Tuesday, August 9, 2011

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး သို့မဟုတ် ဧရာဝတီ အပိုင်း (၂)

ဂါမဏိ| အထက်တစ်နေရာမှာ တင်ပြခဲ့တဲ့ ရေကာတာတွေဟာ မြန်မာ ပြည်သူတွေ အတွက် လျှပ်စစ်ဓာတ်အား ဖောဖောသီသီ သုံးနိုင်ဖို့၊ မြန်မာပြည် စက်မှုလုပ် ငန်းတွေ ထွန်းကားဖွံ့ဖြိုးဖို့ ရည်ရွယ်တာ မဟုတ်ဘဲ တရုတ်အရင်းရှင်၊ ကုလားအရင်းရှင်တွေ အကျိုးအတွက် ဖြစ်နေပါ တယ်။

K.I.A စစ်ဌာနချုပ် လိုင်ဇာ

ဒါတွေကိုကြည့်ရင် ဧရာဝတီ-ချင်းတွင်း တို့ရဲ့ရေတွေကို ပိတ်ဆို့လိုက်ပြီး တရုတ်နဲ့ ကုလား လက်ထဲ ထည့်လိုက်မယ့် ပမာဏဟာ ကြောက်စရာကောင်းလောက်အောင် ကြီးမားနေတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ တရုတ်နဲ့ လုပ်ငန်း တွေက စတင်နေပြီဖြစ်ပြီး အိန္ဒိယနဲ့ လုပ်ငန်းတွေကတော့ မစနိုင်သေးပါဘူး။ ဒါကြောင့် ဧရာဝတီကို တရုတ်က စတင် မုဒိမ်းကျင့်နေပြီ လို့ ပြောနိုင်ပါတယ်။

ဒါတွေနဲ့ ယှဉ်ကြည့်ရင် ပြည်တွင်းမှာ သုံးစွဲဖို့ ဆောက်လုပ်ထားတဲ့ ဆောက်လုပ်နေတဲ့ ရေအား လျှပ်စစ်စီမံကိန်းတွေက ကလေးကစားစရာလို ဖြစ်နေပါတယ်။

ပြည်တွင်းမှာ အကြီးဆုံး တည်ဆောက် ထားတဲ့ ရေကာတာတွေက ရဲရွာ (မီဂါဝပ် ၇၉၀)၊ ပေါင်းလောင်း (မီဂါဝပ် ၂၈၀)၊ လောပီတ - မိုးဗြဲ (မီဂါဝပ် ၂၀၀) တို့လောက်ဘဲရှိပြီး ကျန်တာတွေက မီဂါဝပ် ၁၀၀ အောက် ၅၀ အောက်တွေချည်း ဖြစ်ပါတယ်။

အိမ်နီးချင်း တိုင်းပြည်တွေကို လျှပ်စစ်ဓာတ်အား ရောင်းစား ဖို့ရည်ရွယ်ချက်နဲ့ တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်၊ ထိုင်းနယ်စပ်တို့မှာ ဆောက်နေတဲ့ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း ရေကာတာတွေကတော့ မီဂါဝပ် ထောင်ချီပြီး ထွက်မယ့် ဧရာမ ရေကာတာကြီးတွေ ဖြစ်နေပါတယ်။ အသေးဆုံးက တောင် မီဂါဝပ် ရာဂဏန်းအထက် ထွက်မယ့် ရေကာတာတွေ ဖြစ်နေပါတယ်။

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ

စစ်အာဏာရှင်အုပ်စုရဲ့ ရေကာတာ ဆောက်လုပ်ရေး ရည်ရွယ်ချက်က အပေါ်ယံအားဖြင့်တော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ လျှပ်စစ်ဓာတ်အား ပြည်ပတင်ပို့ရေး၊ လယ်ယာ မြေတွေအတွက် ရေပေးဝေရေး လို့ပြောနေပေမဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ် ချက်တခုလဲ ရှိပါတယ်။

