Friday, September 17, 2010

မြန်မာကို ဖြတ်မည့် ဘင်္ဂလာဒေခ်ျ့ - တရုတ် လမ်းဖေါက်ရေးကို နအဖ အာဏာပိုင်များ သဘောတူ

တာကလူး| ဘင်္ဂလားဒေခ်ျ့မှ အထူး လိုလားနေသည့် မြန်မာကို ဖြတ်ပြီး တရုတ်နှင့် ဆက်သွယ်မည့် ရထားလမ်း၊ ကားလမ်းမ ဖောက်လုပ်ရေး စီမံကိန်းကို မြန်မာ စစ်အစိုးရမှ အခြေခံမူအားဖြင့် သဘောတူလိုက်ပြီ ဖြစ်ကြောင်း တရုတ် သံအမတ်က ပြောသည်။

ဘင်္ဂလာဒေ့ရှ် ဆိုင်ရာ တရုတ်သံအမတ် ဇန်ဇိန်ရီ (Zhang Xianyi) က ဘင်္ဂလားဒေခ်ျ့ သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီး ဟာဆန်မာမွတ်နှင့် အင်္ဂါနေ့က မြို့တော် ဒက္ကားရှိ အတွင်းဝန် ရုံး၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နဖအ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည် ခရီးစဉ် အပြီးတွင် သုံးနိုင်ငံ လမ်းဖေါက်လုပ်ရေး မြန်မာဘက်က သဘောတူညီမူ ထွက်ပေါ်လာသဖြင့် တရုတ်ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား လမ်းဖေါက်လုပ်ရေး ကိစ္စ တရုတ် ခေါင်းဆောင်များက ဖိအားပေး ဆွေးနွေး နိုင်ခဲ့ဖွယ်ရှိသူ လေ့လာသုံးသပ်သူများက ပြောသည်။

မိမိတို့၏ သုံးနိုင်ငံ လမ်းဖေါက်လုပ်ရေး တင်ပြချက်ကို စိတ်ဝင်စားမူ မရှိသော မြန်မာနိုင်ငံ အနေဖြင့် အုံးမလုပ် - အဲမလုပ်ဘဲ ရှိရာမှ ယခုကဲ့သို့ သဘောတူကြောင်း သတင်းစကားကို တရုတ်သံအမတ်မှ တဆင့် ကြားရသဖြင့် ၀မ်းမြောက်မိပါ ကြောင်း ဘင်္ဂလားဒေခ်ျ့ သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီး ဟာဆန်မာမွတ်မှ ပြောသည်။

ဝန်ကြီး ဟာဆန်မှ “ဒီ အဝေးပြေး ရထားနဲ့ ကားလမ်းမ စီမံကိန်းကို လက်ခံလာအောင် မြန်အစိုးရကို တိုက်တွန်းဖို့ ဘင်္ဂလာဒေခ်ျ့ အနေနဲ့ တရုတ်အစိုးရကို ဒီနှစ်အစောပိုင်းကတည်းက တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။ ခုတော့ မြန်မာအစိုးရဘက်က စီမံကိန်းကို မူအားဖြင့် သဘောတူ လက်ခံလိုက်ပြီ ဖြစ်ပါတယ်။ ” ဟု ၀န်ကြီး ဟာဆန်က တရုတ်သံအမတ်နှင့် တွေ့ဆုံဆွေးနွေးအပြီးတွင် သတင်းထောက် များအား ပြောကြားခဲ့သည်။

ဘင်္ဂလားဒေခ်ျ့ နိုင်ငံ အနေဖြင့် မြန်မာကို ဖြတ်ပြီး ရထားလမ်းနှင့် ကားလမ်းဖေါက်ကာ တရုတ်နှင့် ကုန်သွယ်ရေး တိုးမြှင့်လုပ်ဆောင်နိုင်ရန် အထူး စိတ်အားထက်သန် လျက်ရှိသည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံ အနေဖြင့် အခြေခံ စက်မူ ကုန်ပစ္စည်း အပါအ၀င် အီလက်ထရောနစ် ပစ္စည်းများကို တရုတ်မှ မှာယူ တင်သွင်းနေရပြီး တရုတ်မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ ဒေသအတွင်း အိန္ဒိယ ပြီးလျှင် အကြီးမားဆုံး ကုန်သွယ်ဘက် နိုင်ငံ ဖြစ်သည်။

ယခုနှစ် မတ်လတွင် လည်ပတ်ခဲ့သည့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ခ်ဟာဆီးနာ၏ တရုတ် ခရီးစဉ် အတွင်းတွင်လည်း ဘင်္ဂလာ ၀န်ကြီးချုပ် အနေဖြင့် မြန်မာကို ဖြတ်၍ တရုတ်နှင့် ဘင်္ဂလာဒေခ်ျ့ အကြား ဆက်သွယ်ရေး လမ်းဖောက်လုပ်ရေးကို တရုတ် ခေါင်းဆောင်များအား အဓိက အလေးပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

၎င်းပြင် တရုတ်နိုင်ငံ အနေဖြင့် စစ်တကောင်း ဆိပ်ကမ်းကို နိုင်ငံတကာ အဆင့်မှီ ဆိပ်ကမ်း တစ်ခု ဖြစ်လာရန် ပံ့ပိုးကူညီသွားမည်ဟု သိရသည်။

source by : http://www.narinjara.com