Wednesday, September 15, 2010

ABSDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲခံထားရသူများ ထောင် နှစ်ရှည် ထပ်ချခံရ

ဇာနည်မာန် | မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) အဖွဲ့ ဗဟိုကော်မတီနှင့် အဆက်အသွယ်ပြုသူများ ဆိုပြီး ဖောက်ခွဲရေးပုဒ်မများဖြင့် ထောင်ဒဏ် ၃၆ နှစ် ကျခံနေရသူ ၇ ဦးကို ထပ်တိုးအမှုများဖြင့် ထောင်ဒဏ် အနှစ် ၂၀ စီ ထပ်မံ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

“ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး ၈ နဲ့ ၆ က ဇော်ဂျီဟောက်စ် ပေါက်ကွဲတဲ့အမှုနဲ့ ပန်နိုရာမား ဟိုတယ် ပေါက်ကွဲမှု ၂ ခု ကို ၁၀ နှစ်စီ ချလိုက်တယ်။ အမှန်တော့ အဲ့ဒီပေါက်ကွဲမှု ၂ ခုက တရားခံ မမိလို့ ယာယီ ပိတ်သိမ်းထားတာ။ အဲ့ဒါကို သူတို့ကို ဖမ်းတုန်း က မိတဲ့ ပစ္စည်းတွေနဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ပြန်ပြီးတော့ အမှုစွဲတင်တာ”ဟု အမှုလိုက် ရှေ့နေ တဦးဖြစ်သူ ဦးမောင်မောင်လတ်က ဧရာဝတီသို့ပြောသည်။

ကိုအေးမင်းနိုင် အပါအ၀င် ၇ ဦးတို့ကို ၂၀၀၈ ခုနှစ်အတွင်းက ဖမ်းဆီးခဲ့ရာ၊ မတရားအသင်း ပုဒ်မ၊ တရားမ၀င် နယ်စပ် ဖြတ်ကျော်မှု၊ ဆက်သွယ်ရေးပုဒ်မ၊ လက်နက်ခဲယမ်း ကိုင်ဆောင်မှု စသည့် ပုဒ်မ ၅ ခု ဖြင့် သာယာဝတီ ထောင်တွင် ထောင် ဒဏ် ၃၆ နှစ်စီ အသီးသီး ကျခံစေခဲ့ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာ လလယ်တွင် အင်းစိန်ထောင်သို့ ရွှေ့ပြောင်းကာ ဖောက်ခွဲမှု ပုဒ်မ အပါအ၀င် ပုဒ်မ ၃ ခုဖြင့် ထပ်မံ တရားစွဲဆို ရုံးတင် စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

ဦးမောင်မောင်လတ်က ဆက်၍ “တရားလိုဘက်က တင်ပြတာတွေမှာ ဒီယမ်းပစ္စည်းတွေ ဆက်စပ်ပါတယ်ဆိုတာကို ယမ်း ပါရဂူ၊ လက်နက် ပါရဂူတွေက လာပြီး တင်ပြတာတွေ မရှိဘူး။ ဆက်စပ်တယ်ဆိုတာ နှုတ်နဲ့ပဲ သက်သေပေးသွားတယ်။ သက်သေ အထောက်အထားလည်း မပါဘူး။ လာတဲ့သက်သေ ရဲတွေကလည်း ဒီအမှုကို ဘာမှမသိတဲ့လူတွေ ဖြစ်နေတယ်။ ဒီလောက်နဲ့ သူတို့ ပြစ်ဒဏ်ကျူးလွန်တယ်လို့ တထစ်ချ မပြောနိုင်ဘူးဆိုတာကို ကျနော်တို့ အကြိမ်ကြိမ် တင်ပြပေမယ့် ဒီလိုပဲ စီရင်ချက် ချလိုက်တယ်လေ”ဟု ပြောပြသည်။

၂၀၀၅ ခုနှစ် မတ်လ အတွင်းက ရန်ကုန်မြို့ပန်းဆိုးတန်းလမ်းရှိ ပန်နိုရားမား ဟိုတယ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်း လမ်းရှိ ဇော်ဂျီ ဟောက်စ် စားသောက်ဆိုင် အသေးစား ပေါက်ကွဲမှုမှာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ အတွင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တောင်ဥက္ကလာပ မြို့နယ် တရားရုံးက စွဲတင်ထားသော ၂၀၀၅ ခုနှစ် မတ်လက ပါရမီ ကားဝန်းအတွင်း ပေါက်ကွဲမှုနှင့် ပတ်သက်သည့် အမှု ၁ ခုလည်း နောက်ထပ်ရင်ဆိုင်ရန် ကျန်ရှိနေသေးကြောင်း ရှေ့နေက ဆိုသည်။

ကိုအေးမင်းနိုင်နှင့် ၇ ဦးတို့က အယူခံတက်ရန် ဆန္ဒရှိလျှင် အယူခံတက်၍ လျှောက်လဲသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ကိုအေးမင်းနိုင် နှင့် ဇနီး မစန်းစန်းမော်၊ ကိုဇော်လင်း၊ ကိုကျော်ဇင်ဦး၊ ကိုကျော်စွာလင်း၊ ကိုထက်ကိုလွင်နှင့် ဒေါ်ခင်ရီ ၇ ဦး တို့သည် ဂြိုဟ်တု ဖုန်း၊ ယမ်းတောင့်များ လက်ဝယ်တွေ့ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ၂၀၀၈ ခုနှစ်အတွင်းက ပြည်မြို့တွင် ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။

source by : http://www.irrawaddy.org