုစည်းတင်ပြချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေ ပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ရှမ်းအရှေ့မြောက်ကို ထိုးစစ်ဆင်ရန် နအဖတပ်များ အသင့်ဖြစ်နေ

ရှမ်းအရှေ့မြောက်ကို ထိုးစစ်ဆင်ရန် နအဖတပ်များ အသင့်ဖြစ်နေ

Saturday, 10 October 2009 12:06 ဗထူး

စစ်အစိုးရက ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (ဝသဖ) ဒေသကို ထိုးစစ်ဆင်ရန် နယ်မြေဒေသ အတွေ့ကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြင့် ပြင်ဆင်နေလျက်ရှိသည်။

မိုင်းလား၊ ပန်ဆန်းဒေသများကို ထိုးစစ်ဆင်ရန် တမခ (၉၉) နှင့် ရမခ လက်အောက်ခံတပ်များကို စနစ်တကျ ပြင်နေပြီဖြစ်ကြောင်း တပ်မတော်အရာရှိတဦးက ပြောသည်။

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် စစ်သည်များ။
(Photo: www.mongloi.org)


“တမခ (၉၉) နဲ့ အရင် အဲဒီဒေသဘက်တွေကို ထိုးစစ်ဆင်ဖူးတဲ့ တပ်တွေပါမယ်။ လောလောဆယ် အဲဒီတပ်တွေကို မွန်းမံ သင်တန်းတွေ လုပ်နေတယ်” ဟု ပြောသည်။

ယင်းစစ်ဆင်ရေးအတွက် မိတ္ထီလာအမြောက်တပ်ရင်းများလည်း အသင့်အနေအထား ပြင်ဆင်ထားပြီး (ဝသဖ) နှင့် ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့များအနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်များ မပယ်ဖျက်ပါက တိုက်ခိုက်ရန် အသင့်ပြင်ဆင်နေခြင်းဖြစ်ကြောင်း အဆိုပါ တပ်မတော်အရာရှိက ဆက်ပြောသည်။

“တရုတ်ရဲ့ နောက်ခံရှိနေတာကိုလည်း သိတယ်။ ဒါကြောင့် လုပ်ရကိုင်တွယ်ရ နည်းနည်းခက်နေတယ်။ တရုတ်နဲ့ ဆက်ဆံရေးက မရှိမဖြစ်လိုအပ်နေတော့ ဘယ်တော့ စစ်ဆင်ရေးစရမယ်ဆိုတာ ကျနော်တို့အနေနဲ့ ခန့်မှန်းရခက်နေတုန်းပဲ။ ဒါပေမဲ့ တပ်တွေအားလုံးကတော့ အသင့်အနေအထားပဲ” ဟု ပြောသည်။

ယခုစစ်ဆင်ရေးတွင် ပါဝင်မည့် အမှတ် (၉၉) တပ်မဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းများမှာ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် တိုက်ပွဲများအတွင်း အတွေ့အကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြစ်သည်။

မြန်မာပြည်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအထဲတွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် စစ်အင်အား နှစ်သောင်းခွဲမှ သုံးသောင်းအကျော်ထိရှိပြီး လက်နက်ကိုင် ပြည်သူ့စစ်အင်းအား လေးသောင်းခန့်ရှိသည့် အင်အားတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

မှတ်ချက် ။ ။ http://www.yoma3.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ပိတ်ဆို့မှု ပယ်သင့် မပယ်သင့် မဆုံးဖြတ်ရသေး

ပိတ်ဆို့မှု ပယ်သင့် မပယ်သင့် မဆုံးဖြတ်ရသေး

2009-10-11 ( RFA )

မြန်မာနိုင်ငံကို ချမှတ်ထားတဲ့ စီိးပွားရေး အရေးယူပိတ်ဆို့မှုတွေကို ပယ်ဖျက်သင့် မသင့်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မူဝါဒရေးရာ ဆုံးဖြတ်ချက် မချမှတ်ရသေးဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးက အောက်တိုဘာလ ၁ဝ ရက်နေ့က ပြောကြားလိုက်ပါတယ်။

နိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ပယ်ဖျက်ဖို့အတွက် အနောက်တိုင်းသံတမန်တွေနဲ့ ရှားရှားပါးပါး တွေ့ဆုံခွင့်ရချိန်မှာ တိုက်တွန်းမယ် မတိုက်တွန်းဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ယတိပြတ် မဆုံးဖြတ်ရသေးဘူးလို့ ဗြိတိန် သံအမတ်ကြီး Andrew Heyn က သတင်းထောက်တွေကို ဘန်ကောက်မြို့မှာ ပြောကြားပါတယ်။

ဒါပေမယ့် အရေးယူပိတ်ဆို့တဲ့ မူဝါဒကို ပယ်သင့်မသင့် အနောက်နိုင်ငံတွေက ထားရှိတဲ့ သဘောထားကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းတယ်လို့ ဆိုပါတယ်။ ဒီလို မေးမြန်းတဲ့အခါ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ရှိနေတဲ့ကိစ္စ၊ လာမယ့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိကိစ္စ၊ တိုင်းရင်းသား လူနည်းစုတွေကို ကိုင်တွယ်ဆက်ဆံနေတဲ့ ကိစ္စတွေဘက် ဆွေးနွေးဖို့ ဦးတည်သွားတယ်လို့ ဗြိတိသျှ သံအမတ်ကြီးက ပြောပါတယ်။

အချက်အလက်ရှာတဲ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အတော့်ကို ရှင်းလင်း ပြတ်သားပြီး အရေးယူပိတ်ဆို့တာနဲ့ ပတ်သက်လို့တော့ မူဝါဒ မချမှတ်နိုင်သေးဘူးလို့ ဆိုပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...