Friday, October 8, 2010

ဘင်္ဂလား ပင်လယ်အော် မုန်တိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေကို စတင်ဖြတ်ကျော် နေပြီ

(၈-၁၀-၂၀၁၀)ရက် နံနက်(၁၀း၁၀) နာရီအချိန် ထုတ်ပြန်ချက်

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။


(၇-၁၀-၂၀၁၀)ရက်နေ့ ကတည်းကဖြစ်ပေါ်နေခဲ့တဲ့ မုန်တိုင်းငယ်ဟာ လွန်ခဲ့တဲ့ညက သိသိသာသာ အားကောင်း လာခဲခြင်းမရှိခဲ့ဘဲ ကြီးမားတဲ့ တိမ်တိုက်ကြီးတစ်ခုအနေနဲ့ အရှေ့မြောက်ဖက်ကို လျင်မြန်စွာဦးတည် ရွေ့လျားလာခဲ့ ပါတယ်။ (၈-၁၀-၂၀၁၀)ရက်ဒီကနေ့ မနက်မှာတော့ ဒီမုန်တိုင်းငယ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စတင်ဖြတ်ကျော် နေပြီဖြစ်ပါတယ်။

မုန်တိုင်းကြောင့်ဖြစ်နေတဲ့ တိမ်အစုကြီးဟာ အရှေ့မြောက်ဖက်ကို ရွေ့နေပြီး နောက်(၁၂)နာရီအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကို ဖြတ်သန်းသွား လိမ့်မယ်လို့ MCCW ကခန့်မှန်းပါတယ်။ ဒီလိုဖြတ်သန်းတဲ့အချိန်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးရွာနိုင်ပါတယ်။ ဒေသအလိုက် မိုးကြီးမှုလည်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာရင် အထူးသတိပြုကြရမှာကတော့ ကုန်းမြင့်ဒေသတွေမှာ မြေပြိုကျမှုတွေနဲ့ တောင်ကြားဒေသတွေမှာ ရုတ်တရက် ရေကြီးမှုတွေဘဲဖြစ်ပါတယ်။ မုန်တိုင်းကျရောက်တာလောက် မကျယ်ပြန့်ပေမယ့် အတိုင်းအတာတစ်ခုအထိ အသေအပျောက် အပျက်အစီးရှိနိုင်လို့ သတိထားစေလိုပါတယ်။ ရွာသွန်းတဲ့ မိုးတွေဟာ ချင်းတွင်းနဲ့ မြစ်သာမြစ်တို့ရဲ့ရေဝေရေလဲဒေသတွေမှာ မိုးများနိုင်တာကြောင့် ချင်းတွင်းမြစ်ရေတွေ မြန်မြန်ဆန်ဆန် တက်လာနိုင်တာကိုလည်း သတိပြုစေလိုပါတယ်။ ရခိုင်ကမ်းရိုးတန်းဒေသနဲ့ ကမ်းလွန် ပင်လယ်ပြင် အတွက်ကတော့ လက်ရှိမုန်တိုင်းရဲ့ အင်အားဟာ မုန်တိုင်း ဒီရေကြီးကြီးမာမားမား တက်လောက်တဲ့ အင်အားမရှိလို့ မုန်တိုင်းဒီရေအန္တရာယ် ကတော့နည်းပါတယ်။ ဒါပေမယ့် အားကောင်းတဲ့ မိုးတိမ်တောင်ကြိးတွေ ပါလာတာကြောင့် လေပြင်း တိုက်ခတ်တာတွေ၊ မိုးကြိုးပစ်တာတွေ၊ လေဆင်နှာမောင်း ကျရောက်တတ်တာတွေ၊ လှို်င်းကြီးတတ်တာတွေတော့ ကြုံတွေ့ ရနိုင်ပါတယ်။ မိုးရယ်၊လေရယ်၊လှိုင်းရယ်ကတော့တွေ့မှာ အသေအချာဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ကမ်းရိုးတန်းနဲ့ကမ်းလွန် ပင်လယ်ပြင်သွား ငါးဖမ်းရေယာဉ်တွေ၊ ခရီးသွားရေယာဉ်တွေအနေနဲ့ အထူးဂရုပြု သွားလာကြဖို့ MCCW မှ အကြံပြုပါတယ်။

