Saturday, October 25, 2008

အောင်မြင်ရမည်ဟူသောစိတ်


ကိုယ့်ရှေ့ မှာ မနည်း ခေါင်းမော့ကြည့်ရသည့် မြင့်မားသော တန်းတခုကို တုတ်ရှည်တစ်ချောင်း အကူအညီဖြင့် လွှားခနဲ ခုန်ကျော်လိုက်သော အားကစားသမား၏ အောင်မြင်လှပသော စွမ်းရည်ပြကွက်ကို မြင်ဖူးကြပါလိမ့်မည်။
တုတ်ထောက်ခုန်သမား၏ အံ့ဖွယ်စွမ်းဆောင်ချက်အတွက် သူနှင့်အတူ အားရဂုဏ်ယူကာလက်ခုပ်သြဘာ ပေးကြပါလိမ့်မည် ။
တစ်ခါတစ်ရံတော့လည်း “ ဒါလောက်ကတော့ အံ့သြစရာ မဟုတ်ပါဘူးလေ၊ သူကခုန်နိုင်မှာပေါ့၊ ကျွမ်းကျင်သူပေကိုး ” ဟု တွေးမိတောင်တွေးမိပါလိမ်မည် ။
မှန်သည်။ သူသည်ကျွမ်းကျင်သူဖြစ်သည်။ သို့ သော် ကျွမ်းကျင်သူဖြစ်သဖြင့် ထိုသို့ သော် တန်းအမြင့်တွေကို အမြဲအလွယ်တကူ ကျော်လွှားနိုင်မည်ဟု ယူဆရပါမည်လား ။
မဟုတ်ပါ ။ သူလည်း အလွယ်တကူ ကျော်လွှားနိုင်ခဲ့ခြင်း မဟုတ်ပါ ။ ကျော်လွှားသည့် အကြိမ်တိုင်းပင် သူ့ စိတ်ထဲမှာ သည်တိုင်းကို ငါ ကျော်နိုင်ရမည် ဟူသော ထက်သန်ယုံကြည်မှု့  အပြည့်၊ လေ့ကျင့်ထားသည့် သူ့ ခြေထောက် သူ့ လက်မောင်း သူ့ ခေါင်း သူ့ ခါး များထဲမှာ တစ်မုဟုတ် ထုတ်လွှတ်မည့် စွမ်းအားများအပြည့် ရှိနေစမြဲဖြစ်သည် ။
သည်စွမ်းအားတွေ၏ ရုတ်တရက် ပေါက်ကွဲတွန်းလွှတ်အားဖြင့်ပင် တုတ်ထောက်သည့် သူ့ အား တန်းအပေါ် ကျော်သည်အထိ လေထဲသို့  ပစ်တင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည် ။
တန်းကိုကျော်လွှားနိုင်သည့် အကြိမ်တိုင်းပင် သူသည် စိတ်ဓါတ်အားအပြည့်၊ ကာယအားအပြည့် စိုက်ထုတ်ခဲ့ရမြဲဖြစ်သည် ။
အားတစ်ခုခု လျော့သည်နှင့် တစ်ပြိုင်နက် သည်တန်းကို သူမကျော်နိုင်တော့ ။

စာရေးသူ ။ ။ ဖေမြင့်
တင်ပြသူ ။ ။ နော်မန်