Tuesday, October 27, 2009

စစ်ခေါင်းဆောင်များအပေါ် ပြစ်ဒဏ်ခတ်မှု သြစတြေးလျ ဆက်ထားမည်

စစ်ခေါင်းဆောင်များအပေါ် ပြစ်ဒဏ်ခတ်မှု သြစတြေးလျ
ဆက်ထားမည်


2009-10-26 ( RFA )

မြန်မာနိုင်ငံဆိုင်ရာ သြစတြေလျသံအမတ်ကြီး Michelle Chan က မြန်မာနိုင်ငံမှာ တနှစ်ခွဲ တာဝန်ထမ်းဆောင်အပြီး သြစတြေးလျနိုင်ငံကို ခေတ္တရောက်နေတုန်း ၊ ဆစ်ဒနေမြို့မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဒီကနေ့ အောက်တိုဘာ ၂၆ ရက်မှာ ခေါ်ယူတွေ့ဆုံကာ မြန်မာနိုင်ငံမှာ သြစတြေးလျက ဘာတွေ ဆောင်ရွက်နေတယ်ဆိုတာကို ရှင်းပြခဲ့သလို ၊ အကြံတောင်းခဲ့ကြောင်းလည်း သိရပါတယ်။

မြန်မာ စစ်အစိုးရ၏ ထိပ်သီး ဗိုလ်ချုပ်ကြီးများ ဖြစ်ပါသည်။ (Photo: AFP)

သြစတြေလျားသံအမတ်ကြီး Michelle Chan နဲ့ တွေ့ဆုံရာမှာ ဘယ်လို အကြောင်းအရာတွေ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ် ဆိုတာနဲ့ပတ်သက်ပြီး သံအမတ်ကြီးနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာ့ရေးရာရုံး သြစတြေးလျ ရဲ့တာဝန်ခံ ဒေါက်တာမြင့်ချိုက RFA ကို အခုလို ရှင်းပြပါတယ်။

ဒေါက်တာမြင့်ချို ။ ။ 'သံရေး တမန်ရေးအရ ဆိုရင် မြန်မာနိုင်ငံမှာ နအဖ ဗိုလ်ချုပ်ကြီးတွေနဲ့ တိုက်ရိုက်ဆက်ဆံနေတဲ့ ကိစ္စအပြင် NLD ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ စသဖြင့် ဒီလို တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ဖို့ ကျွန်တော်တို့ တိုက်တွန်းတောင်းဆိုတယ်၊ နောက်တခုကလည်း အမေရိကန်၊ ဥရောပ သမဂ္ဂတို့ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ လက်တွဲပြီးတော့ သြစတြေးလျကနေ အမြဲတမ်း မျက်ခြေမပြတ် လက်တွဲဆောင်ရွက်သွားဖို့ ကျွန်တော်တို့ တိုက်တွန်းတယ်၊ နောက်တခုက ကုလသမဂ္ဂမှာ ဒီထက်ပိုပြီးတော့ ဖိအားတွေ၊ တိုက်တွန်းမှုတွေ မြန်မာ့အရေးကို ပိုပြီးတော့ ထိရောက်အောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့ သြစတြေးလျကို တိုက်တွန်းတယ်။'

မြန်မာစစ်အစိုးရကို ပစ်မှတ်ထားပြီး ပြစ်ဒဏ်ခတ် အရေးယူပိတ်ဆိုတဲ့ နိုင်ငံတွေထဲမှာ သြစတြေးလျ နိုင်ငံလည်း ပါဝင်နေပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ စီးပွားရေးလက်တွဲဖော်တွေကို သြစတြေးလျအစိုးရက ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်ထားပြီး ၊ ဒီထက်ပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေ ဆက်လုပ်မယ် မလုပ်ဘူးဆိုတာ မသေချာပေမယ့် လက်ရှိဒဏ်ခတ်မှုတွေကတော့ ဆက်ရှိနေမယ်လို့ သြစတြေလျား သံအမတ်ကြီးက သူတို့ကို ရှင်းပြကြောင်း ဒေါက်တာမြင့်ချိုက ပြောပါတယ်။

ဒေါက်တာမြင့်ချို ။ ။ 'ပထမဦးဆုံး နအဖ ဗိုလ်ချုပ်တွေနဲ့ အပေါင်းပါ ၄၁၈ ဦးကို ဘဏ္ဍာရေးအရ ပိတ်ဆို့ ဒဏ်ခတ်ခဲ့တဲ့ ဥစ္စာကို တနှစ်ပြည့်တဲ့အခါမှာ ပြန်သုံးသပ်တယ်၊ သုံးသပ်ပြီးတော့ နောက်ထပ် ၆၃ ဦးကို ထပ်တိုးပြီးတော့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ခဲ့တယ်။ အခု ဒီနှစ်မှာလည်းပဲ သူတို့အနေနဲ့ ဒီဘဏ္ဍာရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို ပြန်လည် သုံးသပ်မှာပေါ့လေ။ ဒီထက်မက ပိုပြီးတော့ ပိတ်ဆို့ ဒဏ်ခတ်မယ်ဆိုတာမျိုးကိုတော့ သူတို့အနေနဲ့ မပြောနိုင်သေးဘူး၊ သို့သော်၊ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကတော့ ဆက်ရှိနေဦးမယ်ဆိုတာတော့ သိရပါတယ်။'

သြစတြေလျားနိုင်ငံဟာ အခြားနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံမှာ စီးပွားရေးရင်းနှီးမြုပ်နှံမှု ပမာဏ မများပေမဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု အပါအဝင် ၊ လေကြောင်းလိုင်းနဲ့ ခရီးသွားလုပ်ငန်း ၊ သစ်နဲ့ဆိုင်တဲ့ ကုန်ချောလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ ရှိပါတယ်။

ယခင် သြစတြေလျားအစိုးရက မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လူ့အခွင့်အရေး သင်တန်းပေးခဲ့တာတွေ ရှိပေမဲ့ ၊ လက်ရှိ သြစတြေလျား လေဘာပါတီ အစိုးရ လက်ထက်မှာတော့ အဲဒီသင်တန်းတွေကိုရပ်ခဲ့ပြီး ၊ နိုင်ငံတကာ စေတနာ့ဝန်ထမ်း NGOအဖွဲ့ ဒါမှမဟုတ် ကုလသမဂ္ဂအဖွဲ့ တွေကတဆင့် ကူညီတာတွေ ရှိကြောင်း သိရပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ သြစတြေးလျနိုင်ငံရဲ့ မူဝါဒအပြောင်းအလဲ ဘယ်လို ရှိလာနိုင်သလဲ ဆိုတာနဲ့ပတ်သက်လို့ မြန်မာ့ရေးရာရုံး သြစတြေးလျရဲ့ တာဝန်ခံ ဒေါက်တာမြင့်ချိုကို RFAအဖွဲ့သား ဦးဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။