Wednesday, September 23, 2009

ဦးဥာဏ်ဝင်း ဘာကြောင့် ဝါရှင်တန်ကို လာခွင့်ရသလဲ

ဦးဥာဏ်ဝင်း ဘာကြောင့် ဝါရှင်တန်ကို လာခွင့်ရသလဲ


2009-09-23
(RFA)

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ဝါရှင်တန်ဒီစီမြို့ကို လာရောက်တာဟာ မြန်မာသံရုံးကို လာရောက်စစ်ဆေးဖို့ ဖြစ်တယ်ဆိုပေမဲ့ ပြီးခဲ့တဲ့ စနေနေ့မှာ အမေရိကန် အထက်လွှတ်တော်အမတ် Jim Webb အပြင် အမေရိကန် အာရှ စီးပွားရေးကောင်စီနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ဝါရှင်တန် မြန်မာသံရုံး ပြောခွင့်ရပုဂ္ဂိုလ် သံမှူးကြီး ဦးကျော်ဝင်းက RFA ကို ခုလို အတည်ပြုရှင်းပြပါတယ်။

မြန်မာ စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းစကားပြောကြားနေသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

ဦးကျော်ဝင်း။ ။ 'ကျန်တာတော့ ဘာမှ ထွေထွေထူးထူး မရှိပါဘူး၊ သူတို့ ဒီမှာလာတုန်း ခဏ တွေ့ကြတာပဲ ရှိတာပဲ။'

RFA ။ ။ 'တွေ့တဲ့အခါမှာ အခု ဒီမှာ ဘယ်သူတွေနဲ့ တွေ့သွားလဲခင်ဗျ။ သံရုံးအပြင်ပေါ့လေ။'

ဦးကျော်ဝင်း။ ။ 'အဓိက သံရုံးပါပဲ။ ကျန်တာတော့ ဘာမှ ထွေထွေထူးထူး မရှိလှဘူး။ သံရုံးပြင်ဖို့ လာကြည့်တာကိုး။'

RFA ။ ။ 'ဟုတ်ကဲ့၊ နောက်တခုကကျွန်တော်တို့ ကြားတာ Jim Webb နဲ့ တွေ့တယ်လို့ ကြားတယ်၊ ဟုတ်ပါသလားခင်ဗျ အဲဒါ။'

ဦးကျော်ဝင်း။ ။ 'Jim Webb နဲ့တော့ တွေ့ပါတယ်။ Jim Webb တွေ့ပေမဲ့ ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး၊ ဒါ courtesy သဘောအရ တွေ့ကြတာပါ။'

RFA ။ ။ 'နောက်တခုက U.S. Asian Business Council နဲ့ တွေ့တယ်ဆိုတာကော။'

ဦးကျော်ဝင်း။ ။ 'ဒါလည်း သူတို့ မနှစ်တုန်းက နယူးယောက်မှာ တွေ့ပြီးတော့ ဒီနှစ် ဒီလာတုန်း တွေ့ကြတဲ့ သဘောပဲ။ ဘာမှ ထွေထွေထူးထူး လုပ်ငန်းသဘောပါတာ မရှိပါဘူး။ '

မြန်မာစစ်ခေါင်းဆောင်တွေ အမေရိကန်နဲ့ အီးယူလာခွင့် ဗီဇာပိတ်ပင်တဲ့ ဒဏ်ခတ်မှုကို ၁၉၉ဝ ခုနှစ်များ နှောင်းပိုင်းထဲက စခဲ့တာပါ၊ သဘောကတော့ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းမျိုးတွေရဲ့ အစည်းအဝေးတက်ဖို့ ကိစ္စကလွဲပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးဖို့ အမေရိကန်နဲ့အီးယူက ဒဏ်ခတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်ထားတဲ့ ၂ဝဝ၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီဥပဒေအရဆိုရင် ကုလသမဂ္ဂ အထွေထွေညီလာခံတက်ဖို့ လာတဲ့ မြန်မာအရာရှိတွေကို နယူးယောက်မြို့နဲ့ ၂၅ မိုင်ထက် ဝေးတဲ့နေရာတွေ သွားခွင့်ပေးဖို့အတွက် အမေရိကန်သမတ အိမ်ဖြူတော်ရဲ့ အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ဝါရှင်တန်ဒီစီမြို့ကို လာရောက်တာဟာ အမေရိကန်အစိုးရ ခွင့်ပြုချက်နဲ့ လာတာဖြစ်ပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အမေရိကန်ဗီဇာ ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးတော့မဲ့ သဘောလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။၊

ဒါပေမဲ့ ဦးဥာဏ်ဝင်းရဲ့ ၂၄ နာရီကြာ ဝါရှင်တန်ခရီးစဉ်ဟာ မြန်မာနဲ့ပတ်သက်တဲ့ အိုဘားမားအစိုးရ ပေါ်လစီသစ်ရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပုံရတယ်လို့ အမေရိကန်အရာရှိတွေကို ကိုးကားပြီး Washington Post သတင်းစာက ရေးပါတယ်။၊