MCCW အနေနဲ့ အခုအောက်တိုဘာလထဲမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း(၂)ကြိမ်ခန့် အထိဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီမုန်တိုင်းဟာ ၂၀၁၀ ခုနှစ်အတွင်း ဒုတိယ မြောက်မုန်တိုင်းဖြစ်ပါတယ်။ (၇-၁၀-၂၀၁၀)ရက် ညပိုင်းက တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်နေခဲ့တဲ့ မုန်တိုင်းငယ် 14W ဟာ လွန်ခဲ့တဲ့ခြောက်နာရီ အတွင်းက မြောက်ဖက်သို့ မျောပါရွေ့လျားလာခဲ့ 18.2°N, 108.6°E ကိုရောက်လာပြီး၊ ဟိုင်နန်ကျွန်း ရဲ့အနောက် ဖက် ရေမိုင်(၂)မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ ဒီအပူပိုင်း မုန်တိုင်းဟာ အရှေ့ဖက်ဆီ ကို 2 knots နှုန်းနဲ့ တဖြည်းဖြည်း ဆက်လက်ရွေ့သွားမယ်လို့ USA,JTWC က ခန့်မှန်းထားပါတယ်။ မုန်တိုင်းအခြေအနေတွေကို MCCW က အချိန်နဲ့ တပြေးညီ ဖေါ်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာမည့်အောက်တိုဘာလနှင့် နိုဝင်ဘာလတို့မှာ ဘင်္ဂလားပင်လယ်အော်၌ စာရင်းအင်း လေ့လာမှုအရလည်းကောင်း၊ ပုံသဏ္ဍာန်တူနှစ်များ လေ့လာမှုအဖြေအရလည်းကောင်း မုန်တိုင်းဖြစ်ရန် အလားအလာများရှိနေသဖြင့် MCCW မှ မုန်တိုင်းအခြေအနေ သတင်းများကို အချိန်နှင့် တပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။


(Updated on 08:10.2010 at 10:30 MST)

source by : http://www.tunlwin.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, October 7, 2010

သတင်းထူးပါရင် ပြောပါ

သတင်းထူးပါရင် ပြောပါ
ပြောပါအုံး သတင်းထူး ပါရင်။
ဒီနေ့ ကြေးမုံ သတင်းစာမှာတော့ ဟောသလို တပုဒ် တွေ့ရတယ်။


စာမျက်နှာ ၃ ရောက်တာနဲ့ အဲဒီသတင်းကို ချက်ချင်း ဖတ်ဖြစ်အောင် ခေါင်းစည်းရဲ့ အခင်းအကျင်းကို ပြင်ဆင်ထားလေရဲ့။ သတင်းထူးလို့ နေမှာပေါ့။

ဘင်္ဂလားပင်လယ်အော် ဆိုတော့ ရော့ခ်ဂီတ သတင်းများလား။

လေဖိအားနည်း ဘာညာ ဖြစ်ပေါ် ဆိုတော့ ကောင်းတာပေါ့။ ဘာမှ မဖြစ်တာထက်စာရင် တခုခု ဖြစ်တာ ကောင်းတာပေါ့ လို့ စသဖြင့် တွေးမိတယ်။

သတင်းကလည်း တကြောင်းထဲ။ ၀ါကျ တကြောင်းထဲ။
ကြိုက်တယ်ဗျာ။ ဒါမျိုးသတင်းတွေ ဖတ်ချင်နေတာ။ ကျစ်လျစ်တယ်။ အချိန်ကုန် သက်သာတယ်။ အရေးအသား ပြတ်သားတယ်၊ ရဲရင့်တယ်။ သတင်းသမားတွေ ပြောတဲ့ ဘကုန်း ၆ လုံး မဟုတ်ရင်တောင် ၆ လုံး နီးပါး ပါတယ်။ ဘာဖြစ်တယ်၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်သူက ပြောတယ် စသဖြင့်။

