Wednesday, March 16, 2011

တိုကျို မြန်မာသံရုံး အကူအညီပေးမှု အားနည်း

People being tested for radiatation exposure in Koriyama city near  the damaged Fukushima nuclear center Tuesday
ဓါတ်ပုံ - AP

ဂျပန်နိုင်ငံတွင်း ငလျင်နဲ့ ဆူနာမီ သင့်ခဲ့တဲ့ ဒေသတွေနဲ့ အခု ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို အခြေအနေကြောင့် စိုးရိမ်ရတဲ့ ဒေသတွေမှာ ရောက်နေကြတဲ့ တရုတ်လူမျိုးတွေကို တရုတ်အစိုးရ ကယ်ထုတ်ဖို့ ဆောင်ရွက်နေပြီလို့ ဘေကျင်းမြို့မှာရှိတဲ့ ဗွီအိုအေ သတင်းထောက် ပီတာ စင်မ်စန် (Peter Simpson) က သတင်းပို့ထားပါတယ်။ ဖူကူရှီးမား နျူကလီးယားစက်ရုံမှာ နျူကလီးယား လောင်စာချောင်းတွေ အရည်ပျော်ပြီး ဓာတ်ပေါင်းဖို ပျက်စီးနိုင်ခြေ စိုးရိမ်ချက်ဟာ နျူကလီးယားစွမ်းအင် အစီအစဉ်တွေ တိုးချဲ့ဖို့ လုပ်နေတဲ့ တရုတ်နိုင်ငံအတွက်လည်း ဆင်ခြင် သုံးသပ်စရာ ဖြစ်လာတယ်လို့ သူက ပြောပါတယ်။

ရေဒီယို ဓာတ်သတ္တိ သင့်နိုင်တဲ့ အန္တရာယ်ရှိတဲ့ နေရာတွေမှာ ရှိနေတဲ့ တရုတ်လူမျိုးတွေကို အဲဒီနေရာတွေကနေ ဘတ်စ်ကားတွေနဲ့ ကယ်ထုတ်ပေးတာတွေကို တိုကျိုမှာရှိတဲ့ တရုတ်သံရုံးက ဆောင်ရွက်ပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဂျန်ယု (Jing Yu) က ပြောပါတယ်။ ဂျပန်မှာရှိတဲ့ တရုတ်သံရုံးဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ပေးနိုင်ရေး နည်းလမ်းတွေ မရပ်မနား ရှာဖွေ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

အဲဒီနေရာတွေ ရောက်နေတဲ့ တရုတ်လူမျိုးတွေကို အကူအညီပေးနိုင်ဖို့ ကယ်ဆယ်ရေး အဖွဲ့တွေကိုလည်း Counselor ရုံးကနေ စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။ တရုတ်အစိုးရပိုင် Air China လေယာဉ်တွေကိုလည်း ရေဒီယို ဓာတ်သတ္တိကြွမှုတွေ ရှိနေပြီဆိုတဲ့ သတင်းနောက်ပိုင်းကစလို့ တရုတ်ကနေ တိုကျိုကို ပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပါတယ်။

ဂျပန်ရောက် မြန်မာတွေ အခြေအနေကလည်း အခြားဂျပန်တွေလိုပါပဲ၊ နေ့နေ့ညည စိုးရိမ်မှုတွေနဲ့ နေနေကြရပါတယ်။ မြန်မာသံရုံးကလည်း ငလျင်ဖြစ်ဖြစ်ချင်း ကတည်းက ပိတ်ထားပြီး မနေ့ နေ့လယ်ပိုင်းကမှ ပြန်ဖွင့်ပါတယ်။ နဂိုကတည်းက ဆက်သွယ် အကူအညီတောင်းဖို့ ခက်တဲ့ မြန်မာသံရုံးဟာ ဂျပန်မှာရှိနေတဲ့ မြန်မာတွေကို အကူအညီပေးနိုင်ဖို့ အတော်လေး အားနည်းနေတယ်လို့ တိုကျိုမြို့က မြန်မာတဦးဖြစ်တဲ့ ကိုဘုန်းမြင့်ထွန်းက ပြောပါတယ်။

“မနေ့ နေ့လယ်က သံရုံးကို ကျနော်တို့ သွားကြည့်တယ်။ အဲဒီအခါကျတော့ သူတို့ သံရုံးတံခါးတောင် မဖွင့်ပေးဘူး။ ပြီးတော့ Hot Line နံပါတ်ကိုလည်း ဆက်ကြည့်တော့ ဖုန်းကိုင်မယ့်လူ မရှိဘူး ဖြစ်နေတယ်။ ကျနော်မြင်တာတော့ သံရုံးဆောင်ရွက်မှု အပိုင်းကို နည်းနည်း အားနည်းသေးတယ်လို့ မြင်ပါတယ်။”

တရုတ်နိုင်ငံကတော့ ဂျပန်မှာရှိတဲ့ သူ့လူမျိုးတွေ ဘေးဒုက္ခဖြစ်လာရင် ကယ်ထုတ်နိုင်ဖို့ဆိုပြီး စီစဉ်နေပါပြီ။ အဲဒီတော့ ဂျပန်မှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေ၊ အကယ်၍ ဘေးဥပါဒ် တစုံတရာ ရှိလာမယ်ဆိုရင် ဘာတွေလုပ်ကြဖို့ အစီအစဉ် ရှိပါလဲခင်ဗျ။

“ကျနော်တို့တော့ စုပေါင်းပြီး အစုအဖွဲ့ လုပ်ထားတာ ရှိတယ်လေ။ အဲဒီကနေ အနီးကပ်ဆုံး တိုင်ပင် ဆောင်ရွက်ပြီးတော့ လုပ်ဆောင်သွားဖို့အတွက် တိုင်ပင်ထားပါတယ်။ ပြန်တယ်လို့တော့ ကြားနေရပေမဲ့ တိတိကျကျတော့ ဘယ်နှစ်ယောက် ပြန်တယ်ဆိုတာ ပြောလို့မရသေးဘူး။ ဒါပေမဲ့ ပြန်တယ်ဆိုရင်လည်း ကျနော်တို့ တိုင်းပြည်ထက်စာလို့ရှိရင်တော့ ဒီနိုင်ငံမှာက အလုပ်အကိုင်လေး ဘာလေး ရနေသေးတော့ မပြန်ကျတဲ့သူက ပိုများပါတယ်။ မပြန်နိုင်တဲ့လူတွေ ပိုများပါတယ်။”

လက်ရှိ ခန့်မှန်းချေအားဖြင့် ဂျပန်နိုင်ငံမှာ မြန်မာလူမျိုး ဘယ်လောက်လောက် ခန့်မှန်းထားပါလဲခင်ဗျ။

“၃၀,၀၀၀ နဲ့ ၄၀,၀၀၀ နီးပါးလောက်တော့ ရှိပါတယ်။ တိုကျိုမှာတော့ အဓိက ၂၀,၀၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။”

ကျန်တဲ့သူတွေက ဘယ်နေရာတွေမှာ များပါလဲ။

“ကျန်တဲ့သူတွေက အိုဆာကာနဲ့ နာဂိုယာဘက်မှာ ပိုများတယ်။ နောက်ပြီး ကျူရှူးဘက်မှာ ပိုများတယ်။ မြောက်ပိုင်းဘက်မှာ နေတဲ့သူကတော့ တော်တော်နည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာသီဥတုလည်း ဆိုးဝါးတယ်။ အဲဒီတော့ သိပ်မနေကြဘူး။”

အခု ဖူကူရှီးမား နျူကလီးယား ရေဒီယို သတ္တိကြွတာတွေ ဖြစ်နေတယ်လို့ ကြားရပါတယ်။ အကယ်၍ အန္တရာယ် ကြီးလာမယ်၊ တိုကျိုဘက်မှာလည်း တစုံတရာ လှန့်လာမယ့် အခြေအနေမျိုးဖြစ်ရင် ဘာလုပ်ကြဖို့ အစီအစဉ် ရှိပါလဲခင်ဗျ။

