Thursday, September 24, 2009

ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် ဆရာတော်ကြီးများတွင် တာဝန်ရှိဟု သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လျှောက်ထား

ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် ဆရာတော်ကြီးများတွင် တာဝန်ရှိဟု
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လျှောက်ထား

NEJ / ၂၄ စက်တင်ဘာ ၂၀၀၉

လာမည့်အောက်တိုဘာ (၃) ရက်၊ သီတင်းကျွတ်လပြည့် (၁၅) ရက်နေ့တွင် မြန်မာတနိုင်ငံလုံးရှိ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ကမ္မ၀ါရွတ်ဆိုရာတွင် သံဃာ့နာယကဆရာတော်ကြီးများလည်း ပါဝင်ရန် တာဝန်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသည်။

“အဲဒါကတော့ ၀ိနည်းဥပဒေကံနဲ့အညီ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက်ကြောင့် ဆရာတော်ကြီးတွေမှာလည်း တာဝန်ရှိတယ်။ သူတို့လည်း သံဃာတပါးဖြစ်တယ်။ သူတို့က ပစ္စည်းလာဘ်လာဘကို မကြည့်ဘဲနဲ့ မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကိုပဲ ကြည့်မယ်ဆိုရင် သူတို့ ကြိမ်းသေမုချလုပ်ရမှာပဲ။ အဲဒါကို သူတို့ကိုယ်တိုင်က ဆန့်ကျင်ပြီးတော့ အစိုးရဘက်လိုက်မယ်ဆိုရင်တော့ သူတို့ကိုယ်တိုင်က မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို ချိုးဖောက်သောသူဖြစ်တယ်ပေါ့။ ဒါကတော့ ၀ိနည်းဥပဒေကို လေးစားမှု ရှိမရှိနဲ့၊ လိုက်နာမှုရှိမရှိ စံချိန်နဲ့ သတ်မှတ်ရမှာပဲ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယက မိန့်ကြားသည်။

သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နအဖအနေဖြင့် ဖမ်းဆီးထားသည့်သံဃာတော်များအား ပြန်လွှတ်ပေးရန်နှင့် သာသနာတော်အပေါ် စော်ကားထားမှုများအား ၀န်ချတောင်းပန်ရန် တောင်းဆိုထားပြီး ယင်းသို့မလုပ်ဆောင်ပါက လာမည့် အောက်တိုဘာ (၃) ရက်တွင် နိုင်ငံတ၀န်းရှိ သံဃာတော်အားလုံး သပိတ်မှောက်ကံဆောင်ရန် နှိုးဆော်ထားသည်။ ယင်းသို့ ကံဆောင်ရာတွင် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများလည်း သပိတ်မှောက်ကံဆောင်ပေးကြရန် စက်တင်ဘာ (၁၇) ရက်နေ့တွင် ထပ်မံလျှောက်ထားခဲ့သည်။

“ဦးဇင်းတို့ကတော့ ဆရာတော်တွေ တညီတညွတ်တည်းနဲ့ တာဝန်အရှိဆုံးဆိုပြီးတော့ လျှောက်တာပေါ့လေ။ တကယ်လုပ်ပေးဖို့ကတော့ ဆရာတော်တွေ သူတို့တာဝန်ကျေပွန်စွာနဲ့ ထမ်းဆောင်၏၊ မထမ်းဆောင်၏ဆိုတာတော့ ကျိန်းသေပြောလို့မရဘူးပေါ့။ တချို့ဆရာတော်ကြီးတွေကတော့ ထမ်းဆောင်ကြမယ်လို့ စကားအဖြစ်ရထားတာတွေတော့ ရှိတယ်ပေါ့” ဟု အရှင်ဣဿရိယက မိန့်ဆိုသည်။

ပတ္တနိက္ကုဇ္ဇနကံဆောင်မှု ပြုလုပ်သည်ဆိုရာတွင် တတိုင်းပြည်လုံးမှ ကျောင်းများအားလုံး၊ သံဃာတော်များအားလုံး တပြိုင်နက်တည်း သပိတ်မှောက်ကမ္မ၀ါစာကို ရွတ်ဆိုမှ အောင်မြင်ခြင်းမဟုတ်ဘဲ သိမ်တခု ကျောင်းတကျောင်းကျောင်းမှ သံဃာများက ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာများ ရွတ်ဆိုကာ သပိတ်မှောက်ကံဆောင်လိုက်သည်ကို ကျန်သံဃာများက အသိအမှတ်ပြုလိုက်ပါက အထမြောက်သည်ဟု အရှင်ဣဿရိယက ရှင်းလင်းမိန့်ဆိုသည်။

၎င်းက “တတိုင်းပြည်လုံးက သံဃာတော်တွေအကုန်လုံးက လိုက်ပြီးတော့မှ သပိတ်မှောက်ကမ္မ၀ါစာကို ရွတ်ဆိုမှ အောင်မြင်တာမဟုတ်ဘူး။ သိမ်ထဲမှာ သံဃာ (၄) ပါးနဲ့ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်လိုက်ပြီဆိုရင်ကို ကျန်တဲ့သံဃာတွေက သပိတ်မှောက်ကံဆောင်တာကို အသိအမှတ်ပြုလိုက်ရင် အထမြောက်သွားတယ်။ သံဃာလုပ်တဲ့ကံဖြစ်တဲ့အတွက်ကြောင့် မဖြစ်မနေ ကျန်သံဃာတွေက လိုက်နာရတယ်။ သံဃာ (၄) ပါးဆိုရင် သံဃာ့ကံဖြစ်သွားတယ်။ အကုန်လုံးက ဒီကံကို လေးစားလိုက်နာရတယ်။ ဒါကြောင့် မဖြစ်မနေ အဲလိုလုပ်ပြီးသွားလို့ မလိုက်နာရင် မြတ်စွာဘုရားရဲ့ဝိနည်းတော်ကို ချိုးဖောက်တဲ့အတွက်ကြောင့် အဲဒီမလိုက်နာတဲ့သံဃာက အပြစ်ရှိသွားတယ်” ဟု မိန့်ဆိုသည်။

နအဖစစ်အစိုးရက သံဃာတော်အပါး (၂၄၀) နှင့် သီလရှင် (၁၀) ပါးတို့အား အကျဉ်းထောင်ထဲတွင် ဖမ်းဆီးအကျဉ်းချထားပြီး ယခုလည်း သံဃာတော်များအား ဆက်လက် ဖမ်းဆီးမှုများရှိနေကြောင်း၊ အချို့သံဃာတော်များမှာ ကျောင်းတိုက်တွင်မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရပြီး လူဝတ်လဲကုန်ကြရသည်များ ရှိသဖြင့် သာသနာတော်ပျက်စီးဆုတ်ယုတ်လာသည့် အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း သံဃာ့တပ်ပေါင်းစုအဖွဲ့က ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သာသနာတော်တွင် အန္တရာယ်ကြုံတွေ့လာပါက မြတ်စွာဘုရားချမှတ်ထားသည့် ၀ိနည်းဒေသနာတော်နှင့်အညီ ပတ္တနိက္ကုဇ္ဇနကံဆောင် တားမြစ်ပိတ်ပင် ကာကွယ်ရမည်ဖြစ်သဖြင့် သပိတ်မှောက်ပွဲကို သာသနာတော်တွင် တာဝန်အရှိဆုံး ဆရာတော်ကြီးများကိုယ်တိုင် ဦးဆောင်ပါဝင်ကြရန် လျှောက်ထားတိုက်တွန်းထားသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။