Wednesday, October 22, 2008

အမေရိကန်သမ္မတကတော် လော်ရာဘုရှ်နှင့် စီအန်အန်သတင်းထောက် မစ္စဇိန်းဗားဂျီး တွေ့ဆုံမေးမြန်းခန်းမှ မြန်မာနိုင်ငံဆိုင်ရာကောက်နုတ်ချက်



မေး။ ။ မြန်မာနိုင်ငံကိစ္စကို စပြီ်းပြောကြပါစို့။ မြန်မာနိုင်ငံအပေါ်ကို နိုင်ငံတကာကနေ ဘယ်လိုဖိအားမျိုးတွေ ချမှတ်ကျင့်သုံး တာကို တွေ့မြင်လိုပါသလဲ။

မစ္စဘုရှှ်ှ််။ ။ ကျမအနေနဲ့ နိုင်ငံအားလုံးက ဖိအားပေးတာကို မြင်တွေ့လိုပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက ဗိုလ်ချုပ်သန်းရွှေနဲ့ တခြားဗိုလ်ချုပ်တွေအပေါ်မှာ ဖိအားပေးမှုမျိုးကို တကယ်အားထုတ်ကြိုးစားတာကို မြင်လိုပါတယ်။

မေး။ ။ ဘယ်လိုမျိုး အားထုတ်တာမျိုးကို ဆိုလိုတာပါလဲ။
မစ္စဘုရှ်။ ။ သူတို့အနေနဲ့ ဖိအားပေးတဲ့နေရာမှာ ဘဏ္ဍာရေးနဲ့ စီးပွားရေး နည်းလမ်းတွေ သုံးလို့ရပါတယ်။ သူတို့ဟာ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ အကြီးဆုံး ကုန်သွယ်ဖက်တွေ ဖြစ်ကြပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာရဲ့ ကုန်သွယ်ဖက်နိုင်ငံကြီးတခု ဖြစ်ပြီး အဲဒီအချက်ဟာ စစ်အစိုးရကို ပိုပြီးခိုင်မာစေတာပါ။ မြန်မာဗိုလ်ချုပ်တွေဟာ ကျောက်မျက်ရတနာတွေကို ပြည်ပကို ရောင်း ချတယ်။ မြန်မာနိုင်ငံဟာ သဘာဝသယံဇာတအင်မတန်ပေါကြွယ်တဲ့နိုင်ငံပါ။ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေရှိတယ်။ ကျွန်းသစ် အပါအ၀င် သစ်မျိုးစုံ အမြောက်အမြားကို မြန်မာနယ်စပ်ကိုဖြတ်ပြီး တရုတ်ထဲကို ရောင်းချနေတယ်။ မြန်မာနိုင်ငံကို ဖိအားပေးဖို့ ကိစ္စဟာ နိုင်ငံအားလုံးအတွက် သိပ်ကိုအရေးကြီးတယ်လို့ ကျမယူဆပါတယ်။ အဲဒီကိစ္စဟာ အကောင်းဆုံးနည်းလမ်းလို့လည်း ယူဆပါတယ်။
ကျမတို့ အမေရိကန်နိုင်ငံက မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ သူတို့အုပ်စုကို တိုက်ရိုက်ဦးတည်တဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုအပါအ၀င် ပိတ်ဆို့ မှုတွေ ချမှတ်ထားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကနေ ဘယ်လိုကျောက်မျက်မျိုးမှ အမေရိကန်ဈေးကွက်ထဲသို့ တင်သွင်းတာကို အရေးယူတားမြစ်တဲ့ JADE Act ဥပဒေအသစ်ကို သမ္မတက မကြာသေးမီကဘဲ လက်မှတ်ထိုး အတည်ပြုလိုက်ပါပြီ။

မေး။ ။ ဟုတ်ပါပြီ။
ှမစ္စဘုရှ်။ ။ ဘယ်လိုပဲဖြစ်ဖြစ် ကျောက်မျက်ရောင်းဝယ်တဲ့ လုပ်ငန်းရှင်ကြီးတွေ၊ ကုမ္ပဏီကြီးတွေနဲ့ အလှပြင်ဆင်သူတွေကတော့ မြန်မာနိုင်ငံကလာတဲ့ ကျောက်မျက်တွေကို မသုံးကြတော့ပါဘူး။