“သေချာတော့ သင်တန်းတွေ ပေးနေပါတယ်။ တီဗွီတွေကနေပြီးတော့ သေချာရှင်းပြတယ်။ ရေဒီယို သတ္တိကြွမှုတွေက အခု ဘယ်လောက်ရောက်နေပြီဆိုတာ သေချာရှင်းပြတယ်။ ဂျပန်စကား နားမလည်တဲ့ သူတွေတောင် နားလည်နိုင်အောင် သူတို့ ရုပ်ပုံတွေနဲ့ သေချာ ရှင်းပြနေပါတယ်။ အပြင်ထွက်ရင် တကိုယ်လုံးကို လုံလုံခြုံခြုံထုပ်ပြီး သွားရမယ်။ ပြန်လာတာနဲ့ အဲဒီ အ၀တ်အစားတွေကို လွှင့်ပစ်ရမယ်။ အဲဒါမျိုးတွေကအစ၊ နောက်ပြီးတော့ မိုးရွာရင် လုံးဝ မိုးအစိုမခံဖို့အတွက် သူတို့ တော်တော် ညွှန်ကြားနေပါတယ်။

“ဖြစ်လာရင် အားလုံး စုပေါင်းပြီးတော့ ရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတဲ့ အလေ့အထ တခုတော့ ကျနော်တို့ ရထားပါတယ်။ နျူကလီးယား ထိတ်လန့်မှုနဲ့ ငလျင်ထိတ်လန့်မှု ၂ ခုစလုံး ကြုံနေရတဲ့ အခါကျတော့ တိုကျိုမှာရှိတဲ့ ဂျပန်လူမျိုးတွေကရော၊ မြန်မာလူမျိုးတွေရော တော်တော် အထိတ်ထိတ် အလန့်လန့်နဲ့ နေနေကြရပါတယ်။”

တိုကျိုမှာရှိတဲ့ တိုကျို မြန်မာသံရုံး ၀က်ဘ်ဆိုက်ဒ်မှာတော့ မနေ့ ၁၅ ရက်နေ့ နေ့လယ်ပိုင်းကစလို့ ရုံးလုပ်ငန်းတွေ ပုံမှန် အလုပ်လုပ်နေပြီလို့ ကြေညာပါတယ်။ ဒါပေမဲ့ ဘာကြောင့် သံရုံးပိတ်ထားခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ငလျင်လှုပ်ခတ်ချိန် လိုက်နာဆောင်ရွက်သင့်တဲ့ အခြေအနေများကို ကြေညာပေးထားပြီး ပြီးခဲ့တဲ့ ငလျင်ကာလနောက်ပိုင်း တယ်လီဖုန်းလိုင်းတွေ မကောင်းတာကြောင့် မြန်မာလူမျိုးတွေကို ကိုယ်တိုင် ဆက်သွယ်လို့ မရခဲ့ဘူးလို့လည်း အဲဒီဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် အရေးပေါ် အကူအညီ လိုအပ်ရင်လည်း ဆက်သွယ်နိုင်တဲ့ ဖုံးနံပါတ် ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံတွင်းက မြန်မာနိုင်ငံသားတွေထဲမှာ အစိုးရ အစီအစဉ်နဲ့ တရားဝင် လာကြတဲ့ ကျောင်းသားတွေ၊ ၀န်ထမ်းတွေအပြင် အလုပ်လာလုပ်ကြသူတွေလည်း ရှိပါတယ်။ အလုပ်လုပ်သူ ဂျပန်ရောက် မြန်မာအများစုကတော့ ဂျပန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်နဲ့ နေသူတွေ ဖြစ်ကြပါတယ်။


နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Monday, March 14, 2011

ဂျပန် နျူကလီးယား စိုးရိမ်မှုကြောင့် ၂၀၀,၀၀၀ နီးပါး ဘေးလွတ်ရာ တိမ်းရှောင်

Officials in protective gear near the Fukushima Daiichi nuclear plant, in Koriyama, March 13, 2011

ဂျပန်နိုင်ငံက နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ ပျက်စီးမှုကြောင့် ရေဒီယို သတ္တိကြွဓာတ်တွေ ပျံ့နှံ့မှာကို စိုးရိမ်ကြတဲ့ ဂျပန်နိုင်ငံသား ၁၇၀,၀၀၀ ကျော်ဟာ သူတို့အိုးအိမ်တွေကို စွန့်ခွာ ထွက်သွားနေကြပါတယ်။

နျူကလီးယား ဓာတ်အားပေးစက်ရုံ တရုံနားက ဖူတာဘေးမြို့လေးမှာ နေထိုင်သူတွေ ဝေးရာကို ရွှေ့ပြောင်းနေကြချိန်မှာပဲ ဓာတ်ရောင်ခြည် အဆိပ်သင့်ခဲ့သူ ဒါဇင်နဲ့ချီပြီး ရှိနေတယ်လို့ ဒေသ တာဝန်ခံတွေက ပြောပါတယ်။ ရာနဲ့ချီတဲ့ ဒေသခံတွေကို ဓာတ်ရောင်ခြည် အဆိပ်သင့်မသင့် စစ်ဆေးပေးနေပါတယ်။

သောကြာနေ့က ငလျင်ကြီးနဲ့အတူ ဆက်တိုက်လှုပ်ခတ်ခဲ့တဲ့ ဆင့်ကဲ ငလျင်ဒဏ်တွေကြောင့် အဏုမြူ ဓာတ်ပေါင်းဖိုတွေက အအေးပေးစက်တွေ ချို့ယွင်းခဲ့ပြီး တက်လာတဲ့ အပူချိန် ကျစေဖို့ စက်ရုံတာဝန်ခံတွေ ကသုတ်ကရက် ကြိုးပမ်းခဲ့ကြရပါတယ်။ အပူရှိန်ကြောင့် တက်လာတဲ့ ဓာတ်ပေါင်းဖိုတွေက ဖိအားတွေ ကျလာစေဖို့ ပင်လယ်ရေသွင်းပြီး အေးအောင် လုပ်ခဲ့ကြရပါတယ်။

အခုလို ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ ပျံ့နှံ့မှာ စိုးရိမ်နေရသလို ဂျပန်နိုင်ငံ အရှေ့ဘက်တလွှားမှာရှိတဲ့ အခြား လျှပ်စစ်ဓာတ်အားပေး ဓာတ်ပေါင်းဖိုတွေကိုလည်း ပိတ်ထားရမယ့် အခြေအနေ ရှိနေပါတယ်။ လျှပ်စစ်ဓာတ် မလောက်ငမှုကြောင့် မီးဖြတ်ဖို့ ရှိတယ်လို့လည်း လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီတွေက သတိပေးကြပါတယ်။

ဂျပန်နိုင်ငံမှာ အခုကြုံတွေ့ခဲ့ရတဲ့ သဘာဝ ဘေးအန္တရာယ်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ ကျော်သွားပြီ ဖြစ်သလို သန်းနဲ့ချီတဲ့ လူထုဟာလည်း ရေနဲ့ အစားအသောက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အခုကြုံတွေ့ခဲ့ရတဲ့ ငလျင်တွေနဲ့ ဆက်တိုက်ကြုံရတဲ့ ဆူနာမီ ရေလှိုင်းတွေရဲ့ဒဏ်ကို ခံခဲ့ကြရတဲ့ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တဲ့နောက်ပိုင်း အကြီးမားဆုံး စိန်ခေါ်မှုတရပ်ကို ရင်ဆိုင်နေရကြောင်း ဂျပန်ဝန်ကြီးချုပ် နာအိုတို ခန် (Naoto Kan) က နိုင်ငံတော် ရုပ်သံကနေ ကြေညာပါတယ်။

ဒုက္ခသည်စခန်းတွေမှာ နေနေရတဲ့ သူတွေအတွက် တတိယနေ့အဖြစ် ရုတ်တရက် ထိုးကျသွားတဲ့ အအေးဒဏ်ကိုလည်း ခံစားနေကြပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Sunday, March 13, 2011

ဂျပန်ငလျင်နဲ့ ဆူနာမီကြောင့် သေဆုံးသူ သောင်းဂဏန်းအထိ ရှိနိုင်

ငလျင်ဒဏ်ကြောင့် အပျက်အစီးများကြား မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်။

ငလျင်ဒဏ်ကြောင့် အပျက်အစီးများကြား မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်။ မတ် ၁၃၊ ၂၀၁၁။

ဂျပန်နိုင်ငံမှာ သောကြာနေ့က လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မီယာဂီ (Miyagi) ခရိုင်တခုအတွင်းမှာတင် သေဆုံးသူ အရေအတွက်ဟာ ၁၀,၀၀၀ ကျော်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ၀န်ကြီးချုပ် နာအိုတို ခန် (Naoto Kan) ကလည်း သေဆုံးသူ အရေအတွက်ဟာ ဒီ့ထက် ထပ်တိုးနိုင်တယ်လို့ ပြောပါတယ်။

