Tuesday, September 22, 2009

ကိုမျိုးရန်နောင်သိမ်း ညှင်းပန်းခံခဲ့ရလို့ လမ်းမလျှောက်နိုင်တော့

ကိုမျိုးရန်နောင်သိမ်း ညှင်းပန်းခံခဲ့ရလို့ လမ်းမလျှောက်နိုင်တော့


2009-09-21 (RFA)


စက်တင်ဘာ ၁၈ ရက်နေ့က သံတွဲထောင်က လွတ်လာတဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုမျိုးရန်နောင်သိမ်းဟာ စစ်ကြောရေးကာလအတွင်း အာဏာပိုင်တွေရဲ့ ညှင်းပန်းနှိပ်စက် ခံခဲ့ရတာကြောင့် အာရုံကြောထိခိုက်သွားခဲ့ပြီး ထောင်ထဲမှာ ဆေးဝါးကုသမှုကို လုံလုံလောက်လောက် မရရှိခဲ့တဲ့အတွက် လမ်းမလျှောက်နိုင်တော့တဲ့ အခြေအနေ ရောက်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၂ဝဝ၇ခုနှစ် အောက်တိုဘာ ၂၃ရက်နေ့က တောင်းဆို ဆန္ဒပြနေသော မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

ကိုမျိုးရန်နောင်သိမ်းဟာ ၁၉၈၈ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့တဲ့အချိန်ကတည်းကစပြီး နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ ကျောင်းသားတဦးပါ။ ၁၉၉၆ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားတဦးအနေနဲ့ ဦးဆောင်လှုပ်ရှားခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး ထောင်ဒဏ် (၇)နှစ် ချမှတ်ခံခဲ့ရပါတယ်။ ထောင်ကလွတ်လာပြီးတော့လည်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့နဲ့အတူ နိုင်ငံရေးမှာ ဆက်လက် ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ် ၂ဝဝ၇စက်တင်ဘာ ရွှေဝါရောင်သံဃာလှုပ်ရှားမှုအပြီးမှာ ကိုမျိုးရန်နောင်သိမ်းဟာ ဒုတိယအကြိမ် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူအဖမ်းခံရပုံက အခြားသူတွေနဲ့မတူပဲ လူစည်ကားတဲ့နေရာမှာ အမည်မသိလူတွေက အတင်းဝင်ရောက်ရိုက်နှက်ပြီး ချုပ်နှောင် ခေါ်ဆောင်သွားခြင်းခံရတာ ဖြစ်ပါတယ်။

သူစတင်အဖမ်းခံခဲ့ရပုံနဲ့ စစ်ကြောရေးကာလအတွင်း အတွေ့အကြုံတွေကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်အား နားဆင်ရန် >>>>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။