Saturday, February 26, 2011

အော်- မဲနယ်တောင်

ဖိုးသံ(လူထု) | မဲနယ်တောင်ပေါ်မှာ နွေဦးပေါက်ပါတော့မယ်။ ဆောင်းခိုစရာမရှိ။ တုန်ကျင်နေအောင် ချမ်းတဲ့ ဥတုရာသီကို တည်ငြိမ်စွာ ရင်ဆိုင်ခဲ့ရာကနေ နွေးထွေးတဲ့ ကာလဆီကို ရုန်းထွက်စ ပြုပါပြီ။

အဲဒီလို နွေနဲ့ဆောင်း အပြိုင်လုနေကြတဲ့ တမနက်မှာ ကျနော်နေတဲ့ ဦးကျော်စိန်ရဲ့ အိမ်ကို ဦးခွန်ထီး ရောက်လာခဲ့ပါတယ်။ ကျနော့်ကို လာခေါ်တာပါ။ တောင်ကြီးဦးထွန်းမြင့်လေးနဲ့ သူတို့ ဗမာပြည် ကွန်မြူနစ်ပါတီမြေအောက်လုပ်နေတဲ့ ရဲဘော်တွေကို အဆက်ရပြီဆိုတဲ့ သဘောဖြစ်ပါတယ်။ သူက ဂျစ်ကားတစင်း ငှားလာခဲ့ပါတယ်။ ဒါကြောင့် မနက်စာစားပြီး ချက်ခြင်းလိုက်ဖို့ပဲ ပြင်ရပါတယ်။ ကိုယ်ပိုင်ပစ္စည်းရယ်လို့ ဘာမှ မရှိလေတော့ ပြင်ရတာ ဘာမှမခက်ပါ။ ခက်တာက ခွဲခွာ ရတာပါ။

မဲနယ်တောင်ကြီးကို ကျနော်က ချစ်နေမိလို့ပါပဲ။ ကျနော်ပထမဆုံး တောခိုတဲ့နေရာ။ ကျနော်ပထမဆုံး သေနတ်ကိုင်ဖူးတဲ့၊ ပထမဆုံး တိုက်ပွဲကလေး တိုက်ဖူးတဲ့နေရာ မဟုတ်လား။ ဒီတောင်ပေါ်မှာ ကျနော့်ကို မျက်နှာတင်းတင်းနဲ့ကြည့်သူ၊ ငြိုငြင်တဲ့လူလို့ တယောက်မှ မကြုံခဲ့ရပါဘူး။ ကြည်လင်တဲ့အပြုံးတွေချည့် မြင်တွေ့ ခဲ့ရဖူးပါတယ်။

“ခွေအုံဖူး မဲကောင်” (ပအို့ဝ်စကား- ကျနော်မဲနယ်တောင်မှာ နေဖူးတယ်)လို့ နောင်မှာ ကျနော်ဂုဏ်ယူစွာ ပြောလေ့ရှိရတဲ့ တောင်တန်းကြီးဖြစ်ပါတယ်။ ကမ္ဘာမြေကြီးကို ပေါက်ပြားနဲ့ပေါက်တာဟာ ကမ္ဘာမြေကြီးကို ချစ်မြတ်နိုးရာကျတယ်ဆိုတဲ့ အဆိုစကားကို ကျနော်တက္ကသိုလ်မှာနေတုန်းက နောင်တော်ကဗျာဆရာ ကိုကြည်အောင် မကြာခဏ ပြောတာကြားရဖူးပါတယ်။ ကျနော်လည်း မဲနယ်တောင်ကြီးပေါ်မှာ သနပ်ဖက်ခင်းတွေ ပေါက်၊ ကြက်သွန်ခင်းတွေ ပေါက်ခဲ့တာ နည်းမှမနည်းတော့ပဲ။


မဲနယ်တောင်ကလူတွေက မဲနယ်တောင်ဟာ ပအို့ဝ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဆက်ခံတဲ့ ဗဟိုလို့သဘော ထားပြောဆိုလေ့ ရှိကြပါတယ်။ ဘုန်းကြီးကျောင်းကြီးတွေဟာ တိုင်တရာနီးပါးရှိကြပြီး သံယာတော်တွေဟာ အင်မတန် ကြည်ညိုလေးစားတာ ခံကြရပါတယ်။ သံဃာတော်တွေကလည်း ရွာထဲလာလည်ဆိုတာမျိုး လုံးဝမရှိပဲ ကျောင်းပရ၀ုဏ်ထဲမှာပဲ ကျောင်းစည်းကမ်းနဲ့အညီ နေကြပါတယ်။ အဲဒီဒေသမှာ လောင်းကစားတာ မရှိသလို၊ မူးယစ်ဆေးဝါးနဲ့ ဘိန်းဘင်း ကဇော်လည်း မရှိပါ။ အရက်တော့ သောက်ကြပါတယ်။ ဒါပေမဲ့အရက်မူးလို့ ရမ်းတယ်၊ ကြမ်းတယ်ဆိုတာမျိုး တခါမှမတွေ့ရ ဖူးပါဘူး။ အရက်မူးလို့် ရွာလမ်းမှာ က’ နေတာမျိုးတော့ တွေ့ရဖူးပါတယ်။

ကြုံလို့ ကျနော် ဒီတောင်ပေါ်မှာ တံတားပြင်ခဲ့တဲ့ အတွေ့အကြုံလေးတခု ပြောပြချင်ပါတယ်။ မဲနယ်တောင်တန်းကြီးပေါ်က ကျနော်တို့နေတဲ့တကြောမှာ ရွာတွေဟာ တောင်ခါးပန်းက ချောင်းရိုးတလျှောက်မှာ စီတန်းတည်ရှိနေတယ်လို့ ဆိုရင် ရပါတယ်။ နောက်ပြီးရွာကြီးတွေက ဆက်နေတာပါ။ တချို့ဆိုရင် တရွာနဲ့တရွာ ကိုက်နှစ်ရာ-သုံးရာပဲ ဝေးပြီး ဝေးလှ၊ ကွာလှပါတယ်ဆိုတောင်မှ နှစ်မိုင်လောက်ထက်ပိုပြီး ရွာပြတ်တာ မရှိသလောက်ပါပဲ။ ဒီတော့ ဒီချောင်းရိုးတလျှောက်က ကားလမ်းဟာ အင်မတန်မှ အခရာကျပါတယ်။ ကျနော်ပါဝင်တယ်ဆိုတဲ့ တံတားပြင်ပွဲဟာ ကျနော်နေတဲ့ရွာအောက်နား လေးတင်၊ ၄ဖာလုံလောက် အကွာနေရာမှာ ရှိပါတယ်။ အဲဒီနေ့မနက်မှာ လမ်းပြင်ဖို့အတွက် ရွာထဲမှာတရက်ကြိုပြီး လူစုံတဲ့ ညနေစောင်းမှာ ကာလသားခေါင်းလုပ်သူက ရွာထဲမှာ “မူနမ်ရွေ့၊ ခိုဘမ်းရွေ့”ဆိုပြီး လိုက်ဗျိုး ဟစ်ပါတယ်။ ဗမာလိုဆိုရင် “အပျိုတို့၊ လူပျိုတို့”လို့ ဆော်သြတာပါ။ ဒီနေရာမှာ ရကောက်ကို ‘r’အသံ ထွက်ပါတယ်။ တံတားပတ်ဝန်းကျင်က ရွာတွေက အပျို၊လူပျိုသာမက လူအိုနဲ့လူနာက လွဲရင်အကုန်လုံး လာရပါတယ်။ မနက်စာထမင်းစားပြီးတာနဲ့ (၉နာရီ၊ ၁၀ နာရီ အချိန်လောက်)တံတားပြင်မယ့်နေရာကို ရောက်ကြပါတယ်။ ပြင်ရမယ့်အလုပ်က ချောင်းရိုးထဲမှ ခုတ်ချထားတဲ့၊ အကိုင်းတွေခုတ်ဖြတ်ထားတဲ့ သစ်ပင်ကြီးနှစ်ပင်ကို ကြိုးနဲ့ ဆွဲတင်ရတာပါ။ လူ့လက်သုံးဖက်လောက်တုတ်ပြီး အလျား၅လံ ၆လံလောက်ရှိတဲ့ သစ်လုံးကြီးတွေကို အနက်ပေ ၁၀၀နီးပါး ရှိတဲ့ ချောက်ထဲကနေ အကွာကိုက်၂၀၀လောက်ရှိတဲ့ နေရာအထိ ဆွဲရတာဟာ လွယ်တဲ့ အလုပ် မဟုတ်ပါဘူး။ ရွာလေးငါးရွာက သန်သန်မာမာလူပေါင်း ၃-၄၀၀လောက်နဲ့ ဆွဲတင် ကြတာရဖြစ်ပါတယ်။ ကာလသားခေါင်းတယောက်ကနေ မောင်းကလေးတလုံးနဲ့ ညာသံပေးသလို တီးပေးနေပြီး အားလုံးက တညီထဲ ၀ိုင်းဆွဲတင်ကြပါတယ်။ ကျနော့်အထင် သစ်လုံးကြီးနှစ်လုံးကို ၂နာရီကျော် ၃နာရီလောက်ဆွဲတင် ရပါတယ်။ ရွာစုံက လူစုံလာကြတာဆိုတော့ အားလုံးတပျော်တပါကြီး လုပ်ကြပြီး ပြီးတဲ့အခါမှာ လူစုခွဲလိုက်ကြပါတယ်။ ကျနော့်အဖို့ကတော့ ကိုယ်နေတဲ့ရွာက လူတွေနဲ့ရော တခြားရွာကလူတွေနဲ့ပါ ရင်းနှီးလိုက်ရတာဟာ အမြတ်ဖြစ်ပါပဲ။