အမေရိကန်ပေါ်လစီသစ်က အမေရိကန်အရာရှိတွေကို မြန်မာစစ်အစိုးရ အဆင့်မြင့်ခေါင်းဆောင်ပိုင်းနဲ့ ဆက်ဆံဖို့ အားပေးတဲ့ပေါ်လစီ ဖြစ်တယ်လို့ပါ ရေးထားပါတယ်။၊

အမေရိကန်အထက်လွှတ်တော်အမတ် Jim Webb ကလဲ အမေရိကန်အစိုးရဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စကားပြောရမှာဖြစ်တယ်။ ဒီလိုပြောတာဟာ မြန်မာလူ့အဖွဲ့အစည်းကို လွတ်လပ်ပြီး ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာစေရေး ရည်မှန်းချက်တွေ အမေရိကန်ဘက်က စွန့်လွှတ်ရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး၊ တခြားနည်းလမ်းသုံးပြီး အမေရိကန်ရဲ့ ရည်မှန်းချက် အောင်မြင်အောင်လုပ်တဲ့သဘော ဖြစ်တယ်လို့ သူ့ဆောင်းပါးမှာ အကြံပေးခဲ့ပါတယ်။ ဒါကြောင့် Mr Webb ရဲ့ အကြံပေးချက်ကို အမေရိကန်အစိုးရက လက်ခံတဲ့သဘောလို့ ယူဆနိုင်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြာရေးဝန်ကြီး Ms Hillary Clinton ဟာ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာမိတ်ဆွေနိုင်ငံများအုပ်စုနဲ့ ဒီကနေ့ တွေဆုံမှာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာလဲ အမေရိကန်ရောက်ရင် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှပစိဖိတ်ရေးရာ အကြီးတန်းအရာရှိ Mr Kurt Campbell နဲ့ပါ တွေ့ဖို့ မှန်းထားတယ်လို့ Washington Post သတင်းစာက ရေးပါတယ်။-

ဝါရှင်တန်မြန်မာသံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဝင်းကတော့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ Mr Campbell တွေ့မဲ့ကိစ္စ မသိပါကြောင်း RFA ကို ခုလို ပြောပါတယ်။၊

ဦးကျော်ဝင်း
။ ။ 'အဲဒါကျွန်တော်တို့က ဘာမှ မကြားဘူး၊ ခင်ဗျားကတောင် ကြားနေသေးတယ်။'

RFA ။ ။ 'အဲဒါ Washington Post မှာ ပါနေပါပြီ၊ ဒီနေ့။'

ဦးကျော်ဝင်း။ ။ 'ဟုတ်ပါတယ်၊ကျွန်တော်လည်း ဖတ်လိုက်ရပါတယ်။ ဒါပေမဲ့လည်း၊ ဒါလည်း သူတို့ ဘယ်ကရမှန်းမသိဘူး။ကျွန်တော်တို့တောင် မသိဘူး။'

ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်မဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ရန်ကုန် အမေရိကန်သံရုံးက ဗီဇာထုတ်ပေးခဲ့ပါသလားလို့ RFAက အီးမေးနဲ့ အင်တာဗျူးလုပ်ရာမှာ ဒီသတင်းနဲ့ပတ်သက်ပြီး မသိပါကြောင်း မြန်မာအရာရှိတွေရဲ့ ခရီးသွားလာမှုနဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရနဲ့သာ ဆက်သွယ်ပါဆိုပြီး ရန်ကုန် အမေရိကန်သံရုံး လူထုဆက်ဆံရေးအရာရှိ Drake Weisert က အကြောင်းပြန်ပါတယ်။၊

၉လကြာ သုံးသပ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပေါ်လစီသစ်ကို အပြီးသတ်ဆွေးနွေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ဝါရှင်တန်လာတဲ့ သောကြာနေ့မှာပဲ အမေရိကန်အစိုးရအရာရှိတွေ အစည်းအဝေးလုပ်ခဲ့ပြီး မကြာခင် ကြေညာတော့မှာ ဖြစ်ပါတယ်။

သေချာတဲ့အချက်ကတော့ မြန်မာနိုင်ငံအပေါ် ၁၉၉ဝ ခုနှစ်များက ချမှတ်ခဲ့တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမှာမဟုတ်သလို ဒီထက်ပိုပြီးလဲ တင်းကျပ်မှာ မဟုတ်ကြောင်း၊ လူသားချင်းထောက်ထားတဲ့ အကူအညီတွေ ပိုပေးမှာဖြစ်ကြောင်း အမေရိကန်အစိုးရ အရာရှိတွေကို ကိုးကားပြီး Washington Post သတင်းစာက ရေးပါတယ်။၊