တနင်္ဂနွေနေ့က ကျိုဒို သတင်းဌာနက တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ လောလောဆယ် သေဆုံးသူ၊ ဒါမှမဟုတ် ပျောက်ဆုံးသူ အရေအတွက်ဟာ ၂,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ လူပေါင်း ၂၁၀,၀၀၀ ကျော်လည်း အရေးပေါ် ကယ်ဆယ်ရေးဌာနကို ပို့ထားရတယ်လို့ ရဲက ပြောပါတယ်။

ဒီအတောအတွင်း ဒီငလျင်ဒဏ်ဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဂျပန်နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး ပြဿနာ အခက်အခဲ ဖြစ်တာကြောင့် ပြည်သူလူထု အနေနဲ့ ဒီအခက်အခဲကို ကျော်လွှားနိုင်ရေးအတွက် ညီညွတ်ကြဖို့ ၀န်ကြီးချုပ် နာအိုတို ခန်က တိုက်တွန်းလိုက်ပါတယ်။

သောကြာနေ့က တိုကျိုမြို့ မြောက်ပိုင်းမှာ ငလျင်လှုပ်ပြီးနောက်ပိုင်း နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ ပျက်ဆီးမှု ရှိခဲ့တဲ့အပေါ် အင်ဂျင်နီယာတွေက စစ်ဆေးနေတဲ့ ကာလအတွင်း လျှပ်စစ်မီး ပြတ်တောက်မယ့် အလားအလာ ရှိနေတာကိုလည်း တနင်္ဂနွေညက တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ၀န်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း ပြည်သူလူထုရဲ့ စွန့်လွှတ် အနစ်နာခံမှုက တိုင်းပြည်ရဲ့ အနာဂတ်အတွက် အဆုံးအဖြတ် ပေးလိမ့်မယ်လို့လည်း ၀န်ကြီးချုပ်က သူ့မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။

ဒီအတောအတွင်း ဖူကူယာမာ (Fukuyama) နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ အအေးဓာတ်ပေးတဲ့ စက်ထဲကို အင်ဂျင်နီယာတွေက ပင်လယ်ရေတွေ စုပ်ထည့်နေတယ်လို့ ဂျပန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ မနေ့က စနေနေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဲဒီ ဓာတ်အားပေးစက်ရုံရဲ့ ပြင်ပနံရံတွေ ပျက်ဆီးသွားခဲ့ပေမဲ့ ပင်မကိုယ်ထည်ကြီးကတော့ ဒီအတိုင်းပဲ ရှိနေသေးတာကြောင့် အတွင်းပိုင်းမှာ ဘယ်တိုင်းအတာအထိ ပျက်ဆီးတယ်ဆိုတာ ကျွမ်းကျင်သူတွေ သိနိုင်ဖို့ အခက်အခဲနဲ့ ကြုံနေရပါတယ်။

အစောပိုင်းတုန်းကတော့ စက်ရုံအပြင်မှာ ရေဒီယို ဓာတ်သတ္တုကြွ ဓာတ်တွေဟာ သတ်မှတ်စံချိန်ထက် အဆပေါင်း ၄၀၀ လောက် များနေတာကို တွေ့ရတယ်လို့ အစိုးရက ပြောပါတယ်။ အဲဒီလို ရေဒီယို ဓာတ်သတ္တု ယိုထွက်လာတာကြောင့် အနည်းဆုံး လူပေါင်း ၁၉ ယောက်လောက် ရေဒီယို ဓာတ်သတ္တုတွေနဲ့ ထိတွေ့ခဲ့ပြီး အဲဒီအရေအတွက်ဟာ ၁၆၀ လောက်အထိ ရှိကောင်းရှိနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။


နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

၂၃ နှစ်မြောက် ဘုန်းမော်နေ့ ကျောင်းသားတပ်မတော်၏ ကြေညာချက်




source by : http://www.absdf8888.org

အပြည့်အစုံ ဖတ်ရန် ...

Friday, March 4, 2011

ပြည်သူ့ တော်လှန်ရေး

တော်လှန်ရေးတရပ် အောင်မြင်မှုရှိရန်အတွက် တော်လှန်ရေးအလားအလာ၊ တော်လှန်ရေး အခြေအနေ၊ ဦးဆောင်မှုနှင့် အဖွဲ့အစည်း၊ လူထုထောက်ခံအားပေးမှု စသည်တို့အပြင် စစ်မျက်နှာအားလုံးကို ပေါင်းစပ်တိုက်ပွဲဝင်မှုမှာလည်း အလွန်အရေးကြီးလှသည်။ ပြည်သူ့တော်လှန်ရေး ဆင်နွှဲရာတွင် စစ်မျက်နှာ တခုတည်းကိုသာ အာရုံစိုက်၍ မရပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးနှင့် နိုင်ငံတကာရေးရာ စစ်မျက်နှာအားလုံးတွင် ဘက်ပေါင်းစုံမှ ပြင်ဆင်တည်ဆောက် တိုက်ပွဲဝင်နိုင်မှသာ အောင်မြင်နိုင်သည့် ရာခိုင်နှုန်း မြင့်မားပါသည်။


တော်လှန်ရေး အလားအလာ

လူ့အဖွဲ့အစည်း၏ စီးပွားရေးအခြေအနေ ယိုယွင်းလာသည့် အချိန်အခါ (သို့မဟုတ်) အစိုးရအုပ်ချုပ်ရေး ယန္တရားများ လျော့ရဲနေသည့် အချိန်အခါ (သို့မဟုတ်) အစိုးရအပြောင်းအလဲများ ဖြစ်ပွားနေသည့် အချိန်အခါများတွင် တော်လှန်ရေးတရပ် ပေါ်ထွက်လာနိုင်သည့် အခွင့်အခါကောင်းနှင့် အလားအလာများ ရှိလာတတ်သည်။

မြန်မာနိုင်ငံတွင် အဆိုပါ တော်လှန်ရေးအလားအလာများ တည်ရှိနေပါသည်။ စီးပွားရေးအခြေအနေ ပျက်စီးမှု၊ ငွေကြေးဖောင်းပွမှု၊ လာဘ်ပေးလာဘ်ယူမှု၊ လူလတ်တန်းစား အရေအတွက် လျော့နည်းမှု၊ ရာဇ၀တ်မှုများ ထူပြောမှု၊ တိုင်းရင်းသား ပြည်သူများအား နှိပ်စက်ညှဉ်းပမ်းမှု စသည်တို့အပြင် အာဏာရှင် ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော အတုအယောင်လွှတ်တော်ဖြင့် ရွှေရည်စိမ်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပြုလုပ်နေချိန် ဖြစ်ရာ အာဏာရှင်အစိုးရအတွင်း အာဏာလုပွဲ အခင်းအကျင်းများဖြင့် ဒေါက်တိုင်ယန္တရားများ လျော့ရဲနေသည့် အချိန်အခါ ဖြစ်ပါသည်။

ယင်းသို့ တော်လှန်ရေး အလားအလာများ တည်ရှိပါက တော်လှန်ရေးအခြေအနေများ ပေါ်ထွက်လာရန် လိုအပ်ပါသည်။


တော်လှန်ရေး အခြေအနေ


တော်လှန်ရေးတရပ် ပေါ်ထွက်လာနိုင်သည့် အခြေအနေများမှာ

လူမှုအသင်းအပင်း အဖွဲ့အစည်းများ ပေါ်ထွက်လာခြင်း

မိမိတို့ ဘ၀ရပ်တည်ရေးနှင့် တိုးတက်ရေးကို အုပ်ချုပ်ရေးစနစ်က ဟန့်တားနေကြောင်း သိမြင်သူ များပြား လာခြင်း၊
စနစ်ကို ပြောင်းလဲရမည်ဟူသော အသိတရားများ ပြန့်ပွားလာခြင်း၊
အစိုးရအုပ်ချုပ်ရေး ယန္တရားများ ဖရိုဖရဲ ဖြစ်ခြင်း
အစိုးရဒေါက်တိုက် အဖွဲ့အစည်းများအတွင်း ပြောင်းလဲမှုလိုလားသူနှင့် မလိုလားသူများ အုပ်စုကွဲနေခြင်း
ရဲ၊ စစ်တပ်၊ ထောက်လှမ်းရေး စသည်တို့တွင် တာဝန်ထမ်းဆောင်သူများမှ တော်လှန်ရေး အင်အားစုများနှင့် ချိတ်ဆက် ပေါင်းစည်းလာခြင်း
စသည်တို့ ဖြစ်သည်။

