ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း
အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။
အဲဒီပုဂ္ဂိုလ်များ (ယာဉ်တိုက်မှုကို ကြည့်ဖို့လာနေတဲ့ ပုလိပ် ၂ ယောက်) အား အားကိုးတကြီးနဲ့ ကျွန်တော်က အမောတကော ပြောလိုက်ရပါတယ်…
“အကိုတို့ လုပ်စမ်းပါဦး၊ ကျွန်တော့်ဘက်က လမ်းကြောင်းအမှန်ကြီးကို ဖြတ်တိုက်သွားတယ်” ဆိုပြီး ပိန်ရှုံ့နေပြီဖြစ်တဲ့ ကျွန်တော့်ကားတံခါးကို ပြန်ဖွင့်လိုက်မိတာပေါ့။ အဲဒီမှာ သကောင့်သား နှစ်ကောင်က ဘာပြောသလဲဆိုတော့……
“ညီလေးကားကို ဖြူနီကြားမှာ ရပ်လို့မရဘူး၊ မင်းရဲ့ လိုင်စင် ပေး” တဲ့။
“ဘုရား၊ ဘုရား”
ဒီလောက်ထူပူနေတာ ဖြူနီကြားမှန်း ဘာမှန်း ဘယ်သိပါ့မလဲ၊ ပိုဆိုးတာက ကျွန်တော့်မှာ ယာဉ်မောင်း လိုင်စင် မရှိခြင်းပင်။ မရှိဆို ကျွန်တော့် အသက်က (၁၇) နှစ်ကျော်ရုံသာ ရှိမည်။ (၁၃) နှစ်သားထဲက ကားကို မြို့ပတ်မောင်းနေတာ ဘာ ယာဉ်တိုက်မှုမှ မဖြစ်သလို တခါတလေ ကိုယ့်ကိုကိုယ် ယာဉ်မောင်းလိုင်စင် ရှိမှ မောင်းလို့ရတာကို မေ့နေသည်။ ဒါကို ရိပ်မိ သွားတဲ့ ပုလိပ်က -
“မင်းတို့က လိုင်စင်မရှိဘဲ မောင်းချင်တာကိုးကွ” ဆိုပြီး ကားလိုင်စင်တွေ၊ သော့တွေကို သိမ်းကာ ကားနံပါတ် မှတ်လိုမှတ်၊ အတိုက်ခံရတဲ့ ကားကိုဘဲ အမှုစစ်တော့မယ့် ပုံစံမျိုး။ ပြီးမှ -
“ပိန်တာလောက်တော့ ပြင်လိုက်ပေါ့ကွာ၊ မင်းကို တိုက်သွားတဲ့ကားမှာ ဗိုလ်မှူးချုပ် အေးမြင့်ကြူ ပါတယ်ကွ၊ ရုံးရောက် ဂတ်ရောက်ဆို မင်းနာသွားမယ်” တဲ့။
ကျွန်တော် ဘာပြောနိုင်ပါတော့မှာလဲ။ ဒါနဲ့ ကျွန်တော်လည်း “ဘာမှ မဖြစ်ရင် ပြီးတာဘဲ ထပ်လဲ မပြောတော့ပါဘူး” လို့ ပြောပြီး ခုနက သိမ်းထားတဲ့ ကားလိုင်စင်တွေ၊ သော့တွေ ပုလိပ်တွေ ယူထားတာကို ကားပေါ်တက် မောင်းမယ်လုပ်ပြီးမှ သွားယူဖို့ သတိရပါတော့တယ်။ ဟိုဘက်ခြမ်းက ဒင်းတို့ကို ဖွင့်ပြမိတဲ့ ကားတံခါးကို ပြန်မပိတ်ရသေးဘူး။ ကျွန်တော် တော်တော် စိတ်ညစ်သွားပါတယ်။ ဒီကောင်တွေရှေ့မှာ ကြာကြာနေလို့မကောင်း။ တော်ကြာ ဆက်ရစ်နေမှ အခက်။
ဒါပေမဲ့ ကားတံခါး ပွင့်ရက်ကြီးနဲ့ ဘယ်လိုမောင်းမလဲ။ အဲဒါနဲ့ ကျွန်တော်လည်း ကားပေါ်က ကဗျာကယာဆင်း၊ ပိန်ရှုံ့နေတဲ့ ကားတံခါးကို ပြန်ပိတ်တော့ ဖွင့်တုန်းက ဖွင့်လို့ရတဲ့ တံခါး ပြန်ပိတ်တော့ မရတော့ဘူး။ မော့ကြည့်လိုက်တော့ မြန်မြန် မသွားသေးဘူးလား၊ ပြဿနာ ရှာချင်တာလား ဆိုတဲ့ ပုံစံတွေနဲ့ ပုလိပ်နှစ်ကောင်က ရပ်နေတုန်း၊ ကျွန်တော့်မှာ ဒီကောင်တွေရှေ့က အမြန်ဆုံး ထွက်ချင်နေပြီ။ နောက်ဆုံး ကားဒက်ရှ်ဘုတ်ထဲက ကျွတ်ကျွတ်အိတ်ကြိုးနဲ့ ပိတ်မရတဲ့ တံခါးကို ကားနဲ့ တွဲချည်ပြီး ကားပေါ် မြန်မြန်တက် စက်နှိုး လိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော်လည်း ဘယ်ရမလဲ၊ ကားထွက်ခါနီးမှ အဲဒီ ပုလိပ် နှစ်ကောင်ကို စကားတစ်ခွန်းပြောဖြစ်အောင် ပြောလိုက်သေးတယ်။
