Tuesday, September 22, 2009

ကိုကျော်ဇောလွင် အင်းစိန်ထောင်မှာ ညှဉ်းပန်းနှိပ်စက်ခံရ

ကိုကျော်ဇောလွင် အင်းစိန်ထောင်မှာ ညှဉ်းပန်းနှိပ်စက်ခံရ

2009-09-21 ( RFA)

အမေရိကန်နိုင်ငံသားဖြစ်နေတဲ့ ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကနေ သက်ဆိုင်ရာက စက်တင်ဘာ ၄ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁၇ရက်အကြာမှာမှ ရန်ကုန်မြို့ အမေရိကန် ကောင်စစ်ဝန်က အင်းစိန်ထောင်မှာ မနေ့က စက်တင်ဘာ ၂ဝရက်နေ့မှာ တွေ့ခွင့်ရရှိပါတယ်။

မြန်မာနိုင်ငံသို့ အသွား စက်တင်ဘာ ၃ ရက်နေ့က မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ပြီးနောက် စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသူ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏ ယခင် ဓာတ်ပုံတခု ဖြစ်ပါသည်။ (Photo: RFA)

ဒီအကြောင်းကို အမေရိကန်ပြည်ထောင်စု မေရီလင်းပြည်နယ်မှာ နေထိုင်နေတဲ့ ကိုညီညီအောင်ရဲ့ မိတ်ဆွေ မဝါဝါက ပြောပြပါတယ်။

မဝါဝါ။ ။ 'လေယာဉ်ကွင်းမှာ ဖမ်းသွားတာပေါ့နော်၊ အဲဒါက စက်တင်ဘာ ၃ ရက်နေ့၊ အခု ၁၇ ရက် ကြာပြီးတော့မှ စက်တင်ဘာ ၂ဝ ရက်နေ့ ကျမှ ပထမဦးဆုံးအကြိမ် ဒီ US counselor Colin Furst နဲ့ တွေ့ခွင့်ရခြင်း ဖြစ်ပါတယ်။ အင်းစိန်ထောင်မှာ ဖြစ်တယ်၊ မိနစ် ၄ဝ ကြာ စကားပြောခွင့် ရခဲ့ပါတယ်။'

ကိုညီညီအောင်က သူ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အကြောင်း အမေရိကန် ကောင်စစ်ဝန်ကို ပြောပြတယ်လို့လည်း ဆိုပါတယ်။

ကိုညီညီအောင်ဟာ ရှစ်လေးလုံး လူထုအုံကြွမှုမှာ ပါဝင်တဲ့အတွက် ထောင်ဒဏ်ချမှတ် ခံရဖူးပါတယ်။ နောက်ပိုင်း အမေရိကန်ကို ရောက်ရှိလာပြီး မြန်မာ့ဒီမိုကရေစီ လှုပ်ရှားနေရာက ၂ဝဝ၅ခုနှစ်ကစပြီး ထိုင်းနိုင်ငံမှာ အခြေစိုက် လှုပ်ရှားလာပါတယ်။

ကိုညီညီအောင်ဟာ မြန်မာနိုင်ငံ အကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှုမှာ ပါဝင်နေပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး တောင်းဆိုထားတဲ့ လက်မှတ်တွေကို ကုလသမဂ္ဂကို ပေးအပ်ဖို့ တခြားအဖွဲ့ဝင်တွေနဲ့ အတူ နယူးယောက်မြို့ကို ပြီးခဲ့တဲ့ ဇွန်လက ရောက်ရှိလာခဲ့ပါတယ်။

နယူးယောက် ရောက်ရှိခဲ့တုန်းက ကိုညီညီအောင်ဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၊ ကုလသမဂ္ဂဆိုင်ရာ သံအမတ်တွေနဲ့ ဥရောပ ကော်မရှင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

လောလောဆယ်မှာ ကိုညီညီအောင်မိခင် ဒေါ်စန်းစန်းတင်အပါအဝင် သူ့မိသားစုဝင် ၅ ဦးဟာ နိုင်ငံရေးအကျဉ်းသားတွေ အဖြစ် အကျဉ်းကျနေပါတယ်။

ကိုညီညီအောင်နဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင်က တင်ပြပေးပါမယ်။

အသံဖိုင်အား နားဆင်ရန် >>>>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။