မြန်မာပြည်သူလူထုသည် မိမိတို့၏ ဘ၀ ရပ်တည်ရေးနှင့် ဘ၀တိုးတက်ရေးကို စစ်အာဏာရှင်စနစ်က ချုပ်ချယ်ကန့်သတ်ထားကြောင်း သိမြင်ပြီး၊ အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်မှသာ ပြည်သူတရပ်လုံး၏ ဘ၀တိုးတက်သာယာ အေးချမ်းလာမည် ဖြစ်ကြောင်းကိုလဲ နားလည်ယုံကြည်ထားကြပါသည်။ စစ်အုပ်စုဘက်တွက်လည်း အုပ်ချုပ်ရေးယန္တရားများ ဖရိုဖရဲဖြစ်ခြင်း၊ အာဏာရှင်အသိုင်းအ၀ိုင်းအတွင်း အုပ်စုများ ကွဲနေခြင်း၊ မကျေမနပ်ဖြစ်မှုများ တိုးပွားနေခြင်း စသည်များ ဖြစ်ပွားနေပြီး တော်လှန်ရေးတရပ် ပေါ်ထွက်လာရန် အခြေအနေများက တောင်းဆိုလျက်ရှိပါသည်။


ဦးဆောင်မှုနှင့် တော်လှန်ရေးအဖွဲ့အစည်း


တော်လှန်ရေးတရပ်ကို အခြေအနေက တောင်းဆိုလာချိန်တွင် တော်လှန်ရေးဦးဆောင်မှုနှင့် တော်လှန်ရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးလာပါသည်။ တော်လှန်ရေးဦးဆောင်မှု ဆိုရာတွင် ဦးဆောင်မှု သဘောသဘာဝကို သိရှိနားလည်ရန် လိုအပ်ပါသည်။ တော်လှန်ရေးတိုင်းတွင် တိုက်ပွဲများစွာ ပါဝင်လေ့ရှိပြီး၊ တိုက်ပွဲများစွာတွင်းမှ ခေါင်းဆောင်များစွာ ပေါ်ထွက်လာလေ့ ရှိပါသည်။ ယင်းသို့ ခေါင်းဆောင်များ အမြောက်အမြား ပေါ်ထွက်လာခြင်းမှာ ယေဘုယျအားဖြင့် ကောင်းမွန်သော်လည်း ရှေ့ပိုင်းတိုက်ပွဲ ခေါင်းဆောင်များကို နောက်ပိုင်းမျိုးဆက်များက အလွန်အကျွံ မှီခိုအားထားခြင်း၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်း ၊ ခေါင်းဆောင်များ ကွဲပြားမှုပေါ်မူတည်၍ ဂိုဏ်းဂဏ ကွဲပြားခြင်း စသည့် ဆိုးကျိုးများလည်း ဖြစ်ပွားစေတတ်ပါသည်။ ပို၍ ဆိုးသည်မှာ ရှေ့ပိုင်းတွင် ပေါ်ထွက်ခဲ့သော တိုက်ပွဲအစဉ်အဆက်မှ ခေါင်းဆောင်များကသာ တိုက်ပွဲများကို ဆက်လက်ဦးဆောင်ဖော်ထုတ်ရန် နောက်ပိုင်းမျိုးဆက်များမှ အားကိုးတကြီး မျှော်လင့်ချက် ထားရှိခြင်း ဖြစ်ပြီး၊ တိုက်ပွဲများ ဆက်လက် ပေါ်ထွက်ရေးသည် လက်ရှိတိုက်ပွဲ ခေါင်းဆောင်များ၏ တာဝန်ဟုသာ မှတ်ယူသွားခြင်း ဖြစ်လေသည်။ အဆိုပါအခြေအနေတွင် တော်လှန်ရေး မျိုးဆက်ပေါင်းကူးတံတား ကျိုးပျက်သွားသည်ဖြစ်ရာ အာဏာရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရေးကို ထောက်ကူပေး လိုက်သကဲ့သို့ ဖြစ်သွားတတ်ပါသည်။

သို့ဖြစ်ရာ တိုက်ပွဲများကသာ ခေါင်းဆောင်များကို မွေးဖွားလေ့ရှိသည် ဟူသော တော်လှန်ရေးဦးဆောင်မှု သဘောသဘာဝ နှင့်အညီ တိုက်ပွဲများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးကိုသာ ဦးတည်ကြိုးပမ်းကြရန် လိုအပ်ပါသည်။ အဆိုပါ သဘောသဘာဝကို လက်တွေ့မကျင့်သုံးနိုင်ပါက ရှိပြီးသား ခေါင်းဆောင်များအပေါ်တွင် ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်း၊ ဂိုဏ်းဂဏ ခွဲခြားခြင်း၊ ခေါင်းဆောင်ရှာခြင်း၊ ခေါင်းဆောင်မျှော်ခြင်း၊ မျှော်လင့်ထားသလို ခေါင်းဆောင်က မပြုလုပ်နိုင်သည့်အခါ အပြစ်ဖို့ ဝေဖန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှေ့ပိုင်းမျိုးဆက် ခေါင်းဆောင်များကလဲ မိမိတို့က တိုက်ပွဲများကို ဦးဆောင်ဖန်တီးရမည်ဟု ထင်မြင်နေခြင်း စသည့် စိတ်ကြွ၊ စိတ်ကျ သံသရာတွင် လည်နေပြီး၊ တော်လှန်ရေးမှာလဲ ကျည်ဆန်ရှိလျက်နှင့် ပစ်၍မရသော သေနတ်စုတ်ကြီးကဲ့သို့ ဖြစ်နေတတ်ပါသည်။ သို့ဖြစ်ရာ တိုက်ပွဲများ စဉ်ဆက်မပြတ်ပေါ်ထွက်ရေးသည်သာ တော်လှန်ရေး၏ ပကတိ လိုအပ်ချက်ဖြစ်ကြောင်း သိရှိနားလည်ရန် လိုအပ်ပါသည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်လဲ ဤအချက်မှာ ထင်ရှားနေပါသည်။ တောင်သူလယ်သမား အရေးတော်ပုံကို ဆရာစံက ဦးဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းအချိန်က နိုင်ငံရေးခေါင်းဆောင်များမှာ ခွဲရေး၊ တွဲရေး အငြင်းပွား၍ တကွဲတပြား ဖြစ်နေကြပါသည်။ ဆရာစံကလဲ အဆိုပါ နိုင်ငံရေးခေါင်းဆောင်များ၏ တိုက်ပွဲခေါ်သံကို မစောင့်ခဲ့ပါ။ ဒုတိယကျောင်းသား သပိတ်ကိုလဲ ကျောင်းသားခေါင်းဆောင်များက ဦးဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ အခြားနိုင်ငံရေး အဖွဲ့အစည်းများနှင့် ဆက်စပ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ရှိသော်လည်း ကျောင်းသားခေါင်းဆောင်များကသာ တိုက်ပွဲခေါ်ခဲ့ခြင်း ဖြစ်ပါသည်။

ထောင့်သုံးရာပြည့် အရေးတော်ပုံကိုလဲ အလုပ်သမားခေါင်းဆောင်များက ဦးဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ နယ်ချဲ့တော်လှန်ရေးတွင် ခေါင်းဆောင်များမရှိ၍၊ ခေါင်းဆောင်များ ကွဲပြားနေ၍၊ ခေါင်းဆောင်များက တိုက်ပွဲခေါ်သံ မပေး၍ စသော အကြောင်းပြချက်များဖြင့် သခင်အောင်ဆန်းတို့ လက်မှိုင်ချ ထိုင်နေခဲ့ခြင်း မရှိပါ။ ရှေ့မှ နိုင်ငံရေးခေါင်းဆောင်ကြီးများက တမတ်သားအာဏာရရ၊ တပဲသားအာဏာရရ၊ ရရင်ပြီးရော သဘောဖြင့် လက်ဝါးလေးတွေ ကိုယ်စီဖြန့်ကာ နယ်ချဲ့တို့ထံ တောင်းရမ်းနေကြချိန်တွင် လွတ်လပ်ရေးကို တောင်းယူ၍ မရ၊ တိုက်ယူမှ ရမည်ကို သိနားလည်သော မျိုးဆက်သစ်များက နယ်ချဲ့တော်လှန်ရေးကို ဦးဆောင်သွားခဲ့ကြပါသည်။

