Thursday, February 5, 2009

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ခရီးစဉ် အောင်မြင်မှုမရဟု NLD ပါတီ ဝေဖန်

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ခရီးစဉ် အောင်မြင်မှုမရဟု NLD ပါတီ ဝေဖန်
2009-02-04

NLD ပါတီက မစ္စတာဂမ်ဘာရီထံ တင်ပြတောင်းဆိုတဲ့ အချက်များကို စစ်အစိုးရက ငြင်းပယ်လိုက်တယ်လို့ ဖေဖော်ဝါရီ ၄ရက် ဒီကနေ့ စစ်အစိုးရသတင်းစာတွေမှာ ဖော်ပြချက်တွေကို ကိုးကားပြီး ဝေဖန်သူတွေက သုံးသပ်နေကြပါတယ်။


မြန်မာ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ယာ) က လက်ထောက် အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ အီဘရာဟင် ဂမ်ဘာရီ (ဝဲ) အား အထူးသံတမန်အဖြစ် တာဝန်ပေးအပ်ထားပါသည်။ (မှတ်တမ်းဓာတ်ပုံ) (Photo: AFP)

NLDပါတီက နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ပြည်သူ့ လွှတ်တော် ခေါ်ယူပေးရေးစတဲ့ အချက်လေးချက်ကို တောင်းဆိုခဲ့တာပါ။

ဒီအချက်တွေကို စစ်အစိုးရ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့က မစ္စတာဂမ်ဘာရီနဲ့ ဖေဖော်ဝါရီ ၃ရက် အင်္ဂါနေ့က တွေ့ဆုံစဉ်မှာ အကြောင်းပြချက်တွေ ပေးပြီး ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးရေးကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ဒေါ်အောင်ဆန်းစုကြည်ဘက်က နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုလိုက်သလို၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တရားရုံးတွေက ဥပဒေနဲ့အညီ စီရင် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူအများရဲ့ ဆန္ဒနဲ့ အတည်ပြုခဲ့တာလို့ ဖြေရှင်းသွားပါတယ်။

ဒီကနေ့သတင်းစာမှာ ဖော်ပြချက်နဲ့ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ခုလို ဝေဖန်ပါတယ်။

သခင်ချန်ထွန်း။ ။ “ကျွန်တော် နားလည်တာ သူ့ဟာက ဒီထဲမှာ သူတို့က demand လုပ်ထားတယ်လေ၊ သူတို့ လက်မခံနိုင်ဘူးဆိုတာကို၊ အဲဒါ ပြောထားတာတွေ တွေ့ရတာနဲ့။ အခုဟာက အစိုးရအနေနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၏ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားချက်ဆိုတာ မစ္စတာ ဂမ်ဘာရီကို ပြောတဲ့စကားကို ပြန်ပြောတဲ့အထဲမှာနော်၊ စာလုံးမဲကြီးနဲ့ ဒီမှာ လုပ်ထားတာ ၁၉၈၈ နောက်ပိုင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့သလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လိုအပ်တဲ့ အခြေခံအဆောက်အအုံ အားလုံးနီးပါးကို တည်ဆောက် ပုံဖော်ပေးနိုင်ခဲ့။ ဒါကတော့ ကိုယ်ပြောချင်ရာ ပြောလို့ရတဲ့ သဘောမျိုးနဲ့ ပြောတာတွေပဲ။ အားလုံးကတော့ ဒီစာတွေ ဖတ်ပြီးတော့ အဓိပ္ပာယ် နားလည်တဲ့လူတွေကတော့ မချိတင်ကဲ ပြုံးကြလိမ့်မယ်လို့ က္ဆွန်တော် ဒီလိုပဲ ယူဆတယ်။”

စစ်အစိုးရ သတင်းစာတွေမှာ ဖော်ပြချက်နဲ့ပတ်သက်ပြီး NLD ပါတီကလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ် အောင်မြင်မူမရ ဖြစ်သွားရတယ်လို့ ဝေဖန်ပါတယ်။ ဒါပေမဲ့ မစ္စတာဂမ်ဘာရီရဲ့ ဆောင်ရွက်ချက်တွေကိုတော့ အသိအမှတ်ပြုပါတယ်လို့ ဝေဖန်သွားပါတယ်။ မြန်မာနိုင်ငံမှာ လေးရက်ကြာ နေထိုင်ပြီး ပြန်လည် ထွက်ခွာသွားပြီး ဖြစ်တဲ့ မစ္စတာဂမ်ဘာရီဟာ အိန္ဒိယနိုင်ငံကို ထွက်ခွာသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲနေတာနဲ့ ပတ်သက်တဲ့ ညီလာခံကို တက်ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို မြန်မာနိုင်ငံမှာ တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေကို တင်ပြဖို့ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်အစိုးရသတင်းစာတွေမှာ ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး NLD ပါတီက ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။


>>ဆက်သွယ်မေးမြန်းချက် (နားဆင်ရန်)

RFA


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.rfa.org/burmese မှ ကူးယူ မျှဝေပါသည်။