မေး
။ ။ ဒီနည်းနဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် စီးပွားရေးအရ ဖိအားပေးနိုင်မယ်ဆိုတဲ့သဘောလား။
မစ္စဘုရှ်။ ။ အကယ်၍ သူတို့အနေနဲ့ အဲဒီလိုမျိုး စီးပွားရေးအရ ဖိအားပေးနိုင်မယ်ဆိုရင် တကယ်ထိရောက်မှာပါ။ မြန်မာဗိုလ်ချုပ်တွေဟာ တရုတ်နဲ့ အိန္ဒိယကနေရတဲ့ ငွေတွေနဲ့ သူတို့ကိုယ်သူတို့ ကျားကန်ထားပြီး တရားဝင်ဖြစ်အောင်လုပ်နေ တာပါ။

မေး။ ။ သမ္မတကတော်အနေနဲ့ ပြည်ပရောက်နေတဲ့ (မြန်မာ) ဘုန်းတော်ကြီးတပါးနဲ့ စကားပြောခွင့်ရခဲ့တယ်နော်။
မစ္စဘုရှ်။ ။ ဟုတ်ပါတယ်။

မေး။ ။ အဲဒီဘုန်းကြီးထံကနေ ဘာတွေ သိခဲ့ပါသလဲ။ ဘာတွေပြောခဲ့ကြလဲ။ ဒီနေ့ လက်ရှိအခြေအနေကရော ဘာတွေဖြစ်နေလဲ နည်းနည်းပြောပြပေးပါ။
မစ္စဘုရှ်။ ။ အဲဒီဦးဇင်းဟာ အမေရိကန်နိုင်ငံမှာ မကြာခင်ကမှ ဒုက္ခသည်အဖြစ်ခိုလှုံခွင့်ရတဲ့ ရဟန်းငယ်တပါးပါ။ ပြီးခဲ့တဲ့ တနှစ် သောင်္ကြာနေ့က ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် ဖြိုခွင်းတာကို ခံခဲ့ရတဲ့ ရွှေဝါရောင်ဆန္ဒထုတ်ဖော်လှုပ်ရှား မှုမှာ ပါဝင်ခဲ့သူပါ။ သူ့အနေနဲ့ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာသိနိုင်ဖို့ နိုင်ငံတကာအသိုင်းအ၀န်းတခုလုံးက မြန်မာနိုင်ငံကိစ္စ ကြည့်စေချင်တယ်။
ကုလသမဂ္ဂကလည်း (မြန်မာနိုင်ငံကို) ကိုယ်စားလှယ် တကြိမ်မက လွှတ်ပြီးပါပြီ။ ဘန်ကီမွန်းကိုယ်တိုင်လည်း သွားခဲ့ပြီးပါပြီ။ သူက ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ ဖိအားတွေ ဒီထက်ပိုပြီးပေးစေချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေဟာ ကြာမြင့်နေပါပြီ။ ၁၉၉၀ ခု ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က အနိုင်ရခဲ့တယ်။ အဲဒီနောက် ချက်ချင်းဆိုသလို သူတို့ရဲ့ခေါင်းဆောင် အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချလိုက်တယ်။ အဲဒီအချိန်ကစပြီး အကျယ်ချုပ် ခဏခဏခံနေရတယ်။ ပြီးတော့ အဲဒီရွေးကောက်ပွဲနောက်ပိုင်း မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေလည်း တကြိမ်မျှ ဖော်ပြခွင့် မရတော့ပါဘူး။