ကျနော်ရောက်သွားတဲ့အချိန်က မိုးတွင်းကြီး၊ ၀ါတွင်းကြီးဖြစ်လေတော့ အဖိတ်နေ့တိုင်းမှာ ဘုန်းကြီးကျောင်းပို့ဖို့ ရွာတွေက ဆွမ်းချက်ပွဲတွေ လုပ်ကြပါတယ်။ ဆွမ်းချက်ပွဲဆိုတာက ရွာထဲက အိမ်တွေမှာ ကာလသား ကာလသမီးတွေက အလှည့်ကျ ချက်ကြတာဆိုတော့ စည်ကားတော့တာပေါ့။ သူတို့ဆီမှာက အပျိုလည်တဲ့ ဓလေ့လည်း ရှိတာကိုး။ တနေ့လုံး ပင်ပင်ပမ်းပမ်းအလုပ်လုပ်ကြရတဲ့ လူငယ်တွေအဖို့ ဖျော်ဖြေစရာဆိုလို့ ဒီတခုထဲ ရှိတာဖြစ်ပါတယ်။ ဒါကြောင့် ညမို့ ရောက်လာတယ်ဆိုရင် ကာလသား ၄-၅ယောက်တဖွဲ့ စုပြီးအပျိုတွေရဲ့အိမ်ကို သွားလည်ကြပါတယ်။ အိမ့်ရှင်အပျိုဟာ လာလည်တဲ့ကာလသားကို လက်ခံ စကားပြောရပါတယ်။ လက်မခံလို့ မရပါဘူး။ တခါတလေဆိုရင် တခြား ရွာက၊ ဒါမှမဟုတ် တရပ်တကျေးက လူပျိုတွေကို ကိုယ့်ရွာသားတွေ ခေါ်လာတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆိုလည်း လက်ခံ ရပါတယ်။ ပြီးရင် ယောက်ျားလေးက “မင်းကိုငါသိပ်ချစ်တယ်။ ငါ့ကိုချစ်သလား”လို့မေးရင် မိန်းကလေးက ချစ်သည် ဖြစ်စေ၊ မချစ်သည်ဖြစ်စေ “ချစ်ပါတယ်”လို့ပဲ ပြန်ပြောရပါတယ်။ မချစ်ဘူးလို့ မပြောရပါဘူး။ ဒါပေမဲ့ အဲဒီလို အချိန်မှာ ပြောတဲ့စကားကို အတည်ယူလို့ မရပါဘူး။ ထုံးစံမို့ပြောနေတာပဲဆိုတာကို နှစ်ဘက်လုံး နားလည်ရပါတယ်။ အဲဒီလို ထမင်းချက်တဲ့အိမ်ဆီက ထိန်ထိန်ငြီးနေတဲ့အောက်လင်းဓာတ်မီးရောင်တွေနဲ့ အိုးစည်သ၊ံလင်းကွင်းသံလည်း ပျံ့လွင့် နေတတ်ပါတယ်။

ဒီလိုနဲ့ သီတင်းကျွတ်တဲ့အချိန်ရောက်တော့ ကျနော့်အထင် အဲဒီက ပအို့ယဉ်ကျေးမှုရဲ့ အထွတ်အထိပ်ကို တွေ့ရပါတော့တယ်။ စောစောကပြောခဲ့တဲ့ တိုင်တရာနီးပါးရှိတဲ့ ဘုန်းကြီးကျောင်းကြီးတွေမှာ လှူဖွယ်ပစ္စည်းတွေနဲ့ ပွဲတော်တွေ ကျင်းပကြပါတယ်။ တကျောင်းပြီးတကျောင်း အလှည့်ကျ ကျင်းပကြတဲ့ ဒီပွဲတော်ကို ဒီတရိုးမှာရှိတဲ့ ရွာအားလုံးက လူအားလုံးဟာ လှူဖွယ်ပစ္စည်းတွေနဲ့ လာကြပြီး ညမှာကျောင်းကို လှည့်ပတ်ပူဇော်ကြပါတယ်။ လှူဖွယ်ကို ကိုင်သူက ကိုင်၊ အိုးစည်ရှည်ကြီးနဲ့ သိုင်းကသူက က။ အပတ်ပေါင်းများစွာ လှည့်ကြတာပါ။ ဒီလိုပူဇော်ပွဲတွေကို တောင်ခြေပိုင်းရှိရှမ်းရွာတွေ ကလည်း လာကြပါတယ်။ လှည့်ရာမှာအမျိုးသမီးတွေနဲ့ လူကြီးတွေပဲပါတာမို့ ကာလသားတွေအဖို့ ဒီထက်ကောင်းတဲ့ မျက်စေ့ပွဲတော်တည်စရာမရှိတော့သလို ဖြစ်နေပါတယ်။ အစွမ်းကုန် အလှပြင်ထားတဲ့ ရွာတကာက အပျိုတွေကို တထိုင်ထဲ ကြည့်ရတာမဟုတ်လား။ ဒါဟာ ဘုန်းကြီးကျောင်း တကျောင်းပြီးတကျောင်း၊၊ ရွာလုံးကျွတ်၊ ညလုံးပေါက်လောက် ကျင်းပကြတာပါ။ ကျနော်တောင်၎-၅ပွဲလောက် ရောက်ခဲ့ဖူးပါတယ်။ သူတို့နဲ့ လိုက်ပြီးပျော်ခဲ့ရပါတယ်။ အလားတူပဲ တောင်ခြေမှာရှိတဲ့ ရှမ်းရွာတွေက ပွဲတွေကိုလည်း တောင်ပေါ်ကလူတွေက သွားပူဇော်ကြပါတယ်။ အဲဒီနေရာတွေမှာ ကျတော့ မြို့က လာတဲ့ဈေးသည်တွေကိုလည်း တွေ့ရပါတယ်။


ဒီနေရာကိုကျနော်ရောက်ကတဲက ဦးကျော်စိန်ကို“သူတို့နဲ့ကျနော်နဲ့ အဖွဲ့အစည်းချင်း မတူပေမဲ့ ရန်သူကို ဆန့်ကျင် တိုက်ခိုက်တဲ့ လုပ်ငန်းမှန်သမျှမှာ ပါဝင်လုပ်ကိုင်ပေးမယ်”လို့ ကတိပေးခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ၁၁ရက်မှာကျတဲ့ သူတို့ရဲ့ပအို့ဝ်တော်လှန်ရေးနေ့ အခမ်းအနား ပွဲလမ်းသဘင်တွေမှာ ကျနော် တက်တက်ကြွပါဝင်ခဲ့ပါတယ်။ သူတို့ထုတ်တဲ့ စာစောင်လေးထဲမှာ ကာတွန်းဆွဲပေးတာ၊ ဆောင်းပါးဘာသာပြန်ပေးတာကအစ အားကစားပွဲတွေ ကြီးမှူးလုပ်ကိုင်ပေး၊ ကိုယ်တိုင်ဝင်ပါ စသဖြင့် ထက်ထက်သန်သန် ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ ကျနော်ဦးဆောင်တဲ့ ကျနော်တို့ရွာက ဘော်လီဘော အသင်းက ပထမ ရခဲ့ပါတယ်။