အဲဒါကတော့ တော်လှန်ရေး အင်အားစုများ အနေကြုံ့စေရေး၊ တားဆီး ကန့်သတ်ရေး ဖြစ်ပါတယ်။ ပြည်တွင်းမှာ တည်ဆောက်တဲ့ ရေကာတာ အငယ်တွေကော၊ နယ်စပ်ဒေသ အနီးအနားမှာ တည်ဆောက်တဲ့ ရေကာတာကြီးတွေပါ ဒီရည်မှန်းချက်တွေ ထားပါတယ်။

ဒါ့အပြင် အများသိပြီးဖြစ်တဲ့ နောက်ကွယ်ရည်ရွယ်ချက် နှစ်ခုကတော့ ရေမြုပ်ဧရိယာက သစ်တောတွေ ခုတ်လှဲ ရောင်းစားဖို့၊ ရေကာတာ တည်ဆောက်ရေးမှာ သုံးတဲ့ ဘိလပ်မြေ၊ သံချောင်း၊ ဒီဇယ်ဆီ စတာတွေ ရောင်းစားပြီး သူဌေးဖြစ်ကြ ဖို့လဲ ဖြစ်ပါတယ်။

မဆလခေတ်မှာ ပထမဆုံးဆောက်ခဲ့တဲ့ မိုးဗြဲဆည်ဟာ ရှမ်းပြည်တောင်ပိုင်း အင်းဒေသက ကွန်မြူနစ်တွေနဲ့ ပအိုဝ်း တော်လှန်ရေးတွေရဲ့ အခြေခံဒေသ ပျက်ပြားဖို့၊ မြန်မာပြည်အတွင်းပိုင်း ထိုးဖောက်ရေးကို အဟန့်အတားဖြစ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

ပဲခူးတိုင်းမှာ ဆောက်ခဲ့တဲ့၊ ဆောက်နေတဲ့ တောင်နဝင်း မြောက်နဝင်း ပဲခူးချောင်း ရဲနွယ် ဇောင်းတူ ကွန်ချောင်း ဖြူးချောင်း ခပေါင်း စတဲ့ ရေကာတာတွေဟာလဲ ပဲခူးရိုးမမှာ ကွန်မြူနစ်နဲ့ ကရင်တော်လှန်ရေးသမားတွေ ပြန်လည် အခြေမခံနိုင်အောင်၊ စစ်တောင်းမြစ်ကူးလာပြီး ကွင်းထဲကနေရိုးမပေါ် တက်ရ ခက်အောင်၊ ရိုးမပေါ် သွားလာရ ခက်အောင်၊ ရိုးမပေါ်ကနေ အဓိကကွင်းဒေသတွေကို ထိုးဖောက် ဝင်ရောက်ရ ခက်အောင် တည်ဆောက်ခဲ့တာဖြစ်ပါ တယ်။

မန္တလေးတိုင်းက ကင်းတား (ညောင်ကြပ်) ဆည်ဟာ ရွာငံ-ရေဦးနယ်ကနေ ကျောက်ဆည်နယ်ကို ဗကပတွေ စိမ့်ဝင် မလာနိုင်အောင် တားဆီးဖို့ ရည်ရွယ်ခဲ့သလို ဆည်တော်ကြီး ဆည်ကတော့ မိုးမိတ် - မိုးကုတ်နယ်ကနေ ဗကပ တွေ၊ ရှမ်း နဲ့ ပလောင် တော်လှန်ရေးတွေ မန္တလေးဘက် မထိုးဖောက်နိုင်အောင် လုပ်ခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည် ရပ်စောက် ဒေသက ဇော်ဂျီရေကာတာဟာ ဗကပတွေနဲ့ ရှမ်းသူပုန်တွေရဲ့ အခြေခံမှု လှုပ်ရှားမှုတွေ၊ မသုံးလုံးဒေသ ထိုးဖောက် ရေးတွေကို ဟန့်တားဖို့ဖြစ်သလို မူးချောင်းဖျား သဖန်းဆိပ် ရေကာတာက ဗကပ၊ ကချင်နဲ့ ကျောင်းသားတော်လှန်ရေး တွေ ကဒူးကနန်းဒေသ မြစ်ဖျားတိုင်းကနေ ရွှေဘို စစ်ကိုင်း မန္တလေးဘက် ထိုးဖောက်မှာကို တားဆီးဖို့ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ဆုံရေကာတာ