တော်လှန်ရေးအဖွဲ့အစည်း၏ သဘောသဘာဝမှာလည်း တော်လှန်ရေးဦးဆောင်မှု သဘောသဘာဝ ကဲ့သို့ပင် ဖြစ်ပါသည်။ တော်လှန်ရေးတရပ်ကို တော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲသော အဖွဲ့အစည်းများက ဦးဆောင်မှသာ တော်လှန်ရေးအရှိန် မြင့်မားလာမည် ဖြစ်ပါသည်။ နိုင်ငံရေးလုပ်ရာတွင် နည်းပရိယာယ်မျိုးစုံ အသုံးပြုရန် လိုအပ်ကြောင်း အချို့က ဆိုတတ်ကြပါသည်။ သို့ရာတွင် ပြတ်သားသော လမ်းစဉ်တခုတည်းကိုသာ တောင်းဆိုလာသည့် အခြေအနေ၊ အချိန်အခါများလဲ ရှိနေတတ်ပါသည်။

မိမိဝယ်ယူလိုက်သော ခြံထဲတွင် ယိုယွင်းနေသော အိမ်တလုံး ရှိနေပါက ယင်းအိမ်ကို ဖြိုချပြီး အသစ်ဆောက်မည် (သို့မဟုတ်) ပြုပြင်မွမ်းမံမည် ဆိုသည့် ဆုံးဖြတ်ချက်တခုတည်းကိုသာ မဖြစ်မနေ ချမှတ်ရပါသည်။ ဖြိုချရာတွင် အသုံးပြုရမည့် ကိရိယာတန်ဆာပလာများနှင့် ပြုပြင်မွမ်းမံရာတွင် အသုံးပြုရမည့် ကိရိယာတန်ဆာပလာများ တူညီခြင်း မရှိပါ။ နံရံဖြိုလိုက်၊ ပြတင်းပေါက် ဆေးသုတ်လိုက် လုပ်နေလို့ မရပါ။ ယင်းသို့ လုပ်နေပါက အချိန်၊ လုပ်အား နှင့် ပေးဆပ်ရင်းနှီးမှုများ အလဟဿ ဖြစ်ရုံသာ ရှိပါလိမ့်မည်။ အိမ်အသစ်လဲ မရ၊ အိမ်အဟောင်းလဲ မပြိုပဲ အိမ်ရာစီမံကိန်းများမှာလဲ နှစ်ပေါင်းများစွာ ကြာနေပေလိမ့်မည်။ နိုင်ငံတခုတွင် တည်ရှိနေသော နိုင်ငံရေးအဆောက်အအုံသည် ဖြိုချပြီးမှ အသစ်ပြန်လည်တည်ဆောက်ရန် လိုအပ်ပါက တော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲပြီး တော်လှန်ရေးတရပ် မလွဲမသွေ ဆင်နွှဲကြရမည်ပင်ဖြစ်သည်။

မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ကြီးစိုးလာခဲ့သော နိုင်ငံရေးအဆောက်အအုံမှာ စစ်အာဏာရှင်စနစ်ကို ဘီလူးအသွင်ဖန်တီးလိုက်၊ မင်းသားအသွင်ဖန်ဆင်းလိုက်ဖြင့် ဆေးရောင်မျိုးစုံခြယ်သကာ အသက်သွင်းထားသော နိုင်ငံရေး အဆောက်အအုံဖြစ်ပါသည်။ ဤအဆောက်အအုံ၏ အခြေခံအုတ်မြစ်တွင် စေ့စပ်ညှိနှိုင်းဆွေးနွေးရေး အုတ်မြစ်မရှိ၊ ဗိုလ်ကျအနိုင်ယူရေးသာ ရှိပါသည်။ တောင်းဆိုမှုများကို လိုက်လျောပေးရေး ဟူသော အုတ်မြစ်မရှိ၊ အာဏာတည်မြဲရေး အုတ်မြစ် သာရှိပါသည်။ သင့်မြတ်ရေးဟူသော အုတ်မြစ်မရှိ၊ ဖယ်ရှားရေး ဟူသော အုတ်မြစ် သာရှိပါသည်။ ညီညွတ်ရေး ဟူသော အုတ်မြစ်မရှိ၊ အဆုံးသတ်ချေမှုန်းရေး ဟူသော အုတ်မြစ်သာ ရှိပါသည်။

ယင်းသို့ စေ့စပ်ဆွေးနွေးရေး၊ သင့်မြတ်ရေး၊ ညီညွတ်ရေးတို့အပေါ်တွင် အခြေခံထားခြင်းမရှိသော နိုင်ငံရေးအဆောက်အအုံကို ဆေးသုတ်ပြီး မွမ်းမံပြင်ဆင်၍ မရပါ။ ဖြိုချပြီး အုတ်မြစ်အသစ် ပြန်ချမှသာ ရနိုင်ပါသည်။ သို့ဖြစ်ရာ စေ့စပ်ဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး ဟူသော အုတ်မြစ်များ ချနိုင်ရန် အာဏာရှင်နိုင်ငံရေးအဆောက်အအုံကို ကနဦးဖြိုချကြရမည် ဖြစ်ပါသည်။ တနည်းဆိုသော အမျိုးသားပြန်လည်သင့်မြတ်ရေး ပန်းတိုင်ကို ဦးတည်သော တော်လှန်ရေးလမ်းစဉ်ကို ပြတ်ပြတ်သားသား ကိုင်စွဲရန် တော်လှန်ရေးအလားအလာနှင့် အခြေအနေက ပြဌာန်းတောင်းဆိုထားပြီး ဖြစ်ပါသည်။

ယင်းတော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲသော တော်လှန်ရေးအဖွဲ့အစည်းများက ဦးဆောင်မှသာ တော်လှန်ရေး အောင်မြင်နိုင်သည့် ရာခိုင်နှုန်း များပြားသည် ဖြစ်ရာ အဆိုပါ တော်လှန်ရေးအဖွဲ့အစည်းများ အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ပေါ်ထွက်လာရန် လိုအပ်လှပါသည်။ တော်လှန်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းရာတွင် လူထု၊ လူတန်းစား အလွှာအသီးသီးအကြားတွင် စိမ့်ဝင်ပျံ့နှံ့နေသော Grass – root infrastructure လိုအပ်ပါသည်။ တော်လှန်ရေးဟူသည် ပိုစတာကပ်ခြင်း၊ စာရွက်စာတမ်း ဖြန့်ဝေခြင်း၊ အခမ်းအနားများ ကျင်းပခြင်း စသည်တို့ကိုပင် ဆိုလိုခြင်း မဟုတ်ပါ။ ဤသည်တို့မှာ တော်လှန်ရေးတရပ် စတင်ရန် စည်းရုံးလှုံ့ဆော်မှု၏ အစိတ်အပိုင်းတရပ်သာ ဖြစ်ပါသည်။

လူထုလူတန်းစား အလွှာအသီးသီးကြားတွင် စိမ့်ဝင်ပျံ့နှံ့နေသော Grass- root infrastructure မရှိပါက အာဏာရှင်တို့ဘက်က တော်လှန်ရေးတိုက်ပွဲများကို အချိန်အနည်းငယ်အတွင်း ထိန်းချုပ်သွားနိုင်သည်ဖြစ်ရာ လှုပ်ရှားမှုတခုကိုပင် ဦးစားပေးဖော်ဆောင်၍ မရ၊ ရေရှည်မြှုပ်နှံ- ပြင်ဆင်တည်ဆောက်မှုကို မလွဲမသွေ ပြုလုပ်ရန် လိုအပ်သည်။ လူ့အဖွဲ့အစည်း၏ အလွှာစုံ၊ ကဏ္ဍစုံတွင် တော်လှန်ရေး၏ ခြေတံ၊ လက်တံများ စိမ့်ဝင် ပျံ့နှံ့နေစေရန် လှုပ်ရှားအဖွဲ့ငယ်များအား မြေအောက်ယူဂျီ သဏ္ဍာန်၊ နိုင်ငံရေးဦးဆောင်မှု ကော်မတီများအား ဒေါင်လိုက်သဏ္ဍာန်၊ မဟာမိတ်ဆက်ဆံရေးနှင့် ပူးတွဲလှုပ်ရှားမှုများတွင် အလျားလိုက် ကွန်ယက် ချိတ်ဆက်မှုသဏ္ဍာန်များနှင့် သတင်းအချက်များ ရှာဖွေစုဆောင်းရေးအတွက် circuit သဏ္ဍာန်တို့ကို အသုံးပြုရန် လိုအပ်သည်။

