Thursday, September 16, 2010

စစ်တွေတွင် လုံခြုံရေး တိုးချမူနှင့် အတူ ဘုန်းကြီးများကို နောက်ယောင်ခံလိုက်မူ တိုးပွားနေ

၂၀၀၇ ရွှေဝါရောင် အတွင်း ရခိုင်ရဟန်းတော်များ ယခုကဲ့သို့ စစ်တွေတွင် ချီတက် ဆန္ဒပြ ခဲ့ကြသည်။

မင်းဆက်ခိုင် | ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် အာဏာပိုင်များမှ လုံခြုံရေးကို နေရာတိုင်း လိုလိုတွင် တိုးချဲ့ချထားပြီး ရဟန်းတော်များ သွားလာရာတွင်လည်း နောက်ယောင်ခံ လိုက်မူများ တိုးပွားနေကြောင်း သတင်း ရရှိသည်။

ရဟန်းတော် တစ်ပါးက “ ရဟန်းတော် ၅ ပါးလောက် အပြင်ကို စုပီး ထွက်ရင်တော့ နောက်ကနေ နောက်ယောင်ခံပြီး လိုက်တော့တာပါဘဲ။ လိုက်တဲ့ အထဲမှာ အရပ်ဝတ်တွေရော၊ ဆိုင်ကယ်နဲ့ အဖွဲ့တွေရော အစုံပါဘဲ။ ဘုန်းကြီးတွေက အဓိက ပစ်မှတ် ဖြစ်နေတော့ ဘုန်းကြီးတွေရဲ့ လူပ်ရှားမူကို အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်နေတဲ့ သဘော ဖြစ်ပါတယ်” ဟု ပြောသည်။

ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့ နီးလာပြီ ဖြစ်သဖြင့် ရဟန်းတော်များကို အနီးကပ် စောင့်ကြည့်မူများ ရှိနေပြီး လုံခြုံရေးကိုလည်း မရုတ်သိမ်းဘဲ ဆက်လက်ချထားကြောင်း စစ်တွေမြို့ခံ တစ်ဦးက ပြောသည်။

“ လွန်ခဲ့တဲ့ အပတ်ကတည်းက လုံခြုံရေးတွေချထားတာ။ ၄ယောက်တဖွဲ့ ၅ယောက်တဖွဲ့ အဲလိုမျိုး တွေ့ရပါတယ်။ အဓိက အထင်ကရ နေရာတွေမှာ ပိုများပါတယ်။ မင်းဘာကြီးလမ်းနဲ့ လမ်းမကြီးတ လျှောက်မှာလည်း ရဲသားတွေကို အများအပြား တွေ့ရပါတယ်။ ဆရာတော် ဦးဥတ္တမနေ့ မတိုင်မှီ စက်တင်္ဘာလ ၈ရက်နေ့က စပြီး ချထားတဲ့ လုံခြုံရေး အခု အချိန်ထိ မရုတ်သိမ်းသေးဘဲ ရှိနေတာကို တွေ့ရပါတယ်။”

လုံခြုံရေး အဓိက ချထားသောနေရာများမှာ ဦးဥတ္တမပန်ခြံ၊ မြို့တော်ခန်းမ၊ လောကာနန္ဒာစေတီ၊ ဘုရားကြီးနှင့် သင်္ဘောဆိပ်တို့ ဖြစ်ပြီး ဦးဥတ္တမ ပန်းခြံတွင် စစ်ကားများကိုပါ ရပ်ထားသည်ဟု မျက်မြင်များက ပြောသည်။

အလားတူ ရန်ကုန်-စစ်တွေ ကားလမ်းတွင်လည်း စစ်ဆေးမှုများကို ယခုလအတွင်းတွင် ပိုမိုပြုလုပ်လာပြီး ရဟန်းတော်များ ဆိုလျှင် အချိန်အကြာကြီး စစ်ဆေးမေးမြန်းမူများ ပြုလုပ်သည်ဟု ရန်ကုန်မှ စစ်တွေသို့ ပြန်လာသူ မျက်မြင် အမျိုးသမီးတဦးကလည်း ပြောသည်။

ယခုကဲ့သို့ လုံခြုံရေးနှင့် စစ်ဆေးမူ တိုးပွားလာခြင်းမှာ ရွှေဝါရောင်တော်လှန်းရေး နှစ်ပတ်လည် ကာလတွင် ဆန္ဒပြပွဲ သို့မဟုတ် လှုပ်ရှားမှုများ ပေါ်ပေါက်မည်ဟု သတင်းများ ထွက်ပေါ် နေသောကြောင့် ဖြစ်သည်ဟု စစ်တွေမှ နိုင်ငံရေး စိတ်ဝင်စားသူ လူကြီးတဦးက ပြောသည်။

source by : http://www.narinjara.com