တခါမှာ ညကြီးမင်းကြီး တောင်ပေါ်ကို ရန်သူ့တပ်(မဆလတပ်)လာတယ်ဆိုလို့ သူ့ကိုယ်ရံသဘောမျိုး ကာဘိုင် သေနတ်ဆွဲပြီး တောင်ပေါ် တက်ရှောင်ခဲ့ရဖူးပါတယ်။ နောက်တခါမှာတော့ နေ့ခင်းပိုင်းမှာ ကားလမ်းတလျှောက် ၀င်လာတဲ့ ရန်သူ့တပ်စုတစုလောက်ကို ဖြတ်တိုက်တာမှာ ပါခဲ့ပါတယ်။ ကိုယ့်ဘက်က အချိန်နောက်ကျသွားတာအပြင် ရန်သူကို ပိတ်တိုက်တာ မလုပ်နိုင်လို့ဘယ်ဘက်မှ ထိခိုက်မှုမရှိပဲ ရန်သူတွေ လွတ်ထွက်သွားပါတယ်။ မဆလတပ်ရဲ့ ဦးထုပ်တလုံးပဲ ရလိုက်ပါတယ်။

အဲဒီလိုမဲနယ်တောင်သားတွေနဲ့ တပျော်တပါးကြီးနေခဲ့ရာကနေ ပါတီက လာခေါ်တယ်ဆိုတော့ ကျနော့်မှာ ဘာမှ စဉ်းစား မနေနိုင်တော့ပါဘူး။ ဦးခွန်ထီးက သွားရအောင်၊ အားလုံးစီစဉ်ပြီးပြီလို့ဆိုတော့ ကျနော့်အနေနဲ့ ဘယ်သူတွေလဲ၊ ဘယ်ကယူဂျီလဲ စသဖြင့် မေးမနေနိုင်ပါဘူး။ မေးခွင့်လည်း မရှိဘူးမဟုတ်လား။ “ဟုတ်ကဲ့”တလုံးပဲပြောပြီး ထွက်ခွာရတာပါ။ မနက်စာ မစားခင်လေးမှာ သူရောက်လာ၊ စားပြီးတာနဲ့ ထွက်ဆိုသလိုပဲ ဖြစ်ပါတယ်။

ကျနော်နဲ့ ကိုတော်ဝင်း (ကျနော်ထွက်ပြေးရာမှာ ကူညီမိလို့ တောခိုရတဲ့ ညီအကိုလို နေခဲ့သူ)ဟာ ဦးလေးဦးကျော်စိန် တို့ လင်မယားကို ကန်တော့ပြီး အိမ်ပေါ်က ဆင်းခဲ့ကြပါတယ်။ သူတို့က ကျနော်တို့ကို ဂျစ်ကားအထိ လိုက်ပို့ပါတယ်။ ကား အနားရောက်တော့ ကျနော်နဲ့ဦးလေးဦးကျော်စိန်ရဲ့သား ကိုအောင်မာန်(မြို့နယ်တပ်မှူး)တို့ ပုခုံးဘက်ပြီး ငိုခဲ့ကြပါတယ်။ ကျနော့်အဖို့ ဒါဟာ ပထမဆုံး ဒီလိုငိုနည်းမျိုးလို့ ထင်ပါတယ်။ နေရစ်ဦးတော့ မဲနယ်တောင်ပေါ့။ ဂျစ်ကားနောက်ပိုင်းမှာ ထိုင်ပြီး ကိုယ်လျှောက်ခဲ့တဲ့လမ်း၊ ကိုယ်ပြင်ခဲ့တဲ့ တံတားနဲ့ ကိုယ်ပေါက်ခဲ့တဲ့ သနပ်ဖက်ခင်းတွေကို ငေးမောနှုတ်ဆက် နေမိခဲ့ပါတယ်။ မဲနယ်တောင်နယ်မြေက ထွက်ပြီဆိုတာနဲ့ ကျနော့်အဖို့ လွတ်လပ်မှု ဆုံးသွားပြီး ကားထဲမှာ ခပ်ဝပ်ဝပ် ထိုင်လိုက်ရပါတော့တယ်။

ဒီလိုနဲ့ မဲနယ်တောင်ကြီးအပေါ် သံယောဇဉ်မပြတ်နိုင်တဲ့ကျနော်ဟာ ရောက်လေရာမှာ မဲနယ်တောင်နဲ့ မဲနယ် တောင်သားတွေအကြောင်း အမြဲစနဲနာခဲ့ပါတယ်။ ပအို့ဝ်တွေနဲ့တွေ့ရင် တတ်သမျှပအို့ဝ်စကားလေး ပြောကြည့်လိုက်ရင် သူတို့က ဒါဟာမဲနယ်တောင်ကပအို့ဝ်စကားပဲလို့ သူတို့က မှတ်ချက်ချပါတယ်။ ဒါဆိုရင် ကျနော့်အဖို့ ၀မ်းသာလိုက်ရတဲ့ ဖြစ်ခြင်း။ တနေ့ကတော့ မဲနယ်တောင်ကို မကြာခဏရောက်နေတဲ့ တောင်ကြီးသားနှစ်ယောက်နဲ့တွေ့လို့ မဲနယ်တောင် အခြေအနေကို မေးမြန်းမိပါတယ်။ ကျနော်နေခဲ့တဲ့ ရွာကို သူတို့ အခေါက်ခေါက် ရောက်ဖူးပါတယ်။ အဲတော့သူတို့က မဲနယ်တောင်ပေါ်မှာ လောင်းကစားဝိုင်းတွေ ရောက်နေပြီဆရာရေ့တဲ့။ ကျနော့်မျက်စိပြာသွားသလား အောက်မေ့မိပါတယ်။ နောက်ပြီးရွာတွေက ယောက်ျားမိန်းမတွေဟာ ယိုးဒယားကို သွားအလုပ်လုပ်နေကြလို့ ရွာတွေထဲမှာလည်း လူတော်တော်နည်းနေပြီတဲ့။ တချို့နေရာတွေမှာ ဘိန်းစိုက်တာတောင် ရှိနေသလိုလိုပဲတဲ့။

ကျနော်အကြိမ်ကြိမ်ရေချိုးခဲ့တဲ့ မဲနယ်တောင်ကရွာတွေကို ဖြတ်စီးဆင်းနေတဲ့ ချောင်းကရေဟာ မဲနယ်တောင်သူ၊ မဲနယ်တောင်သားတွေလိုပဲ အင်မတန်သန့်စင်ကြည်လင်တယ် ဆိုတာကို ကျနော် ကောင်းကောင်း မှတ်မိနေပါတယ်။

ဘယ်လိုပဲ ပြောပြော။ မဲနယ်တောင်ကြီးဟာ ကျနော့်ရင်ထဲမှာတော့ ထီးထီးမားမား ရှိဆဲပါ။

source by : http://mayaonlinemagazine.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

Tuesday, February 22, 2011

ဒေါ်စုကို ကနေဒါတက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်

မခင်ဖြူထွေး | ကနေဒါနိုင်ငံ အော်တ၀ါမြို့မှာရှိတဲ့ ကာလီတန် (Carleton) တက္ကသိုလ်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက် တခုအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေတဲ့သူ၊ တကယ့်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့အတွက် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ဂုဏ်ပြုတာ ဖြစ်တယ်လို့ ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O’Reilly Runte က ပြောပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက် ကနေဒါ စံတော်ချိန် နေ့လယ် ၁၂ နာရီမှာ ကာလီတန် တက္ကသိုလ်ရဲ့ Kailash Mital ခန်းမမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ဖို့ တက္ကသိုလ် တခုလုံးက ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့တော့ ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O.Reilly Runte က အခုလို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ယုံကြည်ချက်အတွက်၊ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့သူပါ။ စိတ်ထဲပေါ်လာမှ သတ္တိမွေးပြီး လုပ်တဲ့သူမျိုး မဟုတ်ပါဘူး။ အရာရာကို သေချာစဉ်းစား သုံးသပ်ပြီးမှ စိတ်ရှည်သည်းခံမှု အပြည့်နဲ့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာချပြီး လုပ်သင့်တာကို လုပ်နေသူပါ။ သူ့ရဲ့ ယုံကြည်ချက်ကြောင့်ပဲ မိသားစု၊ မိတ်ဆွေသင်္ဂဟတွေနဲ့ နေရတဲ့အချိန် မရှိဘဲ နှစ်ပေါင်းများစွာ တယောက်တည်း အကျယ်ချုပ် ချခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ့ဘ၀ရဲ့ အရာရာကို ပေးဆပ်ထားသူပါ။

