Wednesday, September 15, 2010

နအဖစစ်အုပ်စုက SSA နှင့် UWSA ယူနီဖောင်းအစုံ ၅၀ စီ ချုပ်ခိုင်း

မွေခေါဝ် | သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံအခြေစိုက် ခလရ ၂၂၅ မှ အရာရှိများက သျှမ်းပြည်တပ်မတော် အပစ်ရပ်တပ်ဖွဲ့ဝတ်စုံနှင့် UWSA ၀ပြည်သွေးစည်းရေး တပ်မတော်ဝတ်စုံ အစုံ ၅၀စီ ချုပ်ခိုင်းကြောင်း စုံစမ်း သိရှိရပါသည်။

“သျှမ်း တပ်ဝတ်စုံနဲ့ ၀ တပ်ဝတ်စုံ အစုံ ၅၀စီ သူတို့ ယုံကြည်စိတ်ချရတဲ့ စက်ချုပ်သမားတွေကို ချုပ်ခိုင်း နေတာ။ ဘာအကြောင်း ကိစ္စကြောင့်တော့ မသိဘူး” ဟု မိုင်းတုံဒေသခံတစ်ဦး ကပြောပါသည်။

နအဖ ချုပ်ခိုင်းနေသော သျှမ်းပြည်တပ်မတော်ယူနီဖောင်းနှင့် ၀ တပ်ဝတ်စုံသည် အစုံ ၅၀ မကကြောင်း၊ ခလရ ၂၂၅တပ်ရင်း တစ်ခုတည်း ချုပ်ခိုင်းခြင်းမဟုတ်ဘဲ အခြားတပ်ရင်းများမှလည်း ချုပ်ခိုင်းသောကြောင့် အစုံရာချီ ရှိနိုင်ကြောင်း၊ အချို့ဝတ်စုံများကို သံလွင်အနောက်ခြမ်းသို့ ယူဆောင်သွားပြီးဖြစ်ကြောင်း ထိုင်းလုံခြုံရေး အရာရှိတစ်ဦး ကပြောပါသည်။

“မိုင်းတုံမြို့ရှိ တပ်ရင်းတွေက ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်ရဲ့လက်အောက်ခံလေ။ သံလွင်အရှေ့ခြမ်းက စားနပ်ရိက္ခာပစ္စည်းတွေ နေပြည်တော်ဌာနချုပ် ကခွင့်မပြုရင် သံလွင်အနောက်ခြမ်းက ယူသုံးလို့ မရဘူးလေ။ ဒါကြောင့် နေပြည်တော်ကနေ ချုပ်ခိုင်းတာဖြစ်မယ်” ဟု ထိုင်းနယ်စပ်နေ စစ်ရေးလေ့လာသူတစ်ဦးကပြောပါသည်။

“စက်တင်ဘာလဆန်းပိုင်းကစပြီး နအဖရဲ့လှုပ်ရှားမှုတွေဟာ ထူးခြားလာတယ်။ သျှမ်းတပ်ဝတ်စုံဝတ်ပြီး ရွာသူ ရွာသား တွေဆီက ဆန်တွေတောင်းယူတယ်။ ဆပ်ကြေးတွေ ကောက်တယ်။ သံလွင်အနောက်ခြမ်းက ရွာသူ ရွာသားတွေက ဆန်သွားပို့ရင်သျှမ်းသူပုန်ကို ထောက်ပံ့တယ်ဆိုပြီး ရွာသူ ရွာသားတွေကိုဖမ်းဆီးရိုက်နှက်တယ်” ဟု SSA တောင်ပိုင်း ခေါင်းဆောင်စ၀်ယွက်စစ် ကပြောပါသည်။

နအဖက ယခုလို သျှမ်းပြည်တပ်မတော် ယူနီဖောင်းနှင့် ၀ တပ်ဝတ်စုံချုပ်ခိုင်းနေသည်မှာ

၁။ ရွာသူ ရွာသားများ သျှမ်းစစ်သားနှင့် ၀ စစ်သားများအား အထင်လွှဲ၍ မုန်းတီးစေရန်၊ သျှမ်းနှင့် ၀ တပ်ဖွဲ့ယောင်ဆောင်၍ ရွာသူ ရွာသားများအား အနှောင့်ယှက်ပေးလာနိုင်ဖွယ်ရှိကြောင်း၊

၂။ သျှမ်း စစ်တပ်နှင့် ၀ စစ်တပ် တိုက်ခိုက်မှုဖြစ်ပွါးစေရန် လှုံ့ဆော်ပေးခြင်းလည်း ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများ ကပြောပါသည်။

လွန်ခဲ့သော ၅-၆ နှစ် က နအဖ စစ်သားများသည် သျှမ်း စစ်သားအဖြစ် ယောင်ဆောင်ကာ သစ်ခုတ်သမားများအား သေနတ်နှင့် ပစ်သတ်၍ သျှမ်းစစ်သား လက်ချက်ဖြစ်သည်ဟု စွပ်စွဲပြီး နအဖပိုင် သတင်းမီဒီယာများ၌ ထုတ်လွှင့်ခဲ့ဖူးသည်။

source by : http://www.mongloi.org