Saturday, March 13, 2010

ပညာတော်သင် တဲ့လား … အပိုင်း (၁)

ဆောင်းပါးရှင် - မြန်မာပြည်သား (ရုရှားရောက် မြန်မာပညာတော်သင်တစ်ဦး)

ကျနော့်အနေနဲ့ နိုင်ငံရေးကို ကောင်း ကောင်း နားမလည်ပါ။ ဘယ်သူတွေ အုပ်ချုပ်စေချင်ပါတယ် ဘာတွေပြောင်းလဲ စေချင်ပါတယ်လို့လည်း မပြောတတ်ပါ။

ရုရှားရောက် ပညာတော်သင်များ မိန်းကလေးဝတ်စုံဖြင့် ကခုန်နေပုံ

ကျနော်သိတာက ကျနော်တို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေ အလယ်ကို မပြောနဲ့ အရှေ့တောင်အာရှမှာကို နိမ့်ပါး နေခဲ့ရပါပြီ။ ကျနော်တို့ အားလုံး ၀ိုင်းဝန်းကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကြိုးလည်း ကြိုးစားချင်ကြပါတယ်။ ဒါပေမယ့် အဲလို ကြိုးစားခွင့် ကိုပဲ ရရှိအောင် အမျိုးမျိုးသော ဖိနှိပ်မှုတွေကြားကနေ စွမ်းနိုင်သလောက်လေး သန်မာပြနေကြရတယ် မဟုတ် ပါလား။

ကျနော့်အနေနဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ဘယ်လိုရည်ရွယ်ချက်မှန်း မသိနိုင်တဲ့ လုပ်ရပ်တွေကို ပြောပြချင်ပါတယ်။ နိုင်ငံရေးဝက်ဘ်ဆိုဒ်များရဲ့ ဆောင်းပါးတွေ သတင်းတွေ အရ နိုင်ငံတော်ဟာ နျူးကလီးယားအတွက် ရုရှားနိုင်ငံကို ပညာတော်သင် (စစ်ဗိုလ်) အများအပြားအား နိုင်ငံခြားငွေတွေ အမြောက်အများ အကုန်အကျခံပြီး လွှတ်နေတယ်လို့ ဖတ်ရပါတယ်။ ရုရှားနိုင်ငံနှင့် ၁၀ နှစ် စာချုပ်ချုပ်ဆိုတယ်လို့ သိရတာကြောင့် စာချုပ်သက်တမ်းဆုံးတဲ့ အပတ်စဉ်ဟာ ဗိုလ်သင်တန်း အပါတ်စဉ် (၅၀) က နောက်ဆုံး အသုတ် ဖြစ်ပါတယ်။

ဒါပေမယ့် ထူးခြားမှုအနေနဲ့ ၂၀၀၈ ခုနှစ်မှာ အရပ်ဘက် ပညာတော်သင်တွေကိုပါ ရွေးချယ်စေလွှတ်ခဲ့ပါတယ်။ အရပ်ဘက် အနေနဲ့မှာ သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာနက ကထိက ဆရာများနဲ့ အဆင်မြင့်ပညာ ဦးစီးဌာနက နည်းပြ သရုပ်ပြ ဆရာတွေကို အယောက် (၂၀၀) နီးပါး ရွေးချယ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ရှိစဉ်ကတည်းက ဘယ်ကို ဘာ ရည်ရွယ်ချက်ဖြင့် ဘာသွားသင်ရမှန်း မသိအောင် သတင်းမိုးမှောင်ချထားခဲ့လို့ တချို့ သူငယ်ချင်းတွေဆို ထင်ကြေးမျိုးစုံနဲ့ အပြစ်အမျိုးမျိုးခံယူကာ မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့ပါ တယ်။ နိုင်ငံခြားကို လာသူတွေများထဲမှာ ဆန့်ကျင်ရင်လည်း အပြစ်ခံယူရမှာ စိုးရိမ်လို့ လာကြသူတွေ များသလို၊ နိုင်ငံခြားကို ရောက်ချင်လို့၊ ခန့်အပ်ပေးတဲ့ ရာထူးကို မက်မောလို့ လာဖြစ်ခဲ့ကြသူတွေလည်း အထိုက်အလျောက် ပါပါတယ်။ နိုင်ငံတော်အတွက် ရသလောက် ပညာယူမယ်ဆိုတဲ့သူ လုံးဝ မရှိသလောက်ကို ရှားလှပါတယ်။

ပေးအပ်တဲ့တာဝန်အရ ပညာကိုရအောင် ယူမယ်ဆိုတဲ့ ဆန္ဒဟာ အရပ်ဘက်မပြောနဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ သားကောင်းစစ်သည် စစ်ဗိုလ် တစ်ယောက်ချင်းစီကို ရှိ မရှိ လိုက်မေးကြည့်စေချင်ပါတယ်။ ထွက်နေတဲ့ သတင်းတွေလို ဒီရုရှားပြန် ပညာရှိတွေကိုသာ နျူးကလီးယားဓါတ်ပေါင်းဖို တည်ဆောက်ရေးတွေ၊ တည်ဆောက်ပြီးသားတွေမှာသာ ထည့်သွင်း ကိုင်တွယ်စေရင်ဖြင့် မတွေးဝံ့စရာသာ ဖြစ်ပေတော့တယ်။ ရုရှားပညာတော်သင် ဆိုလို့ အထင်ကြီးပြီး ချီးမွန်း မစောလိုက်ပါနဲ့ ဘာတွေ သင်ယူခဲ့လဲ၊ ဘာတွေ ရယူနိုင် ခဲ့လဲဆိုတာ ရုရှားပြန်တွေကို အရပ်ဘက် ပါမောက္ခကြီးများအား လွတ်လပ်စွာ စစ်မေးခွင့် ပေးကြည့် စေချင်ပါတယ်။

အပိုင်း ( ၂ ) ကို ဆက်လက် ဖေါ်ပြပါမည်။

source by : http://www.photayokeking.org