“ဒါကြောင့် ကျမတို့ ရှင်သန်နေတဲ့ ဒီရာစုနှစ် အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်သူနဲ့မှမတူ ထူးခြားလှတဲ့ ပုဂ္ဂိုလ်တယောက်ပါ။ ဆုံးဖြတ်ချက် ခိုင်မာပြီး ရဲစွမ်းသတ္တိရှိတဲ့ အမျိုးသမီးတဦးပါ။ အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ ဂုဏ်သိက္ခာရှိရှိ တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။ ကျမတို့ အားလုံးအတွက် သတ္တိ ခွန်အားတွေနဲ့ ငြိမ်းချမ်းခြင်းရဲ့ အလှတရားတွေကို ဦးဆောင်လမ်းပြနေသူလို့ ဆိုရမှာပါ။”

ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် လုပ်ရပ်တွေကြောင့် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ရတာ ဖြစ်သလို ဒီလို ချီးမြှင့်ဂုဏ်ပြုခွင့် ရတဲ့အတွက်လည်း ၀မ်းသာဂုဏ်ယူရတယ်လို့ ကာလီတန် တက္ကသိုလ် အဓိပတိက ပြောခဲ့ပါသေးတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာတ၀န်းမှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ တက္ကသိုလ်ဝန်ထမ်းတွေ အားလုံးအတွက် အားကျဂုဏ်ယူစရာ ပုဂ္ဂိုလ်တဦးပါ။ သူ့ရဲ့ ရဲစွမ်းသတ္တိ၊ ငြိမ်းချမ်းတဲ့ စိတ်ခွန်အားတွေနဲ့အတူ ဆက်လက်ပြီး အောင်အောင်မြင်မြင် တိုက်ပွဲဝင်သွားနိုင်ဖို့လည်း ကျမ မျှော်လင့်ပါတယ်။”

ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O.Reilly Runte ပြောသွားခဲ့တာပါ။

ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်တဲ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိတဲ့အတွက် သူမကိုယ်စား နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေမှာ နှစ်မြှုပ်လုပ်ကိုင်နေတဲ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကိုယ်တိုင်တွေ့ဆုံ စကားပြောခဲ့ဖူးတဲ့ ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ နိုင်ငံခြားရေး ၀န်ကြီးဟောင်းလည်း ဖြစ်တဲ့ ဖလော်ရာ မက်ဒေါ်နယ် (Flora MacDonald) က ဂုဏ်ပြုမိန့်ခွန်းနဲ့အတူ ဆုကို လက်ခံပေးမှာ ဖြစ်တယ်လို့လည်း သူက ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကြောင့် ၁၉၉၃ ခုနှစ်မှာ ကနေဒါနိုင်ငံ တိုရွန်တို (Toronto) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့၊ ၁၉၉၅ ခုနှစ်မှာ ကွင်းစ် (Queens) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ၁၉၉၅ ခုနှစ်မှာပဲ ဆိုင်မွန် ဖရာစာ (Simon Fraser) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂန္ဒီဆုတွေ အပါအ၀င် ကနေဒါနိုင်ငံက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ များစွာကို ရရှိထားသူပါ။ ၂၀၀၇ ခုနှစ်ကတော့ ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၉၁ ခုနှစ်က နိုဘဲလ် ငြိမ်းချမ်းရေးဆု အပါအ၀င် လွတ်လပ်စွာ တွေးခေါ်မှုဆိုင်ရာ Sakharov ဆု၊ Rafto လူ့အခွင့်အရေးဆု၊ အမေရိကန် ပြည်ထောင်စုမှာ အရပ်သူ အရပ်သားတွေကို ပေးအပ်တဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ လွတ်မြောက်ရေးဆု၊ Jawaharlal Nehru ဆု စတဲ့ နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုပေါင်းများစွာ ရရှိထားသူ ဖြစ်ပါတယ်။

နားဆင်ရန်-->>

source by :ဗွီအိုအေ

အပြည့်အစုံ ဖတ်ရန် ...

စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး လှုပ်ရှားမှု ၈၈ မျိုးဆက်အဖွဲ့ ကန့်ကွက်

လင်းသန့် | နိုင်ငံရေး ပါတီ ၁၁ ခု ၏ မကြာသေးခင်က စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး လှုပ်ရှားမှုကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ က ကန့်ကွက်ကြောင်း ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်သော ၆၄ နှစ်မြောက်ပြည်ထောင်စုနေ့ ၌ ယင်း ပြည်တွင်းနိုင်ငံရေး ပါတီ ၁၁ ခုက အမေရိကန်၊ ဥရောပ အပါအ၀င် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှု များ အမြန်ဆုံး ရုပ်သိမ်းရန် ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်၍ တောင်းဆိုမှုကို ကန့်ကွက်ခြင်းဖြစ်သည်။


ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ်ရှိ ထိုင်ဝမ် ကုမ္ပဏီပိုင် အထည်ချုပ် စက်ရုံ တရုံ၌ အလုပ်လုပ်နေသော အမျိုးသမီး တဦး။ ၂၀၀၃ ခုနှစ် က အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းတချို့ ထိခိုက်မှု ရှိခဲ့သည်။ (ဓာတ်ပုံ - AFP)
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ကိုစိုးထွန်းက “သူတို့ ပါတီတွေ အနေနဲ့ ပြောသင့်တာက နအဖ အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ကိုလည်း လေ့လာသုံးသပ် ထောက်ပြတာမျိုး လိုတယ်။ ပြည်သူ လူထု အကျိုးစီးပွား လိုလားလို့ Sanction (စီးပွားရေး ပိတ်ဆို့မှု) မရှိသင့်ပါဘူး ဆိုရင် ဒါက ဘာကြောင့် ဖြစ်ပေါ်လာသလဲ ဆိုတာ သေချာ လေ့လာသုံးသပ်ဖို့ လိုတယ်။ ပြည်သူလူထုရဲ့ စီးပွားရေး တကယ်ထိခိုက်၊ မထိခိုက် ဆိုတာကို သေချာလေ့လာ ပြီးမှ NLD (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) က ပြောတဲ့ ပုံစံမျိုးတွေလို သေချာ ပြောဖို့လိုတယ်၊ အခုဟာ က Sanction မရှိသင့်ပါဘူး ဆိုပြီး ယေဘုယျ ပြောနေတာတွေက မဖြစ်သင့်ဘူး”ဟု ဧရာဝတီ ကိုပြောသည်။

စီးပွားရေး ပိတ်ဆို့မှု နှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ၏ သဘောထား အမြင်ကို အဆိုပါ နိုင်ငံရေး ပါတီ တပါတီချင်း ဆီသို့ စာပေးပို့ အကြောင်း ကြားထားသည် ဟုလည်း သိရသည်။

နိုင်ငံရေးပါတီ ၁၁ ခုက ထုတ်ပြန်သည့် ကြေညာချက်တွင် စီးပွားရေးပိတ်ဆို့မှုကြောင့် အမေရိကန်နိုင်ငံသည် နှစ်စဉ် ပို့ကုန် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ နှင့် ၁၉ ဘီလီယံအကြား နစ်နာပြီး အမေရိကန်လုပ်သားများအတွက် လုပ်ခလစာ ၁ ဘီလီယံကျော် ဆုံးရှုံးရကြောင်း၊ မြန်မာနိုင်ငံ အနေနှင့်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးရပြီး အလုပ်အကိုင် သိန်းချီဆုံးရှုံးရကြောင်း ၊ ထို့ကြောင့် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းသင့်ကြောင်း ဖော်ပြထားသည်။

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးတောင်းဆိုသော နိုင်ငံရေးပါတီ ၁၁ ခုမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမို ကရက် တစ် ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ပြည်ထောင်စု ကရင်အမျိုးသား အဖွဲ့ချုပ်၊ ချင်း အမျိုးသား ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေး ပါတီ၊ ၀ံသာနု NLD(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့ ဖြစ်သည်။

ကိုစိုးထွန်းက ဆက်လက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ သည် NLD က ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန်လိုက် သော စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ ကြေညာချက်နှင့် တသားတည်းရှိကြောင်း၊ ထို့ကြောင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကလည်း ကြေညာချက်ထုတ်ပြီးထောက်ခံကြောင်း ပြသခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုအခါ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများထဲမှ ဂျာမနီ နှင့် အီတလီ နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်း စေ လိုသည်များကို ကြားလာရသည်ဟုလည်း ၎င်းက ပြောသည်။

“စီးပွားရေးပိတ်ဆို့မှုကို အခုအနေမှာရှိနေသင့်သေးတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ တသားတည်းရှိတယ်၊ ဒါ ပေ မယ့်နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လိုတယ်၊ ဒါကိုတောင်းဆိုထားတယ်။ ဒီလိုနိုင်ငံရေးအကျဉ်း သားတွေကို စပြီးလွှတ်ပေးမယ်ဆိုရင် နိုင်ငံတကာကလည်း တဖြည်းဖြည်းချင်း လျှော့ပေးလာမှာပဲ၊ ဘာတိုးတက်မှု တစုံ တရာမှ မရှိသေးဘဲ ဖယ်ရှားဖို့ မသင့်ဘူး”ဟု ကိုစိုးထွန်းက ပြောဆိုသည်။