တော်လှန်ရေးအဖွဲ့အစည်းများ ချိတ်ဆက်တည်ဆောက်မှုတွင် centralization စနစ်ကို အသုံးပြုခြင်းမှာ ကွဲပြားခြားနားမှု နည်းသော နိုင်ငံရေး အခြေအနေများအတွက် သင့်လျော်သော်လည်း၊ နိုင်ငံရေး အဖွဲ့အစည်းများ အများအပြားရှိနေသော နိုင်ငံရေးအခြေအနေများတွင်မူ အခက်အခဲများစွာ ပေါ်လာ တတ်ပါသည်။ လေး-ငါးဖွဲ့ ပေါင်းလိုက်၊ တဖွဲ့ တည်ထောင်လိုက်၊ ဆယ်ဖွဲ့ ကွဲလိုက်၊ ပြန်စုစည်းလိုက် သံသရာတွင် ညီညွတ်ရေး တည်ဆောက်မှုဟူသော ခေါင်းစဉ်ဖြင့် တလည်လည် ဖြစ်နေတတ်ပါသည်။ ယင်းသို့ မဖြစ်စေရန် Decentralization စနစ်ကို တိုက်ပွဲကြားတွင် အသုံးပြု၍ ညီညွတ်ရေး တည်ဆောက်ရမည်ဖြစ်သည်။

ရည်မှန်းချက်နှင့် လမ်းစဉ်တူညီသော အဖွဲ့အစည်းများအကြားတွင် ညီညွတ်ရေးတည်ဆောက်ပြီးမှ တော်လှန်ရေး ဆင်နွှဲရန် ကြိုးပမ်းခြင်းထက် ဘုံရန်သူကို ၀ိုင်းဝန်းချေမှုန်းသည့် တိုက်ပွဲကြားတွင် ညီညွတ်ရေး တည်ဆောက်ရန် ကြိုးပမ်းခြင်းက ပိုမိုထိရောက်မည်ဖြစ်သည်။ မိတ်ဆွေစစ်ကို အခက်အခဲကြားတွင်သာ တွေ့နိုင်ပါသည်။ တိုက်ပွဲမရှိပဲ တည်ဆောက်ထားသော ညီညွတ်ရေးသည် တိုက်ပွဲကြားတွင် ခိုင်ခံ့နေမည်ဟု မည်သူတပ်အပ် ပြောနိုင်ပါအံ့နည်း။

တော်လှန်ရေးအဖွဲ့အစည်းများအတွက် အခြားလိုအပ်ချက်တရပ်မှာ တော်လှန်ရေးမီဒီယာ ဖြစ်သည်။ အဆိုပါ တော်လှန်ရေးမီဒီယာသည် ရှင်းလင်းပြတ်သားသော တော်လှန်ရေးအမြင်နှင့် သဘောတရားများကို လူထုအကြားသို့ ပို့ဆောင်ပေးနိုင်မည့် မီဒီယာဖြစ်ရမည်။ လူထုနှင့် တော်လှန်ရေးအင်အားစုများအကြား ပေါင်းကူးပေးနိုင်မည့် မီဒီယာ ဖြစ်ရန် လိုအပ်သည်။ အချို့က မီဒီယာသည် ဘက်မလိုက်ရ ဟု ဆိုကြသည်။ တော်လှန်ရေးအလားအလာ၊ အခြေအနေများ မရှိပဲ လူထုနှင့် အစိုးရ တသားတည်းကျနေသော နိုင်ငံများအတွက်တော့ ဤအဆိုမှာ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်၊ သဘောတရားအရ မှန်ကန်လှပါသည်။ သို့ရာတွင် လူထုက အဖိနှိပ်ခံ၊ အစိုးရက ဖိနှိပ်သူ ဖြစ်နေရသည့် နိုင်ငံများအတွက်တော့ ဤအဆိုမှာ ရေနစ်သူ၊ ၀ါးကူထိုးသကဲ့သို့ပင်ဖြစ်သည်။ တိုင်းပြည်၏ မီဒီယာကို ဖိနှိပ်သူ အစိုးရက ထိန်းချုပ်ထားချိန်တွင် အဖိနှိပ်ခံပြည်သူတို့ဘက်မှ ဘက်လိုက်ရပ်တည်သော၊ တော်လှန်ရေးအင်အားစုများဘက်မှ ဘက်လိုက် ရပ်တည်သော တော်လှန်ရေးမီဒီယာများ မရှိပါက ပြည်သူ့အသံကို မည်သူက ကိုယ်စားပြုမည်နည်း။

အထက်ပါ လိုအပ်ချက်များအပြင် အရေးကြီးသော လိုအပ်ချက်တရပ်မှာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်ပါသည်။ လူထုလှုပ်ရှားမှုများ အရှိန်မြင့်နေချိန်တွင် လက်နက်ကိုင်တော်လှန်ရေးနှင့် ပေါင်းစပ်တိုက်ပွဲဝင်ခြင်း မရှိပါက လူထုလှုပ်ရှားမှုများသည် အာဏာရှင်တို့၏ ပစ်မှတ်အလယ်ဗဟို တည့်တည့်သို့ ရောက်သွားတတ်သည်။ ထိုပစ်မှတ်များ ပျံ့ကျဲလာစေရန် လက်နက်ကိုင်တော်လှန်ရေးနှင့် ပေါင်းစပ်ဖြည့်ဆည်း ပေးရမည်ဖြစ်သည်။ အာဏာရှင်တို့က လာတိုက်မှသာ ခုခံကာကွယ်ရေးကို ဆိုလိုခြင်း မဟုတ်။ လူထုတိုက်ပွဲ အရှိန်တက်နေချိန်တွင် ထိုးစစ်များဆင်နွှဲ၍ အားဖြည့်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အဓိကရည်မှန်းချက်မှာ စစ်ရေးအရ အောင်ပွဲမဟုတ်။ တော်လှန်ရေး အရှိန်မြှင့်တင်ရေး ဖြစ်သည်။


လူထုထောက်ခံအားပေးမှု


တော်လှန်ရေးတရပ်တွင် လိုအပ်ချက် အများအပြားရှိသည် မှန်သော်လည်း၊ အရှုံးအနိုင်ကို အဆုံးအဖြတ် ပေးသည်မှာ လူထုပင် ဖြစ်သည်။ လူထုထောက်ခံအားပေးမှု မရှိသော၊ လူထုနှင့် ကွင်းဆက်ပြတ်နေသော မည်သည့်တော်လှန်ရေးမဆို ကျဆုံးရေးသို့ ဦးတည်ပေလိမ့်မည်။ ခေါင်းဆောင်များနှင့် စည်းရုံး လှုံ့ဆော်သူ များသည် လူထု၏ ယဉ်ကျေးမှုဆိုင်ရာ၊ လူမှုရေးရာ၊ စီးပွားရေးရာ လိုအပ်ချက်များကို အာရုံစိုက်ရန် လိုအပ်သည်။ပြည်တွင်း၊ ပြည်ပ တော်လှန်ရေးအင်အားစုများနှင့် လူထုက တသားတည်း ဟန်ချက်ညီမှသာ တော်လှန်ရေး အောင်မြင်ပေလိမ့်မည်။

တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထု တရပ်လုံးတွင် clear vision of revolution မရှိလာသည့် ကာလတလျှောက်လုံး မည်သို့သော တော်လှန်ရေးမှ အောင်မြင်မည်မဟုတ်။ ဤ အချက်ကို အင်အားစုများ သတိပြုရန်လိုသည်။ တော်လှန်ရမည် ပြောလိုက်၊ တောင်းဆိုရမည် ပြောလိုက်၊ တိုက်ရမည် ပြောလိုက်၊ ခေါင်းငုံ့ခံ၍ အာဏာရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်ရမည် ပြောလိုက်နှင့် အတွေးအခေါ်များ ရှုပ်ထွေးနေသော တော်လှန်ရေးတရပ်တွင် မည်သို့သော လူထုက အပြည့်အ၀ ထောက်ခံအားပေးမှုနှင့် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်မှု (Full support and collaboration) ကို ပေးမည်နည်း။