ဒါပြင် အမေရိကန် မြန်မာ စစ်တပ်အချင်းချင်း ဆက်ဆံရေး၊ မူးယစ်ဆေးနှိမ်နင်းမှု ပူးပေါင်းရေးကိစ္စတွေ အပါအဝင် တခြားဆက်ဆံရေးတွေ ရဲရဲတင်းတင်းလုပ်ဖို့ပါ အမေရိကန်ဘက်က စဉ်းစားနေတယ်လို့ ရေးထားပါတယ်။

ခုလို အမေရိကန်အစိုးရဘက်က မြန်မာအပေါ် နောက်ထပ် ရင်းနှီမြှုပ်နှံမှုမလုပ်ရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ချန်ထားမယ်ဆိုပေမဲ့ အမေရိကန်ပေါ်လစီသစ်အပေါ် သံသယရှိတယ်လို့ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ယူဆပါတယ်။

ဦးဝင်းတင်။ ။ 'ခုနက ပြောတဲ့ ၁၉၉ဝ တုန်းက ချမှတ်ထားတဲ့ ဟာတွေကိုပဲ ဆက်ပြီးတော့ ကျင့်သုံးမယ်၊ ဆိုတော့၊ အဲဒီ ကျင့်သုံးမယ်ဆိုတဲ့ဟာထဲမှာ ဘာလဲဆိုတော့ တိုးလည်းမလာဘူးပေါ့ဗျာ၊ ဆုတ်လည်းမသွားဘူး၊ ဆိုတော့ ဒီဟာရဲ့ ဒီ sanction ရဲ့ အဓိကအချက်က ဘာလဲ ဆိုလို့ရှိရင် investment တွေ ဘာတွေကို ပိတ်ထားမယ်ဆိုတာ။ သို့သော်၊ investment ကို ပိတ်ထားမယ်ဆိုတဲ့ဟာက ဒီ Ms. Clinton ပြောခဲ့တဲ့ ဗမာပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲမယ် ဘာညာဆိုလို့ရှိရင် ဒီ investment တွေ လာမယ်ဆိုတောင် စကားဦးသန်းထားတာ ရှိတဲ့အခါကျတော့ အခုလို ဒီ ပိတ်ဆို့မှုကို ဆက်လက်ပြီးတော့ ကိုင်စွဲထားတယ် ဆိုတာအပေါ်မှာလည်း ကျွန်တော် ပြောရင်တော့ ကျွန်တော်တို့ ပြောရရင်တော့ အများကြီး ကျွန်တော်တို့ စိတ်ထဲမှာ သံသယတွေလည်း ဝင်တယ်၊ နောက်ပြီးတော့ သိပ်ပြီးတော့လည်း မယုံကြည်လှဘူး။ ဘယ်လောက်ပဲ ပြောပြော ဒီ ၁၉၉ဝ ကိစ္စမှာ ဆက်ကိုင်တယ် ဆိုသော်ငြားလည်း Ms. Clinton စကားဦးသန်းထားတဲ့အတိုင်း ဆိုရင်တော့ မကြာခင်များ ဒီဗမာအစိုးရလည်း ပြောင်းလဲတာတွေ ဘာတွေ လုပ်ပေးမှာ လုပ်ပေးမယ်လို့ သူတို့ကို ချွေးသိပ်မယ်ဆိုရင် ဒီအမေရိကန်အစိုးရအနေနဲ့လည်း investment တွေ ဘာတွေ လုပ်မလာဘူး သို့မဟုတ်ရင်လည်း ၁၉၉ဝ sanction တွေကို မရုပ်သိမ်းဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးဗျ။ ဒါ ကျွန်တော်တို့ရဲ့ထင်ချက်ပေါ့ဗျာနော်။ '

တရားဝင် မကြေညာသေးပေမဲ့ မြန်မာနဲ့ပတ်သက်တဲ့ အမေရိကန် ပေါ်လစီဟာ Washington Post သတင်းစာကြီးက ဖော်ထုတ်လိုက်တဲ့အတွက် တဖြည်းဖြည်း ရုပ်လုံးပေါ်နေပြီ ဖြစ်ပါတယ်။ ၁၉၉ဝ ခုနှစ်များက ချမှတ်ခဲ့တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမှာမဟုတ်ရင် ၁၉၉ဝ ခုနှစ်များနောက်ပိုင်း မြန်မာအပေါ် ဒဏ်ခတ်မှုတွေကိုရော ချက်ချင်း ရုပ်သိမ်းမလားဆိုတာလဲ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ မြန်မာစစ်အစိုးရအပေါ် အမေရိကန် ဖိအားပေးမှုကတော့ ကျသွားနိုင်တယ်လို့ ရန်ကုန်နိုင်ငံရေးလောကမှာ သုံးသပ်ပြောဆိုနေကြောင်းပါ။

အသံဖိုင်အား နားဆင်ရန် >>>>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။