NLD ကြေညာချက်တွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့နှင့် သယံဇာတ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ဘီလီယံ ပေါင်း များစွာ ၀င်ငွေရရှိနေသော်လည်း လူထု၏ကျန်းမာရေးနှင့် ပညာရေးကို အလေးထားခြင်း မရှိသည့်အတွက်၂၀၁၁ ခုနှစ် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် လူသားရင်းမြစ်ဖွံ့ဖြိုးမှုတွင် အနိမ့်ကျဆုံးဖြစ်နေပြီး အရှေ့တောင်အာရှတွင် ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံတို့ကပင် ကျော်တက်သွားပြီ ဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုသည် စစ်အစိုးရကိုသာ အဓိက တိုက်ရိုက်ထိခိုက်ပြီး ပြည်သူလူထု အပေါ် ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။

“စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ထားတဲ့နိုင်ငံတွေ ကိုယ်တိုင်က Sanction ကို အမြဲ လုပ်ထားမှာ မဟုတ်ဘူး၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ လူ့အခွင့်အရေးကိုလေးစား လိုက်နာလာဖို့တွေအတွက် တိုးတက်တဲ့ အခြေအနေ တစုံ တရာကို မမြင်တွေ့ ရသေးလို့သာ သူတို့က ဆက်ထားချင်တာ၊ ဒါဟာ မှန်တယ်”ဟု ရန်ကုန်မြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ကလေးစစ်သား အသုံးပြုမှု အပါအ၀င် ရာဇ၀တ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်အစိုးရက ကျူးလွန်နေခြင်းကြောင့် ၁၉၉၇ ခုနှစ်မှ စတင်ကာ အမေရိ ကန် နိုင်ငံ၊ ဥရောပ သမဂ္ဂ အပါအ၀င် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

source by :ဧရာဝတီ

အပြည့်အစုံ ဖတ်ရန် ...

Sunday, February 20, 2011

မြဝတီ ကော့ကရိတ်ကားလမ်းပေါ်က နေရာ ၂ ခုမှာ ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်

ဒီကေဘီအေ အနေနဲ့ နအဖရဲ့ စီးပွားရေးအသက်သွေးကြောတခုဖြစ်တဲ့ မြဝတီကုန်သည်လမ်း သွားလာခွင့်ကို တားမြစ် ပိတ်ပင်လိုက်ပြီး ဒီကားလမ်းပေါ်မှာ စစ်ဆင်ရေးတွေ ပိုမိုလုပ်လာတော့မှာ ဖြစ်တဲ့အတွက် ပြည်သူလူထုကို ထိခိုက်မှုမရှိ စေရန်ဖို့ ဒီကေဘီအေ ဘက်က ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

ခုဆိုရင် မြဝတီကုန်သည် ကားလမ်းပေါ်က နအဖ တပ်စခန်းနေရာတွေကို ဒီကေဘီအေဘက် ဝင်ရောက်တိုက်ခိုက်မှုတွေ ဟာ ဒီရက်ပိုင်းမှာ ပိုစိပ်လာပါတယ်။

ဒီကနေ့ မနက် မြဝတီနဲ့ ကောကရိတ်ကြားက နေရာနှစ်ခုမှ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ နေရာတွေ ကတော့ ဗျူဟာဂိတ်လို့ ခေါ်တဲ့ ခမရ ၃၅၆ နဲ့ အုပ်ဖို လို့ခေါ်တဲ့ ခမရ ၃၅၅ နေရာနှစ်ခုပဲ ဖြစ်ပါတယ်။ ဒီကေဘီအေဘက် က ဒီကနေ့ မနက် ၃ နာရီခွဲလောက်က ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။ ထိခိုက်မှုကိုတော့ အသေးစိပ် မသိရှိရသေးပါဘူး။

တိုက်ပွဲတွေ နေ့စဉ်ဆက်တိုက်ဆိုသလို ဖြစ်နေတာရယ်။ ဒီကေဘီအေဘက်က ကားလမ်းကို ပိတ်ပင်တားမြစ်ထားတဲ့ အတွက်ရယ်ကြောင့် မြဝတီနဲ့ ကော့ကရိတ်မြို့တွေထဲမှာ သွားလာမယ့်ကားတွေ သောင်တင်နေတာတွေ၊ မြဝတီ သင်္ဃန်းညီနောင် နဲ့ ကော့ကရိတ်က နအဖ တပ်စခန်းနေရာတွေကို ဘယ်နေ့ ဘယ်အချိန် ဝင်ပစ်မယ်ဆိုတဲ့ ကောလဟာလသတင်းတွေ အချိန်ပြည့် ဖြစ်ပေါ်နေတယ် ဆိုတာတွေကို မြဝတီမြို့ခံတွေက ပြောပြလို့ သိရှိရပါတယ်။

တဆက်တည်းဆိုသလို့ပဲ ဒီကနေ့ ဝေါ်လေဂွင်က ထီးတလယ်နေရာမှာ ဒီအေဘီအေတပ်တွေက နအဖ တပ်တွေကို ဝင် ရောက်တိုက်ခိုက်တယ်လို့ သိရှိရပါတယ်။


source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

Saturday, February 19, 2011

လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး အမေရိကန် ဦးဆောင်ဆွေးနွေးမည်

ဓာတ်ပုံ AP

မတ်လမှာကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာ့အရေးကို အမေရိကန်ပြည်ထောင်စုက ဦးစားပေး ဦးဆောင်ဆွေးနွေးဖို့ ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆူဇန်နိုဆယ်လ် (Suzanne Nossel) က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ပြစ်တင်ရှုတ်ချဖို့ အတွက် ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းရေးနဲ့ ပတ်သက်ပြီးတော့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဆူဇန်နိုဆယ်လ်နဲ့ မနေ့ကတွေ့ဆုံခဲ့တဲ့ USCB လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ မူဝါဒရေးရာညွှန်ကြားရေးမှူး ဦးအောင်ဒင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“(၁၆) ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား ကနေပြီးတော့ ပုံမှန် အစီရင်ခံစာ တင်သွင်းတယ်။ အဲဒီအစီရင်ခံစာအပေါ်မှာ အခြေခံပြီးတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများကနေ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို တင်သွင်းဖို့ ရှိတယ်။ လောလောဆယ်မှာတော့ အဲဒီဆုံးဖြတ်ချက်မူကြမ်းမှာ အဓိကပါမှာကတော့

တစ်အချက်က - မစ္စတာကင်တားနားရဲ့ mandate ကို ၂ နှစ် သက်တမ်းတိုးဖို့။

နောက်ပြီးတော့ မစ္စတာ ကင်တားနားက လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် ၆ နှစ် လုပ်ခွင့်ရှိတယ်။ အဲဒီသူ့ရဲ့ သက်တမ်းကို တနှစ်တခါ သက်တမ်း တိုးရတယ်။ ဒီဆုံးဖြတ်ချက်မှာ မစ္စတာကင်တားနားရဲ့သက်တမ်းကို နောက်ထပ် သက်တမ်းတနှစ် တိုးဖို့။

ဒုတိယအချက်ကတော့ မြန်မာနိုင်ငံအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အထောက်အထားတွေနဲ့ တင်ပြပြီးတော့ ပြစ်တင်ရှုတ်ချဖို့ ပါတယ်ပေါ့။ ဒါက သူတို့ဘက်က ရှင်းပြတာပေါ့နော်။”

ဦးအောင်ဒင်က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေတင်ပြခဲ့ပါသလဲ။ -

“ကျနော့်ဘက်က ပြန်ပြီးဆွေးနွေးတာကတော့ ကျနော်တို့တောင်းဆိုထားတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ်မှာ ညှင်းပမ်းနှိပ်စက်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီဆုံးဖြတ်ချက်မူကြမ်းမှာ ထည့်သွင်းဖို့ မဖြစ်နိုင်ဘူးလားဆိုတော့ သူက လောလောဆယ်မှာတော့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။”

