Monday, June 27, 2011

သူရဦးရွှေမန်း ရုရှခရီးစဉ်အပေါ် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းနှင့် မေးမြန်းချက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီလ ၂၅ ရက် ကတည်းက ရုရှနိုင်ငံမှာ ရောက်ရှိနေပါတယ်။

ဒီခရီးစဉ်မှာ ဦးရွှေမန်းနဲ့ အတူ ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ်ဏမောင်လွင်တို့ လိုက်ပါသွားပြီး ရုရှ ဒူးမားလွှတ်တော်ကို လေ့လာဖို့ သွားရောက်တယ်လို့ ဦးရွှေမန်းက ပြောခဲ့ပါတယ်။

ဦးရွှေမန်းဟာ နအဖစစ်အစိုးရ လက်ထက်တုန်းက ၂၀၀၆ ခုနှစ်မှာ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းအဖြစ်နဲ့မော်စကိုမြို့ကို ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက နျူးကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေး အထောက်အကူ ပစ္စည်းတွေနဲ့ လက်နက်ကြီးတွေ ၀ယ်ယူရေးအတွက်ရောက်ရှိခဲ့တာလို့နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ အထောက်အထားတွေအရ သိရပါတယ်။

သူရဦးရွှေမန်းဟာ ရုရှကိုသွားတာဟာ လွှတ်တော်ကိုလေ့လာဖို့ပဲလား၊ ဒီ့ပြင် ရည်ရွယ်ချက်တွေရော ရှိနေနိုင်ပါသလား ဆိုတာကို ရုရှမှာပညာသင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း

အခုဆိုရင် မြန်မာပြည်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းပေါ့။ အရင်က ဗိုလ်ချုပ်ကြီး သူရရွှေမန်း တဖြစ်လည်း သူရဦးရွှေမန်း ရုရှနိုင်ငံ ဒူးမားလွှတ်တော်ကို လေ့လာဖို့ရောက်ရှိနေပြီလို့ ဆိုတယ်။ သူ့အဖွဲ့ဝင်တွေလည်း အများကြီး ပါသွားတယ်။ ပါသွားတဲ့ ပုဂ္ဂိုလ်တွေကလည်း စစ်ဘက်ခေါင်းဆောင်ဟောင်း တဖြစ်လည်း လွှတ်တော်ထဲမှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေတာတွေ့ရတယ်။ ဒီခရီးစဉ်က တကယ်ပဲ ရုရှဒူးမားလွှတ်တော်ကိုပဲ လေ့လာဖို့လား။ ဒီ့ပြင် တခြား ထူးထူးခြားခြား ခရီးမျိုး ရှိနေလား။

“ဟုတ်ကဲ့။ ဗိုလ်ချုပ်ကြီးရွှေမန်းကတော့ အရင် ရုရှဘက်ကို စစ်လက်နက်ပစ္စည်းတွေ ၀ယ်ဖို့အတွက် သွားဖူးပါတယ်။ သူအခုသွားတဲ့ ပုံစံကလည်း အရင် မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ဆက်လုပ်ဖို့အတွက် အရင်လုပ်ထားတဲ့ ရုရှနဲ့ ဆက်ဆံထားပြီးသား၊ မပြီးပြတ်သေးတာကို ဆက်လုပ်ဖို့အတွက် သွားတဲ့ပုံစံမျိုးလို့ ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဒူးမားလွှတ်တော်ကို သွားလေ့လာဖို့ဆိုတာ သိပ်ခိုင်လုံတဲ့ အကြောင်းပြချက်တခုတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သွားတဲ့လူတွေအားလုံးက တပ်ထွက်တွေချည်းပဲ ဆိုတော့ နဂို နအဖ လက်ဟောင်းလူတွေချည်းပဲ ဆိုတော့၊ ပုံစံက နောက်ကွယ်ကနေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကြိုးကိုင်ပြီးတော့ စီမံခန့်ခွဲနေတယ်ဆိုတဲ့ ပုံစံကြီးက ပိုပြီးတော့ ထင်ရှားလာတယ်။”

ဆိုတော့ လက်ရှိ ဗိုလ်ချုပ်ကြီး သူရရွှေမန်း သွားခဲ့တာ ဘယ်တုန်းကလဲ။ အဲဒီတုန်းက သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကဘာလဲ။