ဧရာဝတီမြစ်ဆုံနဲ့ မေခ-မလိခမြစ်ပေါ်က ရေကာတာတွေ၊ တပိန်မြစ်ပေါ်က ရေကာတာတွေဟာ ကချင်တော်လှန်ရေး တွေရဲ့ အခြေခံ နယ်မြေသေးကြုံ့ရေးနဲ့ ဆက်သွယ်သွားလာမှု ခက်ခဲရေးကို ရည်ရွယ်သလို ရွှေလီ ရေကာတာတွေဟာ ကချင်၊ ရှမ်း နဲ့ ပလောင်တော်လှန်ရေးတွေ ဆက်သွယ်သွားလာမှု ခက်ခဲစေဖို့၊ နယ်မြေကြုံ့သွားစေဖို့ ဖြစ်ပါတယ်။ ဗကပ၊ ရှမ်း နဲ့ ပလောင် တော်လှန်ရေးတွေ နောင်မှာ ပြန်ပြီးခြေချမရအောင် ရှမ်းပြည်မြောက်ပိုင်းမှာ နမ္မတူ နဲ့ နမ့်လန် ရေကာတာ ဆောက်ဖို့ စီမံကိန်းလဲ ချထားပါတယ်။

အထက်သံလွင်နဲ့ တန့်ယန်း ရေကာတာတွေဟာ ဗကပဟောင်း ကိုးကန့် ဝ လက်နက်ကိုင် အဖွဲ့တွေနဲ့ ရှမ်း-ကချင် တော်လှန်ရေးတွေရှိရာ သံလွင်အနောက်ခြမ်း အဆက်ပြတ်အောင် ရည်ရွယ်ပြီး ရှမ်းပြည်တောင်ပိုင်းက ကျိုင်းတောင်း၊ တိန်းချောင်း၊ တာဆန်း၊ နမ့်ခုတ် (မိုင်းဆတ်) ရေကာတာတွေက ရှမ်းတော်လှန်ရေးတွေကို ခက်ခဲအောင်ရည်ရွယ်တာ ဖြစ်ပါတယ်။ အထက်ပေါင်းလောင်း နဲ့ နန်းချို ရေကာတာတွေ ကတော့ ဗကပ၊ ပအိုဝ်း နဲ့ ကယန်း လက်နက်ကိုင်တွေကို ဟန့်တားဖို့ဖြစ်ပြီး ကရင်နီပြည်က ရွာသစ်၊ နမ့်တဘက်၊ နမ့်ပွန် (ဘောလခဲ)၊ ရှားတော ရေကာတာတွေဟာ အပစ်ရပ်တွေအပါအဝင် ကရင်နီနဲ့ ကျောင်းသားလက်နက်ကိုင် တွေကို ဟန့်တားဖို့ ရည်ရွယ်ချက် ပါရှိပါတယ်။

ကရင်နဲ့ ကျောင်းသား တော်လှန်ရေး အဖွဲ့တွေကို ပိတ်ဆို့ဖို့ ရည်ရွယ်တဲ့ ရေကာတာတွေကတော့ သောက်ရေခပ်၊ ရွှေကျင်၊ ဘောဂထာ၊ ယွန်းစလင်း၊ ဒေါင်းဂွင်၊ ဝဲကြီး (ကရင်နီ တော်လှန်ရေး ကိုပါ ဟန့်တား နိုင်မယ်)၊ ဟတ်ကြီး၊ ဘီးလင်း နဲ့ တနင်္သာရီ ရေကာတာတွေ ဖြစ်ပါတယ်။

ရခိုင်ပြည်မှာလဲ ရခိုင်လက်နက်ကိုင်အင်အားစုတွေကို ကြိုတင်ဟန့်တားတဲ့ အနေနဲ့ စိုင်းတင် နဲ့ လေးမြို့ ရေကာတာ တွေဆောက်ဖို့ စီမံကိန်းဆွဲထားပါတယ်။


အပိုင်း (၃) ကို ဆက်လက် ဖော်ပြသွားပါမည်။

source by : http://photayokeking.org