ဘာလို့မဖြစ်နိုင်ဘူးလို့ ပြောတာလဲ။ -

“သူရှင်းပြတာကတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလကုန်က လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းကို ကမ္ဘာ့နိုင်ငံများက သုံးသပ်ပြီးတော့ အကြံပြုချက်တွေ တင်ခဲ့ကြတာရှိတယ်။ အဲဒီအကြံပြုချက်တွေနဲ့ ပတ်သက်ပြီးတော့ မြန်မာစစ်အစိုးရက လာမယ့် လူ့အခွင့်အရေးကောင်စီ ဇွန်လအစည်းအဝေးမှာ ပြန်ပြီးတော့ ရှင်းပြမယ်။ အဲဒီအခါကျတော့ ကမ္ဘာ့နိုင်ငံ အတော်များများက မြန်မာစစ်အစိုးရက သူတို့ရဲ့ အကြံပြုချက်တွေကို လိုက်နာ မလိုက်နာဆိုတဲ့ အချက်အပေါ်မှာ လာမယ့် ဇွန်လအထိ စောင့်ကြည့်ချင်တဲ့ သဘောထား ရှိတယ်ပေါ့ဗျာ။ အဲဒါကြောင့်မိုလို့ ဒီမတ်လမှာ ကျင်းပမယ့် အစည်းအဝေးမှာတော့ commission of inquiry ပေါ့နော်၊ စုံစမ်းရေးကော်မရှင် ဖွဲ့ရေးကိစ္စကို ထည့်သွင်းဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။”

အခုလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတဦးနဲ့ တွေ့ဆုံတဲ့အချိန်မှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ကိစ္စ တခုတည်းလား၊ ဒါမှမဟုတ် တခြားဘာတွေများ ဦးအောင်ဒင်တို့အနေနဲ့ ထည့်သွင်း ဆွေးနွေးခဲ့ပါသေးလဲ။ -

“ကျနော်တို့ အဓိကဦးစားပေးကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးပဲခင်ဗျ။ ဒါကတော့ အင်မတန်အရေးကြီးတဲ့ ကိစ္စကိုး။ သူတို့ကို ကျနော် ထပ်ပြီးရှင်းပြခဲ့တယ်။ အမေရိကန်အစိုးရကိုယ်နှိက်က ဒီကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ဖွဲ့စည်းဖို့ကိစ္စကို တရားဝင် ထောက်ခံထားပြီးသားပါ။ ပြီးတော့လည်း အခုချိန်ထိကို နိုင်ငံပေါင်း ၁၄ နိုင်ငံက ထောက်ခံနေတာ ဖြစ်တယ်။ ဆိုတော့ ဒီစုံစမ်းစစ်ရေးကော်မရှင်ရဲ့ အရေးကြီးမှုဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်ရေးအတွက် နအဖကို ဖိအားပေးတာဖြစ်သလိုပဲ အခြားအရေးကြီးတဲ့အချက်က နအဖ လက်ရှိကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေ၊ ကျူးလွန်နေဆဲ ရာဇ၀တ်မှုတွေ၊ ကျူးလွန်ဦးမယ့် ရာဇ၀တ်မှုတွေကို ဟန့်တားဖို့ ဖြစ်တယ်။

“အဲဒီဒုတိယအချက်ကို ထပ်ပြီးတော့ သူတို့ကို ကျနော် ရှင်းပြတယ်။ နအဖက အခုသူ့ရဲ့ အခြေခံဥပဒေမှာ သူ့ကိုယ်သူ ပြီးခဲ့တဲ့ ရာဇ၀တ်မှုတွေကနေ သက်ညှာခွင့်ပေးထားပြီးသား။ ရှေ့သက်တမ်းမှာလည်း အပြစ်ကျူးလွန်သူတွေကို ဆက်ပြီးအကာအကွယ်ပေးနေဦးမှာပဲ။ နောက်တခုက ဒီလိုမျိုး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတဲ့ကိစ္စက တချို့အမြင်မှာကျတော့ ကလဲ့စားချေဖို့ဆိုပြီး တွေးကြတာရှိတယ်လေ။ အဲဒါက ကလဲ့စားချေတာမဟုတ်ဘဲနဲ့ ဥပဒေဘောင်ထဲကနေပြီးတော့ တရားမျှတမှုကို တောင်းဆိုတာ။ မြန်မာနိုင်ငံထဲမှာရှိတဲ့တရားဥပဒေတွေက စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကို အထောက်အကူပြုတဲ့ တရားစီရင်ရေးစနစ် ဖြစ်တဲ့အခါကျတော့ မြန်မာနိုင်ငံထဲမှာ ဥပဒေဘောင်ထဲကနေ တရားမျှတမှုကို တောင်းဆိုဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကြောင့်မိုလို့ နိုင်ငံတကာဥပဒေကြောင်းအရ တရားမျှတမှုကို တောင်းဆိုတာပေါ့။ ကလဲစားချေရေးလို့မြင်တာတွေက မှားတယ်ဆိုတဲ့အကြောင်း ကျနော် သူ့ကိုထပ်ပြီးတော့ ရှင်းပြခဲ့တယ်။”

ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ရော ဒီရှင်းပြချက်တွေကို လက်ခံတဲ့ အနေအထား ရှိရဲ့လား။

“လက်ခံပါတယ်။ သူက ကျနော်ပြောတာတွေအားလုံးကို စာရေးပြီး တင်ဖို့ပြောတယ်။ နောက်ပြီးတော့လည်း ရှေ့မှာဆက်လက်ပြီးတော့ ဆွေးနွေးဖို့ အကြံပြုတယ်။ အဓိကကတော့ သူတို့ဘက်က ဒီကိစ္စတွေအပေါ်မှာ မသဲကွဲတာ မဟုတ်ပါဘူး။ တခြားဥရောပနိုင်ငံတွေကို သူတို့နဲ့အတူတူ ရပ်တည်ပြီးတော့ ဒီကော်မရှင် ဖြစ်မြောက်ရေးအတွက် စည်းရုံးတဲ့နေရာမှာ တချို့နိုင်ငံတွေမှာ စောစောကပြောတဲ့ သံသယလေးတွေ ရှိတယ်ဗျာ။ ဒါက ကလဲ့စားချေဖို့လား ဘာလားပေါ့။

အဲဒီမှာ ကျနော်စရှင်းပြခဲ့တာက ကော်မရှင်ဖွဲ့စည်းရေးက အရမ်းကို အရေးတကြီးလိုအပ်တဲ့ ကိစ္စဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဟိုးအတိတ်က တရားမမျှတမှု အကြောင်း ခဏထားလိုက်။ လက်ရှိဖြစ်ပေါ်နေတဲ့၊ နောက်ဖြစ်ပေါ်ဦးမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားဖို့အတွက် ကော်မရှင်ဟာ အရေးတကြီး လိုအပ်တယ်။

“ကော်မရှင်ကတော့ စုံစမ်းစစ်ဆေးရေး ဖွဲ့စည်းပြီးတော့ စုံစမ်းစစ်ဆေးပြီးတဲ့အခါကျတော့ ကော်မရှင်က ဘယ်လို အကြံပြုမလဲဆိုတာ ကျနော်တို့က ဘာမှမသိသေးဘူး။ လုံခြုံရေးကောင်စီကနေပြီးတော့ မြန်မာနိုင်ငံကိစ္စကို ကိုင်တွယ်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို လွှဲပြောင်းပေးဖို့ အကြံပြုကောင်း ပြုနိုင်တယ်။ သို့မဟုတ်လည်း ယူဂိုဆလပ်တို့မှာ လုပ်ခဲ့သလိုမျိုးပဲ international tribunal လုပ်ဖို့၊ သို့မဟုတ်ရင်လည်း တောင်အာဖရိကမှာ ဖြစ်ခဲ့သလိုမျိုး Truth and Reconciliation Commission ဆိုပြီးတော့ လုပ်ဖို့၊ သို့တည်းမဟုတ်လည်း ကမ္ဘောဒီးယားမှာလုပ်ခဲ့သလိုမျိုး ကုလသမဂ္ဂနဲ့အစိုးရနဲ့ ပူးတွဲထားတဲ့ ကော်မရှင်ခုံရုံးဖွဲ့ဖို့ကိုလည်း ဖြစ်နိုင်တယ်။

ဆိုတော့ ဒါတွေအားလုံးက စုံစမ်းရေးကော်မရှင် လက်ထဲမှာပဲ။ ဆိုတော့ နောက်ဘာဖြစ်လာမလဲဆိုတာ ကြိုတွေးပြီးတော့ နှောင့်နှေးနေမယ့်အစား အခုလုပ်ရမယ့်အလုပ်ကို အရင်ဆုံးအမြန်ဖြစ်အောင် လုပ်ဖို့၊ ဒီလိုလုပ်ဖို့ကလည်း ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာကို ကျနော်တို့ ထပ်ပြီးတော့ တတ်နိုင်သလောက် ထောက်ခံသွားဖို့ ပြောခဲ့တယ်။”

