Saturday, October 31, 2009

ဝက်တုပ်ကွေးဖြစ်ပွားသူ ၆၃ ဦး ရှိပြီလို့ ကျန်းမာရေးညွန်ချုပ် အတည်ပြုပြောဆို

ဝက်တုပ်ကွေးဖြစ်ပွားသူ ၆၃ ဦး ရှိပြီလို့ ကျန်းမာရေးညွန်ချုပ် အတည်ပြုပြောဆို

2009-10-31 ( RFA )

မြန်မာနိုင်ငံမှာ A-H1N1 အမျိုးအစား ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆၃ ဦး ရှိသွားပြီဖြစ်ပြီး လေဆိပ်၊ သင်္ဘောဆိပ်နဲ့ နယ်စပ် ဝင်ပေါက်ထွက်ပေါက်တွေမှာ ရောဂါဖြစ်ပွားမှု စောင့်ကြည့်ရေး လုပ်ငန်းတွေကို ဆက်လက် အလေးထား ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းမြင့်က အာအက်ဖ်အေ ကို အောက်တိုဘာလ ၃၁ ရက်နေ့က ပြောကြားပါတယ်။

မြန်မာပြည်တွင် ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားသော သတင်း ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ကျောင်းတခုတွင် နှာခေါင်းစည်း အကာအကွယ် တပ်ဆင်ထားသော ကျောင်းသားအချို့ကို ဇွန်လ ၃ဝရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။
(Photo: AFP)

ဒေါက်တာဝင်းမြင့်။ ။'၆၃ မှာ ရပ်နေပါတယ်။ ခုလောလောဆယ် ဆေးရုံပေါ်မှာ ၂ ယောက်ပဲ ရှိပါတယ်။ Containment Strategy ပေါ့။ အကုန်လုံးက တော်တော်များများက နိုင်ငံခြားက ဝင်လာတာချည်းပဲဆိုတော့။ အဲဒါတွေကို လှေဆိပ်၊ ရေဆိပ်၊ နောက် နယ်စပ် ဝင်ထွက်ပေါက်၊ အဲဒါတွေကတော့ ကျနော်တို့ ဒီအတိုင်းပဲ အားမလျှော့ပဲ ဆက်လက်ဆောင်ရွက်နေပါတယ်။ နောက်တခုကတော့ တကယ်လို့ Vaccination အတွက်ကို Immunization Vaccine တွေရလာရင်တော့ ဘယ်လိုသုံးမယ်ဆိုတဲ့ဟာကို ကြိုတင်စဉ်းစားပြီးတော့ ဆောာင်ရွက်နေပါတယ်'

လူနာ ၆၁ ဦး ရောဂါ ပျောက်ကင်းသက်သာလို့ ဆေးရုံက ဆင်းသွားပြီဖြစ်ပြီး ကျန်လူနာနှစ်ဦးကို ဆေးရုံမှာ အထူး ကြပ်မတ် ကုသပေးလျက်ရှိကြောင်း၊ သူတို့ရဲ့ အခြေအနေ ကောင်းမွန်ကြောင်း ဒေါက်တာဝင်းမြင့်က ပြောပါတယ်၊၊

ဝက်တုပ်ကွေးရောဂါဟာ အခုနှစ် ဧပြီလကစလို့ ကမ္ဘာတဝှမ်း အလျင်အမြန် ကူးစက်ဖြစ်ပွားခဲ့ပြီး လာမယ့် ရှေ့သီတင်းပတ် အနည်းငယ်မှာ စတင်ဝင်ရောက်တော့မယ့် ဆောင်းရာသီ ကာလအတွင်း အာရှတိုက်နိုင်ငံတွေမှာ ဒုတိယတကြော့အဖြစ် ရောဂါ ဆိုးဆိုးဝါးဝါး ကူးစက်ဖြစ်ပွားဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်၊၊

မြန်မာနိုင်ငံမှာ ပထမဆုံး ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ဇွန်လ ၂၇ ရက်နေ့က စင်ကာပူနိုင်ငံကနေ လေကြောင်းနဲ့ ပြန်လာတဲ့ ၁၃ နှစ်အရွယ် မိန်းကလေးတဦးမှာ စစ်ဆေးတွေ့ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ဒီကနေ့အထိ တဦးတယောက်မှ မရှိသေးဘူးလို့ သိရပါတယ်၊၊

အခုအခါ အာရှတိုက်နိုင်ငံတချို့မှာ ဆောင်းရာသီကာလ ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ကြိုတင်ဟန့်တားနိုင်ဖို့အတွက် ကာကွယ်ဆေးထိုးရေး လုပ်ငန်းတွေကို အပူတပြင်း အလေးထား ဆောင်ရွက်နေကြပါတယ်၊၊ မြန်မာနိုင်ငံမှာတော့ လောလောဆယ် အထိ ဝက်တုပ်ကွေးရောဂါ ကာကွယ်ဆေးမရှိသေးပေမယ့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဆီက ဆေးဝါးအကူအညီ ရဖို့ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းမြင့်က ပြောပါတယ်၊၊

ဒေါက်တာဝင်းမြင့်။ ။'WHO ကနေ ရဖို့အတွက် WHO ကိုယ်တိုင်က ကျနော်တို့ကို နိုင်ငံတကာက လှူတာတွေကို ပြန်ပြီး ခွဲဝေပေးဖို့ ရှိပါတယ်။ လောလောဆယ်တော့ လုပ်နေတုန်းပါ။ လက်ထဲတော့ မရောက်သေးပါဘူး'

မြန်မာနိုင်ငံအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပေးမယ့် ကာကွယ်ဆေး ခွဲတမ်းကို နိုဝင်ဘာ လကုန်ပိုင်းမှာ ရနိုင်လိမ့်မယ်လို့ ကျန်းမာရေးအရာရှိတွေက ခန့်မှန်းထားကြပါတယ်၊၊ ဆေးဝါးအကူအညီရရှိတာနဲ့ တပြိုင်နက် ပြည်သူတွေအတွက် အခမဲ့ ကာကွယ်ဆေးထိုးပေးရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်၊၊

ကာကွယ်ဆေး ရရှိနိုင်မှုအပါအဝင် ဝက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းမြင့်ကို အာအက်ဖ်အေ အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်၊၊


ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။