တော်လှန်ရေးစစ်မျက်နှာများ


ဆဲလ်ဖွံ့ဖြိုးမှု ဖြစ်စဉ်တွင် central core မှာ nucleus ဖြစ်ပြီး၊ cytoplasm region တွင် nucleus ကို ၀န်းရံထားသော segments များ ရှိပါသည်။ တော်လှန်ရေး စစ်မျက်နှာများတွင် nucleus မှာ နိုင်ငံရေးစစ်မျက်နှာ (political battlefront) ဖြစ်ပြီး၊ ပြင်ပ segments များတွင် အတွေးအခေါ်စစ်မျက်နှာ၊ လူမှု-စီးပွား စစ်မျက်နှာ၊ စစ်ရေး စစ်မျက်နှာနှင့် နိုင်ငံတကာ စစ်မျက်နှာများ ပါဝင်ပါသည်။ အဆိုပါ စစ်မျက်နှာများတွင် လူ၏ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုများ၊ ယုံကြည်ချက်များ၊ ခံယူချက်များနှင့် သက်ဆိုင်သော အတွေးအခေါ် စစ်မျက်နှာသည် တော်လှန်ရေး၏ အခြေခံအုတ်မြစ် ဖြစ်ပါသည်။

လူမှု-စီးပွား စစ်မျက်နှာမှာ လူ၏ နှလုံးသားနှင့် သက်ဆိုင်သည်ဖြစ်ရာ နိုင်ငံရေးစစ်မျက်နှာမှတဆင့် အတွေးအခေါ်စစ်မျက်နှာနှင့် လူမှု-စီးပွားစစ်မျက်နှာများကို အသုံးပြု၍ တော်လှန်ရေး လှုပ်ရှားမှုများသို့ ဦးတည်ရမည် ဖြစ်သည်။ စစ်ရေး စစ်မျက်နှာမှာ အဆုံးသတ်စစ်ရေးအောင်ပွဲကို ဦးတည်နိုင်ခြင်း မရှိစေကာမူ အခြားသော စစ်မျက်နှာများကို ပံ့ပိုးရန်အတွက် မဖြစ်မနေ ရှိသင့်သည့် စစ်မျက်နှာဖြစ်သည်။ နိုင်ငံတကာ စစ်မျက်နှာမှာ အာဏာရှင်အစိုးရနှင့် အာဏာရှင်ရုတ်သေးအစိုးရများကို ပြင်ပမှ ဖိအားပေးရန် ဖြစ်သည်။ အဆိုပါ စစ်မျက်နှာအားလုံးတွင် ဘက်ပေါင်းစုံမှ ပြင်ဆင်တည်ဆောက် တိုက်ပွဲဝင်နိုင်မှသာ အောင်မြင်နိုင်သည့် ရာခိုင်နှုန်း မြင့်မားပါမည်။


နိဂုံး


တော်လှန်ရေး အလားအလာများ တည်ရှိပါက တော်လှန်ရေး အခြေအနေများ ပေါ်ထွက်လာရန် လိုအပ်ပါသည်။ တော်လှန်ရေးတရပ်ကို တော်လှန်ရေး အခြေအနေများက တောင်းဆိုနေချိန်တွင်လည်း တော်လှန်ရေး ဦးဆောင်မှုနှင့် တော်လှန်ရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးလှပါသည်။

တော်လှန်ရေးနှင့် လူထုတသားတည်း ဖြစ်စေရန်လည်း လိုအပ်သကဲ့သို့ စစ်မျက်နှာ အားလုံးတွင် ဘက်ပေါင်းစုံမှ ပြင်ဆင်တည်ဆောက် တိုက်ပွဲဝင်နိုင်မှုမှာလဲ ပြည်သူ့တော်လှန်ရေးအတွက် အရေးပါလှပါကြောင်း တင်ပြအပ်ပါသည်။


ခင်မမမျိုး (၃၊ ၃၊ ၂၀၁၁)

အပြည့်အစုံ ဖတ်ရန် ...

Thursday, March 3, 2011

ဂူဂဲလ် ဂြိုလ်တု မြန်မာနိုင်ငံ ၏ ဝေဟင် ပိုင်နက် အထက်တွင် ရောက်ရှိ

ဂျက်ဖရီ၊ ၊မြန်မာ နိုင်ငံ တွင် ပြည်သူ လူထု ၏ ဒီမိုကရေစီ နှင့် လွတ်လပ်မှု အတွက် လူထု အုံကြွ မှုများဖြစ်လာပါက အင်တာနက် ဆက်သွယ်မှု များ ပြတ်လပ် မှု မရှိရန် အတွက် အမေရိကန် အခြေစိုက်ဂူဂဲလ် အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီ မှာ ဂြိုလ် တု တစ်လုံးသည် အင်ဒိုနီးရှား နိုင်ငံ၏ကောင်းကင်ယံ မှာ မြန်မာ နိုင်ငံ တောင်ဘက် သို့ ရွှေ့ ထားပြီး ဖြစ်သည် ဟု FNG မှ သတင်း ရရှိသည်။မြန်မာ စစ်အစိုးရ က ၂၀၀၇ ခုနှစ် စက်တာဘာလ ရွှေဝါရောက် တော်လှန်ရေး ကာလအတွင်းကလို အင်တာနက် ဆက်သွယ်မှုများ ဖြတ်တောက်ခဲ့ပါက တွစ်တာ လူမှု မီဒီယာသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် နိုင်သည့် နည်းလမ်း တစ်ခု နှင့် IP Proxies များဖြင့် မြန်နှုန်း သိပ်မမြင့် သော အင်တာနက် ကို ကြည့် ရှု နိုင်ရန် စီစဉ် ထားသည် ဟု သိရ သည်။

ဂူဂဲလ် အင်တာနက် ကုမ္ပဏီ သည် လတ်တလောတွင် လူထု အုံကြွမှု ဖြစ်ရာဉ် အင်တာနက် ဖြတ်တောက် ခံထားရသည့် လစ်ဗျား နိုင်ငံ ကို ကူညီထားသည်။

အီဂျစ် နိုင်ငံတွင် လူထု အုံကြွမှု များ အတွင်း ဆန္ဒပြသူများ ကို ကူညီပေး ခဲ့သည့် ကိုင်ရိုမြို့ ကောင်းကင်ယံ မှ ဂြိုလ်တုကို ထရီပိုလီ မြို့ပေါ်သို့ ရွှေ့ယူထားခြင်း ဖြစ်သည်။

လစ်ဗျား နိုင်ငံ အရှေ့ဘက်ခြမ်းရှိ ဘန်ဂါဇီ မြို့မှာ တွင် ကဒါဖီ က အင်တာနက် ဖြတ်တောက်လိုက်သော် လည်း ဂူဂဲလ် ဂြိုလ်တုက အလျှင် အမြန် ကူညီနိုင်၍ ကဒါဖီ လက်အောက်မှာ ဘန်ဂါဇီ မြို့မှာ စောစီးစွာ လွတ်မြောက် ခဲ့သည်။

မြန်မာနိုင်ငံတွင် အင်တာနက် ဆက်သွယ်မှုများ ပြတ်တောက်သွားပါက ဂူဂဲလ်က မည်ကဲ့သို့ အသုံးပြု ရမည်ကို သတင်းထုတ်ပြန်မည် ဖြစ်သည်။

ယခင် က မြန်မာ နိုင်ငံ ၏ အကာသ တွင် ဂူဂဲလ် ဓာတ်ပုံ ရိုက်ကူးရေး ဂြိုလ်တုများရောက်ရှိ ခဲ့ဖူးပြီး ၊ ယခု ဂြိုလ်တု သည် ဂူဂဲလ် ၏ ဆက်သွယ်ရေး နည်းပညာ ဂြိုလ်တု ဖြစ်သည်။

Related Articles

http://longwalktofreedom.files.wordpress.com/2011/02/burma21.jpg?w=269&h=193

နေပြည်တော် ရှိ ကာကွယ်ရေး ၀န်ကြီးဌာ န ကို ဂူဂဲလ် ဂြိုလ် တု မှ ရိုက်ကူးထားသည် ကို ဤသို့တွေ့ ရသည်။

Ip Locator: Find Any Information for a Specific IP Address (crenk.com)

source by : http://freedomnewsgroup.com

အပြည့်အစုံ ဖတ်ရန် ...