ကျေးဇူးအများကြီးတင်ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

နိုင်ငံတော်ကိုယ်တိုင်က အကြမ်းဖက်သမားဖြစ်နေပြီလား


ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ | ဒီတပတ် ဆရာဦးဝင်းတင်နဲ့ ဆုံတွေ့စကားပြောဖြစ်တဲ့အခါမှာ အဓိကမေးဖြစ် ပြောဖြစ်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီကို စစ်အစိုးရအာဘော် သတင်းစာများကနေပြီးတော့ ကြေကွဲဖွယ် ဇာတ်သိမ်းနဲ့ ကြုံရလိမ့်မယ်လို့ တရားဝင်ခြိမ်းခြောက်လိုက်တာရယ်၊ စီးပွားရေးပိတ်ဆို့မှုများနဲ့ ပတ်သက်တဲ့ သဘောထားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို ပြစ်တင်ဝေဖန် ပြောဆိုလာတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလ ၁၃၊ ၁၄၊ က စပြီးတော့ စစ်အစိုးရသတင်းစာတွေကနေပြီးတော့ အင်န်အယ်ဒီရဲ့ ဆန်ရှင်အပေါ် သဘောထားနဲ့ ပတ်သက်ပြီး ပြန်လှန် ဝေဖန်တိုက်ခိုက်တဲ့ ဆောင်းပါးတွေ ထည့်လာတယ်။ အဲဒီအထဲမှာ စီးပွားရေးပိတ်ဆို့မှုအပေါ်မှာ ပြန်လှန်ပြီး ပြောဆိုဆွေးနွေး ဝေဖန်ရန်တွေ့နေတာတွေအပြင်ကို ထူးထူးခြားခြား ဘာကို ထည့်ပြောလာသလဲဆိုတော့ ဒီလိုမျိုးစစ်အစိုးရကို ဆန့်ကျင်တဲ့ သဘောထားရှိတဲ့ ဒေါ်စုနဲ့ အင်န်အယ်ဒီပါတီဟာ သမိုင်းနိဂုံးချုပ်မယ်၊ နိုင်ငံရေးကျဆုံးမယ်လို့ ခြိမ်းခြောက်တဲ့ စကားကို ပြောတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့သတင်းစာမှာတော့ ဒေါ်စုကို အင်္ဂလိပ်ဘာသာနဲ့ တိတိကျကျ ပြတ်ပြတ်သားသားကို အသက်အန္တရာယ်နဲ့ ကြုံရမယ်၊ ကြေကွယ်ဖွယ် ဇာတ်သိမ်းနဲ့ ဇာတ်သိမ်းမလှ ဖြစ်လိမ့်မယ်လို့ကို ပြောင်ပြောင်တင်းတင်း ပြောလိုက်တယ်။ အတိအကျ စကားလုံးက She will meet her tragic end လို့ ပြောလိုက်တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့က ဘာမြင်သလဲဆိုတော့ လက်နက်ကိုင်ထားတဲ့ စစ်အစိုးရက စစ်အာဏာပိုင်တွေက လက်နက်မဲ့တဲ့ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အကြမ်းဖက်မယ်၊ ရန်မူမယ်လို့ ပြောလိုက်တယ်လို့ မြင်တယ်။ စိုးရိမ်စရာကောင်းတဲ့ သဘောလို့ မြင်ပါတယ်။ ဒါကို ဆရာက ဘာပြောချင်သလဲ။ ဆရာတို့က ဒါကို ပေါ့ပေါ့ဆဆပဲ သဘောထားသလား။

အဲသည်ဆောင်ပါးတွေရဲ့ ဂယက်နဲ့ ကျနော်တို့ သဘောထားကို မပြောခင်မှာ၊ ပြည်သူလူထုဖက်က တုန့်ပြန်မှုကို မပြောခင်မှာ အရင်ဆုံး ဘာကို ပြောချင်သလဲ ဆိုတော့ - သူတို့စစ်အစိုးရရဲ့ သတင်းစာကနေ ဒီလိုမျိုး စကားလုံးတွေ သုံးစွဲပြီး ခြိမ်းခြောက် ရေးသားလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနကနေပြီး အလွန်အမင်း စိုးရိမ်သွားပြီးတော့ သူတို့အစိုးရတရပ်အနေနဲ့ စစ်အစိုးရကို တရားဝင် သတိပေးပြောဆိုချက် ထွက်ပေါ်လာတာကို တွေ့ရတယ် လို့ ပြောချင်ပါတယ်။

အမေရိကန်အစိုးရက မြန်မာစစ်အစိုးရကို သတိပေးတဲ့ စကားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့၊ စောင့်ရှောက်ပေးဖို့ တာဝန်ဟာ စစ်အစိုးရမှာ တာဝန်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တယ်။
မြန်မာပြည်တွင်းက ပြည်သူတွေနဲ့အတူ စိုးရိမ်တယ်လို့ သဘော ပြောလာတာကို တွေ့ရပါတယ်။ ဟုတ်ပါတယ်။ ကျနော်တို့တွေမှာကော၊ ပြည်သူလူထုတွေ ကြားထဲမှာ စိုးရိမ်မှုတွေ၊ သောကတွေ ပိုပြီး ဖြစ်လာတယ်။ ကျယ်ပြန့်လာတယ်လို့ ကျနော်တို့ ကြုံတွေ့နေရပါတယ်။

သူတို့စစ်အစိုးရ ကျင်းပနေတဲ့ လွှတ်တော်ဆိုတဲ့ ဆီမှာကလည်း ၀န်ကြီးတွေ ခန့်တာတွေ၊ ထွက်တာတွေ၊ အပြောင်းအလဲတွေ ဖြစ်တယ်လို့ သတင်းတွေ၊ ပါးစပ်အပြောတွေကလည်း ပြန့်နှံ့ပြီး တိုင်းပြည်ကလည်း မငြိမ်မသက်ဖြစ်နေတဲ့အတွက် ဖေဖော်ဝါရီလ ၁၇ နေ့က ဆိုရင် ဘယ်လောက်ထိ ကောလဟလတွေက ဖြစ်သလဲ ဆိုတော့ ညကပဲ အင်န်အယ်ဒီပါတီကို ၀င်သိမ်းတယ်၊ ၀င်ဖမ်းတယ် ကြားလို့ သတင်းဌာနတွေက ပြည်သူတွေက ဖုံးဆက်ပြီး မေးကြ၊ မြန်းကြ၊ စုံစမ်းကြတာတွေကိုတောင် ကျနော်တို့ ကြုံကြရတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ စစ်အစိုးရရဲ့ တင်းမာတဲ့ သဘောထား ထုတ်ပြန်ချက်ကြောင့် နိုင်ငံတကာမှာကော၊ ပြည်တွင်းက ပြည်သူလူထုတရပ်လုံးမှာပါ မတည်မငြိမ်နဲ့ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ပြောချင်ပါတယ်။

နောက်မေးခွန်းတခုကတော့ ဆရာရယ်။ အခု ဖေဖော်ဝါရီလမှာ ထုတ်ပြန်လိုက်တဲ့ အင်န်အယ်ဒီရဲ့ နိုင်ငံတာကဆန်ရှင်ပေါ်မှာ လက်ခံတယ်ဆိုတဲ့ သဘောထား၊ ပြီင်္းတော့ နိုင်ငံတကာကလည်း ဆန်ရှင်တွေ၊ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းမယ်၊ စဉ်းစားမယ် ဆိုရင်လည်း စစ်အစိုးရနဲ့ အပေါင်းအပါတွေနဲ့ တဖက်သတ် တွေ့ဆုံပြီး မဆုံးဖြတ်နဲ့၊ ပြည်သူလူထုထောက်ခံမှုရရှိထားတဲ့ အတိုက်အခံဒီမိုကရေစီအင်အားစုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အင်န်အယ်ဒီနဲ့တကွ မဟာမိတ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးပါလို့ ကမ်းလှမ်းလိုက်တယ်၊ ပြောလိုက်တယ်လို့ ကျနော်တို့က မြင်ပါတယ်။ အဲသည်လို ပြောတာ ဖြစ်တဲ့အတွက် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာလုံးနဲ့ မြန်မာပြည်တွင်းသာမက၊ ပြည်ပက မြန်မာပြည်အရေးစိတ်ဝင်စားသူတွေကိုပါ ရည်ရွယ်ပြီး ရေးသားလိုက်တယ်လို့ ရှုမြင်မိပါတယ်။ ဒီလိုမျိုး ရှင်းလင်းချက်က ဘာများ လူအများ နားမလည်စေတဲ့ မျက်စိလည်စရာများ ရှိနေလို့လဲ။