“ကျေးဇူးပဲ အကို” လို့။
အင်း…… ကိုယ်လဲ အတိုက်ခံရသေး၊ ကိုယ်က ပြန်ကျေးဇူးတင်နေရတဲ့ ပုံစံမျိုး၊ သူတို့ ရှေ့က အထွက်မှာတော့ အကြောက်တရားက ပျောက်လာပြီး မခံချင်စိတ် ဒေါသက ပြန်လွှမ်းမိုးလာတယ်။ အပြန်လမ်းတစ်လျှောက်လုံး ကြွပ်ကြွပ်အိတ်ကြိုးနဲ့ တွဲချည်ထားတဲ့ ကားတံခါးရဲ့ တဒုတ်ဒုတ်မြည်သံဟာ ကျွန်တော့်ရင်ထဲက ဒေါသကို တနုံ့နုံ့ ဖြစ်စေခဲ့တယ်။ ကားမောင်းရင်းနဲ့
“မင်းတို့ အပွင့်ကြီးကြီး ယူနီဖောင်းဝတ်တိုင်း ရန်ကုန်မြို့လယ်ခေါင်က လမ်းပေါ်မှာတောင် စည်းကမ်း မရှိ၊ မောင်းချင်တိုင်း မောင်း၊ တရားဥပဒေရဲ့ စီရင်မှုကို မျက်ကွယ်ပြုကာ တဖက်သားကို အနိုင်ကျင့်လို့ရသွားပြီလား။ ယူနီဖောင်းဝတ် အချင်းချင်း ဆိုရင်ရော ဒီလိုတဖက်သတ် အနိုင်ကျင့်လို့ ရဦးမလား” ဆိုတဲ့ မေးခွန်းများ ခေါင်းထဲမှာ အစီအရီ ထွက်လာခဲ့တာတော့ ၀န်ခံရမယ်။ အဲဒီရဲ့ စိတ်ခံစားမှုများက ကျွန်တော့်ကို စစ်ဗိုလ် လုပ်ဖို့ရာ တွန်းအားတစ်ရပ် ဖြစ်စေခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော့်မိဘတွေကို ဖွင့်ပြောကာ စစ်တက္ကသိုလ် တက်ဖို့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချလိုက်ပါတော့တယ်။
စာကြွင်း။
အဲဒီယာဉ်တိုက်မှု ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမြင့်ကြူနဲ့ ပုလိပ်နှစ်ကောင်တွေကို သတိပေးချင်တာက အခု ကျွန်တော့်ရဲ့ဆောင်းပါးလေးကိုများ ဖတ်မိခဲ့ပါရင် အဲဒီတုန်းက ၀ိုင်းအနိုင်ကျင့်ခံခဲ့ရတဲ့ ချာတိတ်လေးဟာ အခုဆိုရင် စစ်ဗိုလ်ကြီး ဖြစ်လို့ ခင်ဗျားတို့ကို “မတရားမှုဟူသည် ကံကြမ္မာအလှည့်အပြောင်း တစ်ကွက်တော့ ပြန်ပေါ်တတ်သည်” ဆိုတဲ့ စကား ဘယ်လောက် မှန်ကြောင်း သက်သေပြနေပြီဆိုတာ ခင်ဗျားတို့ သိရင် အံ့သြသွားမလား၊ ခင်ဗျားတို့ စစ်ဗိုလ် တစ်ဦးကို နောက်ကြောင်း ရှင်း/မရှင်း လိုက်ဖို့အတွက် နီးစပ်ရာ ဆွေမျိုးသားချင်းတွေကိုသာ စုံစမ်းနိုင်ပါတယ်။ အဲဒီ စစ်ဗိုလ်တစ်ဦးရဲ့ ကိုယ်ပိုင် နာကြည်းမှု ခံစားချက်ကိုတော့ ဘယ်လိုမှ မလိုက်နိုင်ပါဘူးလေ၊ အဲဒီလို ကိုယ်ပိုင် နာကြည်းချက်တွေနဲ့ စစ်ဗိုလ်တွေကို ခင်ဗျားတို့ ဘယ်လောက်တောင် မွေးထုတ်ခဲ့ပြီးပြီလဲ။ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း ပြောခဲ့တဲ့ “ဥပဒေ အထက်တွင် မည်သူမှ မရှိစေရ” ဆိုတဲ့ စကားဟာ ဗိုလ်မှူးချုပ် အေးမြင့်ကြူအတွက် မှန်ပါသလား..?
အရေးကြီး ပုဂ္ဂိုလ် VIP ဆိုတဲ့ စကားလုံးဟာ ပြည်သူလူထုတွေက ဦးစားပေးရမဲ့၊ အနစ်နာခံပေးရမဲ့ အနေအထားမျိုး ရောက်သွားရင် အခွင့်ထူးခံ လူတန်းစား အာဏာရှင်ဘ၀ကို ရောက်နေတယ်ဆိုတာ ဗိုလ်မှူးချုပ် အေးမြင့်ကြူအား သတိပေး လိုက်ပါတယ်။
source by : http://www.photayokeking.org