နအဖ စစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တိုက်ပွဲသတင်းများ


ကေအန်ယူ တပ်မဟာ(၂) နယ်မြေ

ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် နံက် (၁၀)နာရီအချိန်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)သည် ကော်သေးဒဲရွာ၏ ကားလမ်းမပေါ်ကို သွားရောက် တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် ရန်သူဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုကို မသိရသေးပါ။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိချေ။

ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ထန်းတပင်မြို့နယ်၊ (ကလောမီးဒဲ) စခန်းအခြေစိုက် ရန်သူ ခလရ(၁၀၂)မှ တပ်ရင်းမှူး မြင့်သန်းဝင်း ဦးဆောင်သောအဖွဲ့သည် ရွာသား(၁၀) ယောက်ကို အတင်းအဓမ္မ ချောဆွဲပြီး ကလောမီးဒဲစခန်းမှ ကွယ်ဒေးစခန်းအထိ လမ်းတလျှောက် မိုင်းရှင်းခိုင်းခဲ့သည်။

ကေအန်ယူ တပ်မဟာ (၄) နယ်မြေ

ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ်၊ မွန်းလွဲပိုင်း (၃)နာရီခန့် အချိန်တွင် KNU ပြောက်ကျား(၂) အဖွဲ့က ရန်သူ နအဖ တပ်ဖွဲ့နှင့် ယိုပယောတာ့ရွယ် ဒေသမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရန်သူဘက်မှ (၁)ဦး ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၊ နံနက် ၁၀ နာရီအချိန်တွင် KNU က ရန်သူ ခလရ (၅၅၈)ကို ထီးဟေထ နေရာတွင် (၁၀)မိနစ်ကြာ သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ရန်သူ နအဖ ဘက်မှ (၂)ယောက်သေပြီး (၃)ယောက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါသည်။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါသည်။

ကေအန်ယူ တပ်မဟာ(၅) နယ်မြေ

ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ရန်သူ၏ တပ်မ (၁၀)လက်အောက်ခံတပ်များက နော်ပလားခို ဒေသမှာသွားရောက်စခန်းချရာတွင် တစ်ချို့တပ်ရင်းသည် သေးဒေရွာတွင် ခရီးတစ်ထောက်နားပြီး ညအချိန်တွင် တယ်ဘိုးဂွင်မှာရှိသော စော်ကဲ့ဒဲ၊ လယ်ကလားပယ်ဟို၊ ထီးမူးထ၊ ဟော့လယ်ထ၊ ပလာ လော့တယ်၊ တယ်နဲ၊ ထီးမီးတော် ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ရွာသူ ရွာသားများ ကြောက်လန့်ကာ အသက်အန္တရာယ်အတွက် ညအချိန်မှာပင် တောထဲသို့ ထွက်ပြေး တိမ်းရှောင်ကြရပါသည်။ ရွာသူ ရွာသားများသည် ဘာတစ်ခုမှ ယူဆောင်ရန် အချိန်မရလိုက်သဖြင့် တောထဲတွင် ကလေးသူငယ်များ ဒုက္ခအတိ ရောက်ခဲ့ရကြောင်းလည်း သိရပါသည်။

နောက်တစ်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ်၊ နံနက် ၇ နာရီခန့် အချိန်တွင် ရန်သူ နအဖ တပ်များသည် ရွာထဲသို့ ၀င်ရောက်ပြီး အိမ်မွေးတိရိစ္ဆာန် ကြက်၊ ၀က်၊ ဘဲနှင့် ရှိသမျှကို ယူဆောင် စားသောက်ကြပြီး ရွာထဲရှိ စပါး ကျီများနှင့် အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ရန်သူ နအဖ တပ်များသည် ထိုရွာများတွင် ခုချိန်ထိ စခန်းချ ထားကြောင်းလည်း သိရပါသည်။

ထိုနေ့မှာပင် ၁၂ နာရီ ၁၂ မိနစ်အချိန်တွင် KNU တပ်ရင်း (၁၀၂)၊ တပ်ခွဲ(၃)တပ်ဖွဲ့နှင့် ရန်သူ နအဖ တပ်ဖွဲ့တို့သည် လေးဖိုးထရွာ၏ အနောက်ဘက်ခြမ်းရှိ ချောင်းကလေး ကမ်းစပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ရန်သူဘက်မှ (၁)ယောက်သေပြီး (၁)ယောက် ဒဏ်ရာရရှိကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး ထိုနေ့မှာပင် KNU မှ တပ်ရင်း(၁၀၂)၊ တပ်ခွဲ(၅)အဖွဲ့နှင့် ၀င်းမောင်း ရွာမှ ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းပြီး သရက်ပင်ဆိပ်နှင့် သရက်ပင်ဂွကြားရှိ မီးလေးချောင်းကမ်းနားတွင် ရန်သူနအဖတပ်ဖွဲ့ကို ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ရန်သူဘက်မှ (၁)ယောက်သေ၊ (၂)ယောက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ KNU တပ်ရင်း(၁၀၂)၊ တပ်ခွဲ (၁)မှ တပ်ဖွဲ့ဝင်များသည် မလေးချောင့်ရွာ၏ ကားလမ်းမပေါ်တွင် ရန်သူ နအဖ တပ်ကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် ရန်သူဘက်မှ ထိခိုက်သေဆုံးမှုကို မသိရှိရသေးပါ။ ၄င်းတိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားရာတွင် KNUဘက်မှ ထိခိုက်သေကြေမှု မရှိကြောင်းလည်း သိရပါသည်။

ဖေဖော်ဝါရီလ ၁၈ ရက် ၂၀၁၁ ခုနှစ်တွင် ရန်သူ နအဖ တပ်မ (၁၁)အဖွဲ့နှင့် BGF တပ်ရင်း(၁၀၁၄)တို့ ပူးပေါင်းပြီး စခန်းအမိုး မိုးရန်အတွက် ဒေးမူရွာမှ အင်ဖက် အပြစ်(၄၀၀၀၀)၊ ကွီးနက်ရွာမှ အင်ဖက် အပြစ် (၄၀၀၀၀)၊ ထီးဂေးလိုရွာမှ (၄၀၀၀၀)၊ မယ်ညောရွာမှ ဖက် အပြစ်(၄၀၀၀၀)နှင့် လေးဖိုးဟောရွာမှ ဖက်အပြစ်(၂၀၀၀၀) တို့ကို အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။ ထို့ပြင် မယ်မွဲကျေးရွာမှ ၀ါးပိုးအလုံး(၃၅၀)၊ ညတေလိုရွာမှ ငွေ (၄၆၀၀၀၀)ကျပ်နှင့် ၀ါးခလုကို့ရွာမှ (၂၆၀၀၀၀)ကျပ်ကို တောင်းခံ ခဲ့သည်။

နအဖ တပ်မ(၁၁) နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ဖာပွန်ခရိုင်၊ မဲပါရွာအနီး တ၀ိုက်တွင် မိုင်းများစွာ ထောင်ထားသောကြောင့် ရွာသူရွာသားများသည် တခြားဒေသများသို့ မသွားရောက်နိုင်ကြပဲ မိသားစု (၁၄)စုနှင့် ရွာသူ/သားပေါင်း (၈၄)ယောက်က ပိတ်မိနေကြောင်း သတင်းရရှိပါသည်။

ကေအန်ယူ တပ်မဟာ(၇) နယ်မြေ

ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ရန်သူနအဖ ခလရ(၆၂)တပ်ဖွဲနှင့် KNU မှ ပြောက်ကျားတပ်ဖွဲ့တို့ ကလို့ရွာကလိုးနီတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖမှ (၃)ယောက်သေပြီး (၂)ယောက် ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ်တွင်မူ နအဖ မှ ခလရ(၆၂)အဖွဲ့နှင့် KNU ပြောက်ကျားတပ်ဖွဲ့တို့ ကလို့ရွာ တရောတွင် ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ နအဖ ဘက်မှ (၁)ယောက် ကျဆုံးသွားပါသည်။

ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ်တွင် ရန်သူ၏ ထို ခလရ (၆၂)အဖွဲ့နှင့် KNU တပ်ဖွဲ့ဝင်တို့ တိုက်ပွဲ ဖြစ်ပွားပြန်ရာ နအဖ မှ (၂)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။


source by : http://soneseayar.blogspot.com

အပြည့်အစုံ ဖတ်ရန် ...