ဒါက ရှင်းလင်းပါတယ်။ ကျနော်တို့ရဲ့ ကမ်းလှမ်းချက်၊ သဘောထားထုတ်ပြန်ချက်က အင်န်အယ်ဒီနဲ့ မဟာမိတ်နိုင်ငံရေးအင်အားစုတွေ မပါဝင်ဘဲနဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့တာတွေကို ရုတ်သိမ်းဖို့၊ ပြင်ဆင်ဖို့၊ ဘာပဲ လုပ်လုပ်၊ မစဉ်းစားပါနဲ့၊ မဆုံးဖြတ်ပါနဲ့။ ကျနော်တို့နဲ့ ဆွေးနွေးပါလို့ ပြောလိုက်တာ ဖြစ်တယ်။ ဒါကို အနောက်နိုင်ငံတွေထဲမှာ အရင်ဦးဆုံး လက်ခံတာ၊ အသိအမှတ်ပြုတာက အမေရိကန်နိုင်ငံဖြစ်တယ်။ ဥရောပတို့ အီးယူတို့က ဘာပြောမလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့။ စစ်အစိုးရနဲ့ သူတို့ အပေါင်းအပါတွေက အမြဲတစိုက်ပြောနေတာက ဆန်ရှင်တွေက ပြည်သူလူထုကို ထိခိုက်တယ်လို့ ပြောတယ်။ ကျနော်တို့ပြောနေတာက ပြည်သူလူထုကို ထိခိုက်တာထက် လူ့အခွင့်အရေးတွေ အမြဲချိုးဖောက်နေတဲ့ ဒီမိုကရေစီရေး တိုင်းပြည်အရေးကို အလေးမထားတဲ့ စစ်အစိုးရကို ထိခိုက်စေတယ် လို့ ပြောတယ်။ ဒါကြောင့် ဆန်ရှင်ကိစ္စကို လျော့ချင်တာပဲ ဖြစ်ဖြစ်၊ တိုးချင်တာပဲဖြစ်ဖြစ် ကျနော်တို့နဲ့ ဆွေးနွေးပါ၊ တိုင်ပင်ပါ။ သဘောထားကို တောင်းပါလို့ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါဆိုရင် ကျနော်တို့က ပြောချင်တာတခုကတော့ ပြည်သူလူထုတွေ၊ ပြည်တွင်းက တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလုပ်သမား လယ်သမားတွေ အားလုံးမှာ နိုင်ငံရေးချွတ်ခြုံကျမှု၊ စီးပွားရေး ချွတ်ခြုံကျမှု၊ ပညာရေးချွတ်ခြုံကျမှု၊ လူ့အခွင့်အရေးတွေ၊ အလုပ်သမား လယ်သမားအခွင့်အရေးတွေ အားလုံး ချွတ်ခြုံကျမှုတွေ ဖြစ်နေတယ်။ ခံစားနေရတယ်။ လူမှုရေး ကျန်းမာရေး အစစအရာရာ အထွေထွေ ဆင်းရဲ ချို့တဲ့နေရတာတွေ အားလုံးဟာ ဆန်ရှင်ကြောင့်လို့ စစ်အစိုးရနဲ့ အပေါင်းအပါတွေက ၀ိုင်းပြီး လက်ညှိုးထိုးနေတာကို စစ်အစိုးရလက်အောက်က ပြည်သူလူထုကြီး အားလုံးက တပြိုင်နက်တည်း ခေါင်းတွေ ညိတ်ပြီး ဟုတ်တယ် ဟုတ်တယ်လို့ ပြောနေကြလို့လား။ လူထုက ဘယ်လိုခံစားနေရတယ်၊ ဘယ်လိုနားလည် သဘောပေါက်နေတယ်လို့ ဆရာက မြင်သလဲ။ ပြောချင်သလဲ။

အခု ကျနော်တို့ သဘောထားထုတ်ပြန်ချက်တွေမှာလည်း ပြောပြီးပါပြီ။ တိုင်းပြည်မှာ အစစအရာရာ ချွတ်ခြုံကျပြီး ဆင်းရဲဒုက္ခမျိုးစုံနဲ့ လွတ်လပ်ရေးတွေ ဆိတ်သုဉ်းနေတာ၊ လူ့အခွင့်အရေးတွေ၊ အလုပ်သမား၊ လယ်သမားတွေ၊ တိုင်းရင်းသားတွေ အားလုံးရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးနေရတာဟာ ဆန်ရှင်ဆိုတာထက် စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ခြယ်မှုတွေ၊ စီမံခန့်ခွဲမှု ချွတ်ခြုံကျနေတာတွေ ကြောင့်ဖြစ်တယ်။ လက်ဝါးကြီးအုပ် စစ်အုပ်ချုပ်မှုတွေ၊ အကျင့်ပျက် ခြစားမှုတွေကြောင့် ဖြစ်တယ်ဆိုတာကို ပြည်သူတွေက ထင်ထင်ရှားရှား ပြတ်ပြတ်သားသား နားလည်နေပြီး ဖြစ်ပါတယ်။ အခုအချိန်မှာ လူထုက စစ်အစိုးရကြောင့် သည်လို အထွေထွေဆင်းရဲကြပ်တည်းမှုကို ရင်ဆိုင်နေရတာ ဖြစ်တယ်။ လူ့အခွင့်အရေး အလုပ်သမား လယ်သမား အခွင့်အရေးတွေ မရှိလို့ ဆင်းရဲတာ၊ စီးပွားရေးအခွင့်အရေးတွေ မရှိတာကြောင့် တိုင်းပြည် ကြပ်တည်းတာဆိုတာကို သိပြီး ဖြစ်တယ်။ အခုထုတ်ပြန်တာကလည်း ပြည်သူလူထုကို ရှင်းပြတာထက် နားဝေးတဲ့ ပြည်ပက အစုအဖွဲ့တွေ၊ သက်ဆိုင်ရာတွေကို သဘောပေါက်အောင်၊ နားလည်အောင် ရှင်းတာပဲ ဖြစ်တယ်။ ဒါကြောင့် ဘာလုပ်လုပ် ကျနော်တို့နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ပါ၊ ဒါကြောင့် ကျနော်တို့က အင်္ဂလိပ်ဘာသာနဲ့ စနစ်တကျ အချက်အလက်နဲ့ သေသေချာချာ ရေးသား ထုတ်ပြန်ရတာဖြစ်တယ်။ ဒါကို နားလည်ကြစေချင်တယ်။

ကျေးဇူးတင်ပါတယ် ဆရာ။

(ဆက်လက်ဖော်ပြပါမည်)

source by : http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး ကုလသမဂ္ဂစိုးရိမ်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီအားလုံး ပါဝင်စေဖို့ ကုလသမဂ္ဂကလိုလားကြောင်းနဲ့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူဒဏ်ခတ်မှုတွေ ဆက်ပြီးထားရှိဖို့ တိုက်တွန်းနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရရဲ့အာဘော်ဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာထဲမှာ ခြိမ်းခြောက်ရေးသားမှုတွေ တွေ့လာရတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က စိုးရိမ်စိတ်ပူကြောင်း သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ မာတင် နာဆာကီက အခုလိုပြောပါတယ်။

“ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံရေးပါတီအားလုံး လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရဖို့ အစဉ်တစိုက်ထောက်ခံနေတာပါ။ နောင်ကိုလည်း ဆက်ပြီး ထောက်ခံနေမှာပါ။ ဒီလိုပါဝင်ခွင့်မရအောင်လုပ်ဆောင်တဲ့ ဘယ်လုပ်ဆောင်မှုပဲစ်ဖြစ်၊ ဒါမှမဟုတ် ဘယ်ကြေညာချက်မျိုးဖြစ်ဖြစ် ကုလသမဂ္ဂရဲ့ စိုးရိမ်မှု ဖြစ်လာပါလိမ့်မယ်။” - လို့ မာတင်နာဆာကီ ကပြောသွားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရပိုင် သတင်းစာတွေက ဝေဖန်တိုက်ခိုက် ရေးသားလာတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးကင်းလုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်တဲ့အကြောင်း ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဟာ မြန်မာအစိုးရအပေါ်မှာ အဓိက တာဝန်ရှိတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရော်လီ (P.J Crowley) က ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲ အတွင်းမှာ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် အထက်လွှတ်တော်ရဲ့ ရီပါပလစ်ကန်အမတ် မစ်ခ်ျမက်ကောနဲလ် ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ စိုးရိမ်တဲ့အကြောင်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ပြောကြားခဲ့ပါသေးတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...