မေး။ ။ မြန်မာစစ်အစိုးရက အာဏာကို မြဲမြဲကိုင်ထားတာဆိုတော့ကာ ခုန သမ္မတကတော် စကားပြောခဲ့တဲ့ ဦးဇင်းလေးအနေနဲ့ အရာအားလုံးကို အကောင်းမြင်တဲ့သဘောရှိပါသလား။
မစ္စဘုရှ်။ ။ ဟုတ်ပါတယ်။ မြန်မာစစ်အစိုးရဟာ အာဏာကို မြဲမြဲ ကိုင်ထားနိုင်ပါတယ်။ မြန်မာနိုင်ငံ ရောက်လာတဲ့အကူအညီတွေ၊ ဆိုက်ကလုန်းမုန်တိုင်းအပြီး မြန်မာနိုင်ငံရောက်လာတဲ့ အကူအညီတွေနှစ်မျိုးလုံး နောက်ဆုံး စစ်အစိုးရ အကျိုးစီးပွားအတွက် ဖြစ်ကုန်တယ်လေ။ ဘာလိုလဲဆိုတော့ ပြည်သူတွေကလည်း ဒီအကူအညီတွေနဲ့ အစိုးရက သူတို့ကို ကူနေသလို ဒီအကူအညီတွေကပဲ စစ်အစိုးရကို သက်ဆိုးရှည်အောင် ပံ့ပိုးပေးနေတယ်လို့ မြင်နေကြတယ်။

မေး။ ။ မြန်မာနိုင်ငံအရေးကို စိတ်ဝင်စားပြီး လှုပ်ရှားဖို့ ဖြစ်လာရတာ ဘယ်လိုအကြောင်းကြောင့်ပါလဲ။
မစ္စဘုရှ်။ ။ အောင်ဆန်းစုကြည်အကြောင်းကို ကျမ ပထမဆုံး လေ့လာခဲ့ပါတယ်။ သူဟာ ကျမ လေ့လာခဲ့တဲ့ အမျိုးသမီးတဦးပါပဲ။ သူရေးတဲ့ Freedom From Fear ဆိုတဲ့ စာအုပ်ကိုဖတ်ပြီးတော့ သူ့ကိုသဘောကျမိတယ်။ သူ့ကိုထောက်ခံတဲ့ အမျိုးသမီးတွေ အမေရိကန်မှာအများကြီးပဲ၊ ကျမမိတ်ဆွေတောင်ပါတယ်။ အဲဒီအထဲမှာ ကျမရဲ့ ၀မ်းကွဲဆွေမျိုးတယောက်တောင်ပါတယ်။
အဲဒီမိတ်ဆွေတွေဆီကနေ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အရင်လေ့လာခဲ့ပါတယ်။ သူ့အကြောင်း ပိုပြီးလေ့လာလေ မြန်မာနိုင်ငံအကြောင်း ပိုသိလေ ပိုပြီးစိတ်ပျက်လေပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အရှေ့တောင်အာရှမှာ အရင်ကဆို မြန်မာနိုင်ငံကို စပါးကျီတခုလို့ တင်စားကြတယ်။ ပြီးတော့ မြန်မာနိုင်ငံဟာ စဉ်းစားတွေး ခေါ်ဥာဏ်မြင့်တယ်၊ ပညာတတ်တွေပေါတယ်။ ဒါပေမယ့် ခုချိန်မှာ အဲဒီလိုမဟုတ်တော့ဘူး။ အထူးသဖြင့် ဗိုလ်ချုပ်တွေက တက္ကသိုလ်ကျောင်းသားတွေ စုဝေးမှာကြောက်ပြီး တက္ကသိုလ်တွေအပါအ၀င် စာသင်ကျောင်းတွေကို ပိတ်ပစ်ခဲ့လို့ အိမ်တွေမှာပဲ လေ့လာနေရတယ်။
တိုင်းပြည်ကတော့ အဖက်ဖက်ကနေ ယိုယွင်းပျက်စီးနေပြီ။ တချိန်မှာ ဗိုလ်ချုပ်တွေ တဖြည်းဖြည်းနဲ့ သွားကျမှာပဲ။ သူတိုသွားပြီဆိုရင် ပြည်သူတွေလည်း တဖြည်းဖြည်းနဲ့ ကိုယ့်ဆန္ဒကို ထုတ်ဖော်ခွင့်ရလာမှာပါ။ ပြီးရင်တော့ ပြည်သူတွေ သူတို့တိုင်းပြည်ကို အစကနေ ပြန်တည်ဆောက်ကြရမှာပါ။ တာလီဘန်ခေတ်ပြီးတဲ့နောက် အာဖဂန်နစ္စတန်ကို ပြန်ထူထောင်ရသလိုမျိုးပေါ့။

မှတ်ချက် ။ ။ ခေတ်ပြိုင်..... မှ ကူးယူတင်ပြပါ၏ ။