Thursday, September 24, 2009

စစ်အစိုးရစွပ်စွဲတဲ့ ရခိုင်လူငယ်အဖွဲ့က မဟုတ်မှန်ကြောင်း ငြင်းဆို

စစ်အစိုးရစွပ်စွဲတဲ့ ရခိုင်လူငယ်အဖွဲ့က မဟုတ်မှန်ကြောင်း ငြင်းဆို

2009-09-24 (RFA)

မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ခံယူထားသူ ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို ဖမ်းဆီးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ အဖျက်အမှောင့် လုပ်ငန်းတွေကို လုပ်တဲ့ အဖွဲ့အဖြစ် စွပ်စွဲခံရတဲ့ ရခိုင်လူငယ်နဲ့ ကျောင်းသားများအဖွဲ့ AASYC က သူတို့နဲ့ ပတ်သက်ခြင်း မရှိကြောင်း ငြင်းလိုက်ပါတယ်။

မန်မာနိုင်ငံသို့ အသွား စက်တင်ဘာ ၃ ရက်နေ့က မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ပြီးနောက် စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသူ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏ ယခင် ဓာတ်ပုံတခု ဖြစ်ပါသည်။ (Photo: RFA)

စက်တင်ဘာလ ၂၃ရက်နေ့ညပိုင်း မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ ဖမ်းဆီးထားတာ သုံးပတ်ကြာပြီဖြစ်တဲ့ ကိုကျော်ဇောလွင် ခေါ်ကိုညီညီအောင်ကို ဆူပူမှုတွေဖြစ်အောင်လုပ်သူ အဖျက်အမှောင့် လုပ်ငန်းတွေ အတွက်နောက်ကွယ်က ဆောင်ရွက်သူအဖြစ် စွပ်စွဲထားပြီး ဖောက်ခွဲရေးလုပ်ငန်းတွေကို AASYC အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တယ်လို့ စစ်အစိုးရက ကြေညာသွားပါတယ်။ အဲဒီ အဖွဲ့က ကိုကျော်ဇောလွင် ကို ပုဂ္ဂိုလ်ရေးအရတောင် မသိပါဘူးလို့ ပြောပါတယ်။ AASYC အဖွဲ့က တွဲဖက်အတွင်းရေးမှူး-၁ ကိုကျော်ထွန်းက ခုလို ပြောပါတယ်။

ကိုကျော်ထွန်း။ ။ 'နှစ်ခုစလုံးပဲဗျ၊ ကျွန်တော်တို့ ကိုညီညီအောင်နဲ့ရော၊ ကျွန်တော်တို့ ဗုံးခွဲတဲ့အလုပ်ကိုရော ဘာမှ ပါဝင်ပတ်သက်မှု မရှိပါဘူး။ကျွန်တော်တို့က နအဖရဲ့ road map ကို အဆင့်တိုင်းမှာ ကျွန်တော်တို့ ဆန့်ကျင်ပါတယ်။ ပြီးခဲ့တဲ့ ဒီ referendum ကာလတုန်းကလည်း ကျွန်တော်တို့ ၂ဝဝ၈ ဖွဲ့စည်းပုံကိုလည်း ကျွန်တော်တို့ ဆန့်ကျင်ဖို့လည်း ကျွန်တော်တို့ လှုံ့ဆော်မှုတွေ ကျွန်တော်တို့ လုပ်ပါတယ်။ ပြည်သူတွေရဲ့ သဘောဆန္ဒ မပါပဲ နအဖ တဖက်သတ်လုပ်နေတဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာ ကျွန်တော်တို့က ဆန့်ကျင်ကြဖို့ ကျွန်တော်တို့ လှုံ့ဆော်တာ ရှိပါတယ်။ အဲဒီအပေါ်မှာ နအဖ စစ်အစိုးရအနေနဲ့ ဒါ ကျွန်တော်တို့ကို မကြိုက်တဲ့၊ မနှစ်မြို့တဲ့ အနေနဲ့ပေါ့နော် ကျွန်တော်တို့ကို မဲပြီးတော့မှ ဒီလူငယ်တွေကို ဒီတံဆိပ်ကပ်တာပေါ့ဗျာ။'

စစ်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ဟာ မြန်မာနိုင်ငံကို ၂ဝဝ၅ခုနှစ် နိုဝင်ဘာလက နေ ၂ဝဝ၉ခုနှစ်စက်တင်ဘာလအတွင်း ၈ကြိမ် သွားရောက်ခဲ့ပြီး အစိုးရဆန့်ကျင်ရေးလုပ်ငန်းတွေမှာ နောက်ကွယ်က ငွေကြေးထောက်ပံ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုကျော်ဇောလွင်ကို စစ်အစိုးရက စက်တင်ဘာလ ၃ရက်နေ့က ဗန်ကောက်မြို့ကနေ ရန်ကုန်ကို အသွား၊ မင်္ဂလာဒုံလေဆိပ်မှာ အဖမ်းဆီးခံရပြီး သုံးပတ်အကြာမှ ခုလို သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကိုကျော်ဇောလွင်ကို အမေရိကန်သံရုံးက တာဝန်ရှိတဦးနဲ့ တွေ့ဆုံခွင့်ပေးခဲ့ပြီး သံရုံးက ကိုကျော်ဇောလွင်ရဲ့ ဆွေမျိုးတွေထံ ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ သူ့ရဲ့အဒေါ်ဖြစ်သူကလည်း ကိုကျော်ဇောလွင်ဟာ စစ်ကြောရေးမှာ အနှိပ်စက်ခံရတယ်လို့ ပြောပါတယ်။

ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်နဲ့ ပတ်သက်တဲ့ ဦးတင်အောင်ခိုင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

သတင်းပေးပို့ချက်အား နားဆင်ရန် >>>>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။