Sunday, October 25, 2009

နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍရှိကြောင်း စစ်အစိုးရဝန်ကြီးပြောဆို

နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍရှိကြောင်း စစ်အစိုးရဝန်ကြီးပြောဆို

2009-10-25 ( RFA )

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံရဲ့အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖြစ်စဉ်မှာ ပါဝင် ဆောင်ရွက်မယ်လို့ မိမိအနေနဲ့ ယုံကြည်ကြောင်း မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အာစီယံခေါင်းဆောင်တွေကို ပြောဆိုတယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်က သတင်းထောက်တွေကို ဒီကနေ့ ပြောပါတယ်။

၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ဟွာဟင်း အပမ်းဖြေစခန်းတွင် ပြုလုပ်သည့် အာစီယံသတင်းစာရှင်းလင်းပွဲ၌ အာစီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝန်နှင့် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဘီဆစ်တို့ကို တွေ့ရစဉ်။(Photo: RFA)

ဒါပေမယ့် ဒါဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်ပြုမယ့် သဘော ဟုတ်မဟုတ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုတာ မရှိပါဘူး။ ကမ္ဘာ့နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ လက္ခဏာတွေ ပြသခဲ့တဲ့အတွက် မိမိအနေနဲ့ ကြိုဆိုကြောင်းလည်း ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့က ဆွေးနွေးခဲ့တဲ့ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ တွေ့ဆုံပွဲမှာရော ဒီကနေ့မနက် ပြုလုပ်တဲ့ အာဆီယံနဲ့ အာရှ သုံးနိုင်ငံ ဆွေးနွေးပွဲမှာရော မြန်မာအာဏာပိုင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား နောက်ထပ် စေ့စပ်ဆွေးနွေးပွဲတွေ ဖြစ်လာမယ့် အခြေအနေပေါ်မှာ ကြိုဆိုကြောင်း၊ အာဆီယံအနေနဲ့ ဒီ စေ့စပ်ဆွေးနွေးမှုတွေ အပေါ်မှာ အမြဲတမ်း ကြိုဆိုနေကြောင်း၊ စစ်အစိုးရ အနေနဲ့ သူ့လမ်းပြမြေပုံကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်အောင် အားလုံးက တိုက်တွန်း အားပေးနေဖို့ လိုကြောင်း စတဲ့အချက်တွေကို စစ်အစိုးရ ဝန်ကြီးချုပ်ကို ပြောဆိုခဲ့ကြတယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အဲဒါအပြင် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်တာကို တကမ္ဘာလုံးက မြင်ချင်ကြတယ်လို့ မစ္စတာအဘီဆစ်က ပြောပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်းပစ်ဆူဝမ်ကို မြန်မာနဲ့ပတ်သက်လို့ အာအက်ဖ်အေက သီးခြား မေးမြန်းကြည့်တဲ့အခါမှာ မြန်မာစစ်အစိုးရရဲ့လမ်းပြမြေပုံ အောင်မြင်မှုအခြေအနေနဲ့  ပတ်သက်ပြီး အာဆီယံကို တင်ပြဖို့ တောင်းဆိုထားတဲ့အပေါ် မြန်မာစစ်အစိုးရက အာဆီယံဥက္ကဋ္ဌကို အစီရင်ခံစာ ပေးမဲ့အကြောင်း တုန့်ပြန်ခဲ့တဲ့အကြောင်းနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ဘယ်တော့ ကျင်းပမယ်ဆိုတဲ့ ရက်စွဲ အတိအကျ ပြောဆိုသွားတာ မရှိကြောင်း အာဆီယံ အတွင်းရေးမှုးချုပ် မစ္စတာဆူရင်းပစ်ဆူဝမ် က ပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ဥပဒေနဲ့ အချိန် သတ်မှတ်ချက်တွေကို တပြိုင်နက်တည်း ထုတ်ပြန်ကြေညာမယ်လို့ စစ်အစိုးရဝန်ကြီးချုပ်က ပြောဆိုသွားကြောင်းလည်း မစ္စတာ ဆူရင်းပစ်ဆူဝမ်က ပြောပါတယ်။

ဒီမနက်ပြုလုပ်တဲ့ ဂျပန် ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာခါဇူအိုခိုဒါ့မရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရရဲ့သဘောထားကို ထပ်မံပြောကြားရာမှာ ဂျပန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အမြဲ မျှော်လင့်နေကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့လည်း မျှော်လင့်ကြောင်း၊ ဂျပန်နိုင်ငံအနေနဲ့ ဒီကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်း အဆင်သင့်ရှိနေကြောင်း၊ နောက်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ စစ်မှန်တဲ့ နိုင်ငံ့ ကိုယ်စားလှယ်တွေအားလုံး ပါဝင်ဖို့ကိုလည်း မျှော်လင့် ကြောင်း ပြောဆိုသွားပါတယ်။

မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ထိုင်းအာဏာရ ဒီမိုကရက်ပါတီ ဒုတိယခေါင်းဆောင် မစ္စတာခရိုင်ဆတ်ကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုနေရိန်ကျော်က သီးခြား တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ အဲဒီလို မေးမြန်းရာမှာ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ဒေသတွင်းနိုင်ငံတွေက ဝိုင်းဝန်းကြိုးပမ်းဖို့ လိုတယ်လို့ ပြောသွားပါတယ်။


တွေ့ဆုံမေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။