“အရင်တခေါက် သွားတုန်းကတော့ တပ်မတော်က ဗိုလ်ချုပ်ကြီး တယောက်အနေနဲ့ သွားခဲ့တာ။ အဲဒီအဖွဲ့ကိုခေါင်းဆောင်အနေနဲ့ သွားပေမယ့် အဲဒီအချိန်မှာ နိုင်ငံရေးအရ ရာထူးအကြီးဆုံးက ဗိုလ်ချုပ်မင်းအောင်လှိုင်ဖြစ်နေတယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်က ကာကွယ်ရေး ဒုဝန်ကြီးအနေနဲ့ ပါသွားတဲ့အခါကျတော့ ရုရှတွေက ဗိုလ်ချုပ်မင်းအောင်လှိုင်ကို ပိုပြီးတော့ ဦးစားပေးဆက်ဆံတဲ့ အခါကျတော့ သူကအဲဒီမှာ ကိုးရိုးကားရားဖြစ်ခဲ့တာလေးတွေ ရှိတယ်။ တကယ်တမ်း ဆုံးဖြတ်ချက် ပေးနေတာက ဗိုလ်ချုပ်ကြီးရွှေမန်း ဖြစ်နေပြီးတော့ အဲဒီမှာ ရုရှက ဦးစားပေးဆက်ဆံတာက ဗိုလ်ချုပ်မင်းအောင်လှိုင် ဖြစ်နေလို့ ကိုးရိုးကားရား ဖြစ်ခဲ့တာပေါ့။

ဒါပေမယ့် အဲဒီတခေါက် သွားတုန်းကတော့ တပ်သား၊ အင်ဂျင်နီယာ၊ အရာရှိတွေတော်တော်များများပါတယ်။ ကာကွယ်ရေးဦးစီးချုပ် စွမ်းအင်မှာ ညွှန်မှူးရယ်၊နောက်ပြီးတော့ လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာတပ်က ညွှန်မှူးပါတယ်။ အဲဒီတခေါက် သွားတုန်းကတော့ သူတို့က ကျနော်တို့လည်း မျက်မြင်ကိုယ်တိုင် တွေ့ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးမော်စကိုကိုရောက်နေတဲ့အချိန်မှာ၊ သွားပြီးတော့ ဂါရ၀ပြုခဲ့တာဆိုတော့၊ သူတို့အဲဒီမှာ အဓိကတော့ စစ်လက်နက် ပစ္စည်းတွေဝယ်ဖို့ သွားတာပါ။”

စစ်လက်နက်ပစ္စည်းလို့ တိတိကျကျပြောရင် ဘယ်လိုစစ်လက်နက် ပစ္စည်းမျိုးလို့ ပြောလို့ ရမလဲ။

“သူတို့ပြောတာကတော့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ ၀ယ်ဖို့အတွက် သွားတာ။ အဲဒီတုန်းက ပခုံးထမ်းလေယာဉ်ပစ် ဒုံးကျည်အမျိုးအစားတွေကို ၀ယ်ဖို့ သွားလေ့လာတာလို့ပြောပါတယ်။နောက်ပြီးတော့ မြေပြင်ကနေဝေဟင်ပစ်တဲ့ ဒုံးကျည်အသေးစားတွေကို update (ပြုပြင်မွမ်းမံ) လုပ်ချင်တဲ့အတွက် ရုရှနည်းပညာကို ရယူဖို့အတွက် ရုရှစက်ရုံတွေကို သွားလေ့လာတဲ့ သဘောမျိုးလည်း ပါပါတယ်။”

ဒါဆိုရင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းက အခုဆိုရင် ဦးရွှေမန်းအဖြစ်နဲ့ လွှတ်တော်ထဲကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ သူကဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်နေပြီ၊ စစ်ရာထူးနေရာနဲ့ တာဝန်ကိုလည်း တရားဝင်ဖော်ပြချက် အရဆိုရင် ယူထားတာ မရှိလေတော့ စောစောကပြောတဲ့ စစ်ဖက်ဆိုင်ရာ ကိစ္စတွေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ ရုရှကို ရောက်နေတယ်ဆိုတာ ဘယ်လိုမျိုးကြောင့် ပြောနိုင်တာလဲခင်ဗျ။

“ဘာလို့လဲဆိုတော့ အခုသွားတဲ့ အဖွဲ့တွေအားလုံးကလည်း စစ်တပ်က ထွက်လာတဲ့ ဗိုလ်ချုပ်ဟောင်းတွေချည်းပဲ။ သူကိုယ်တိုင်ကလည်း ဗိုလ်ချုပ်ကြီးဟောင်း တယောက်ပဲ။ ပြီးတော့ သူကိုယ်တိုင်က သွားတဲ့အခါတိုင်း ရုရှကို သွားတာတော့ ဒုတိယ တခေါက်ပေါ့လေ။ သူသွားတဲ့အကြောင်းအရာတိုင်းက ရုရှကိုသွားတိုင်း စစ်လက်နက်ပစ္စည်း ၀ယ်ဖို့ အတွက်လောက်ပဲ သွားကြတာဆိုတော့ ဒီရုရှနဲ့ တခြားအကြောင်း ဆက်ဆံစရာ မရှိဘူး။ အဓိက သံသယ ရှိတာတော့ အခုတခေါက်သွားတာလည်း စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ နည်းပညာတွေနဲ့ဖြစ်ဖြစ် စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူဖို့ပဲဖြစ်ဖြစ် အဲလိုပဲ ပတ်သက်နေတယ်လို့ သံသယရှိပါတယ်။”

source by : http://burmese.dvb.no