Saturday, October 31, 2009

ရုပ်ရှင်သရုပ်ဆောင်ကျော်သူကို တောင်ဒဂုံတရားရုံးမှ ဆင့်ခေါ်

ရုပ်ရှင်သရုပ်ဆောင်ကျော်သူကို တောင်ဒဂုံတရားရုံးမှ ဆင့်ခေါ်

2009-10-30 ( RFA )

နာရေးကူညီမှုအသင်းနဲ့ သုခကုသိုလ်ဖြစ်ဆေးခန်း ရှေ့မှာ မြိုနယ်စည်ပင်သာယာက ဖောက်ခိုင်းတဲ့ ရေမြောင်းမဖောက်သေးလို့ဆိုပြီး တောင်ဒဂုံ တရားရုံးကနေ တရားစွဲဖို့ အသင်း ဥက္ကဋ္ဌ ဦးကျော်သူကို အောက်တိုဘာ ၂၉ရက်နေ့က သမ္မာန်စာ ဆင့်ခေါ်လိုက်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ကျော်သူ ပုံတူရုပ်ထုနှင့် သူ ရေးသားသောစာစု (Photo: RFA)

ဦးကျော်သူကတော့ သူ့အနေ နဲ့သွားတွေ့ဖို့ အစီအစဉ်မရှိတဲ့အကြောင်းနဲ့ ဖမ်းမယ်ဆိုလည်း အဖမ်းခံဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

ဦးကျော်သူ။ ။ 'ဒီရေမြောင်းမဖောက်တဲ့အတွက်ပေါ့လေ၊ တရားဥပဒေနဲ့ တရားစွဲဆိုရန်ကိစ္စဆိုပြီး ခေါ်တယ်။ အကြောင်းအရာက တရားစွဲဖို့တော့ ခေါ်တာပေါ့လေ။ ကျနော်မသွားတော့ အမှုဖွင့်လို့မရဘူး။ တရားစွဲခံရမဲ့သူကတော့ ကျနော်ပဲ နာမည်ပေးထားတယ်။ ကျော်သူပဲစွဲပါလို့။ ကျနော် ခေါင်းဆောင်ဖြစ်တဲ့အတွက် အဖမ်းခံရရင် ကျနော်ပဲအဖမ်းခံ ရမှာပဲ။ ကိုကျော်သူလာခဲ့ပါပြောတယ်။ ကျနော်ကတော့ မသွားဘူး ဘိတ်ဆုံး ဖမ်းဝရမ်း ထုတ်ချင်ထုတ်မယ်။ ထုတ်ရင်လည်း လိုက်သွားရုံပဲ ရှိတာပါ။'

ဘေးပတ်ဝန်းကျင်ကိုတော့ မဖောက်ခိုင်းပဲ ဆေးခန်းကိုသာ ကွက်ပြီး ခုလိုလုပ်ခိုင်းနေတာ ဖြစ်တာကတကြောင်း၊ အလှူငွေကို အလဟဿ သုံးသလို ဖြစ်မှာစိုးတဲ့အတွက် မြောင်းကို မဖောက်တာ ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

ဦးကျော်သူ။ ။ 'ကိုယ်ကျိုးလုပ်နေတာ မဟုတ်ဘူးလေ။ ကျနော် အများအကျိုးအတွက် လုပ်နေတာ။ မြောင်းဖောက်တယ်ဆိုရင် ငွေကုန်ကြေးကျ ကုန်တော့မယ်။ ဒီငွေကလည်း အကျိုးရှိတဲ့နေရာဆိုရင် ကျနော်လုပ်ပါတယ်။ ဘေးပတ်ဝန်းကျင်က အကုန်ဖောက်တယ်ဆိုရင် အများဖောက်သလိုဖောက်မယ်။ ကျနော့်တကွက်တည်း ဖောက်ခိုင်းတာတော့ ကျနော် မဖောက်နိုင်ဘူး။ မြောင်းဖောက်တယ်ဆိုရင် အလှူငွေထဲက သုံးရမယ်။ ဒီအလှူငွေတွေကို အလကား မြေကြီးထဲ မထည့်လိုက်နိုင်ဘူး။'

အခုလက်ရှိ အဆောက်အဦး နေရာဟာ အရင်တုန်းက အမှိုက်ပုံဖြစ်ပါတယ်။ ဘေးက နေရာတွေမှာ ရေနုတ်မြောင်း မရှိတဲ့အတွက် ဆေးခန်းရှေ့မှာပဲ ကွက်ဖောက်လိုက်ရင် မြောင်းမဖြစ်ပဲ ရေလှောင်ကန် ဖြစ်သွားနိုင်ပြီး လူနာတွေနဲ့ ဝန်ထမ်းတွေ အတွက် ကျန်းမာရေး ထိခိုက်နိုင်တဲ့အတွက် မလုပ်တာဖြစ်တယ်၊ ဘေးပတ်ဝန်းကျင်မှာ အလားတူ ရေမြောင်းတွေ ဖောက်ကြလို့ ရေစီးဆင်းနိုင်မယ် ဆိုရင်တော့ ဖောက်ပေးဖို့ အဆင်သင့်ရှိပါတယ်လို့ ဦးကျော်သူက ပြောပါတယ်။ နောက်သူကဆက်ပြီး ခုလို ပြောပါတယ်။

ဦးကျော်သူ။ ။ 'ကျနော်ကတော့ ငါ့ကို တရားစစ်နေတယ်လို့ပဲ မြင်ပါတယ်။ အများအကျိုး လုပ်တဲ့နေရာ ကိုယ်ကျိုးမပါပဲ လုပ်တဲ့ နေရာမှာ အေးအေးချမ်းချမ်းနဲ့ လုပ်ချင်ပါတယ်။ အားလုံးမေတ္တာထားပြီး လုပ်ကြရင်တော့ အကောင်းဆုံးပဲ။'

ရန်ကုန်မြို့က နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ပြောသွားတာပါ။ နာရေးကူညီမှု အသင်းဟာ ၂ဝဝ၁ ခုနှစ်ကစပြီး ရန်ကုန်မြို့နဲ့ ပတ်ဝန်းကျင်က အကူအညီလိုသူတွေရဲ့ နာရေးမှန်သမျှအတွက် ပို့ဆောင်သဂြိုဟ်တဲ့ ကိစ္စတွေကို အခမဲ့ တာဝန်ယူ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သုခ ကုသိုလ်ဖြစ်အခမဲ့ ဆေးခန်းကိုပါ ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။