လေဖိအားနည်းရပ်ဝန်း ဆိုတာ ဘာလဲ။
အမ် - စာဖတ်သူတယောက် လုပ်နေပြီး ဒါလေးတောင် မသိဘူးလား။ မသိရင်လည်း မတတ်နိုင်ဘူး။ ကျနော်လည်း မသိတော့ မရှင်းပြတတ်ဘူးဗျာ။

ကဲ - သတင်းစာ နေ့စဉ်ကြည့်ရှုပါ၊
သတင်းထူးပါရင် ပြောပါ။ (သံနေသံထားဖြင့် အော်ဖတ်ရန်)

မနေ့က သတင်းစာ

မနေ့က သတင်းစာလည်း ထူးတာ တခုတော့ ပါတယ်။ မင်းတြားကြီးကို ထိုင်ကန်တော့ကြတဲ့ ဓာတ်ပုံပါ။
မင်းတြားကြီးကို သူ့လူတွေက ထိုင်ကန်တော့ရတယ် ဆိုတာ ကြားဖူးထားမှာပေါ့။ အပြင်မှာ လျှောက်ပြောနေတာတွေ မှန်တဲ့အကြောင်း သတင်းစာထဲ ဓာတ်ပုံနဲ့တကွ ကြော်ငြာတာ ထင်ပါရဲ့။


အောက်တိုဘာ ၃ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော် လေဆိပ်မှာ မြန်မာသံအမတ်၊ မြန်မာစစ်သံမှူးနဲ့ ၀န်ထမ်း ကြီးငယ်တို့ ဖူးမျှော်တာကို ခံယူနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ဗိုလ်ချုပ်မှူးကြီး ကြိုင်ကြိုင်။
စက်ဝိုင်း ၀ိုင်းပြတာကတော့ အဆက်မပြတ် လက်အုပ်ချီနေတာကို သိစေချင်လို့ပါး)

ကဲ - သတင်းစာတွေ ဖတ်ကြပါ။ သတင်းထူး ပါရင် ပြောပါ။


source by :ဧရာဝတီဘလောဂ်

အပြည့်အစုံ ဖတ်ရန် ...

ရှမ်းပြည် မြောက်ပိုင်း၌ အစိုးရတပ်များ ထပ်မံတိုးချဲ့

သန်းထိုက်ဦး | ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ်ထားသော တပ်မဟာ ၁ ဒေသတွင် မြန်မာ စစ်အစိုးရတပ်များ အပြင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကိုပါ စစ်အရေးအရ ပူးတွဲလှုပ်ရှားရန် ထပ်မံ တိုးချဲ့ထားကြောင်း သိရသည်။

ရှမ်းပြည် မြောက်ပိုင်း တန့်ယန်း ဒေသ အခြေစိုက် ဗိုလ်မွန် ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့၊ စိန်ကျော့ အခြေစိုက် ပြည်သူ့ စစ်တပ်ဖွဲ့ ၀င်များနှင့် တချို့ ပြည်သူ့စစ်တပ်ဖွဲ့များကို ရှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ ဒေသအနီးတ၀ိုက်တွင် ယခုလဆန်း ပိုင်းက ဆင့်ခေါ်ထားကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း( SSA -S) ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်း က ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရ အနေဖြင့် တပ်မဟာ ၁ ဒေသကို တိုက်ခိုက်ရန်အတွက် ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များကို ဆင့်ခေါ်ထားသကဲ့သို့ ဖြစ်နေ ကြောင်း ၎င်းက ဆိုသည်။ ယခု ဆင့်ခေါ်ထားသော ပြည်သူ့စစ် တပ်ဖွဲ့ဝင်များတွင် ယခင် SSA-N မှ ခွဲထွက်ခဲ့သူများလည်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သော လဆန်းပိုင်းတွင်လည်း ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေ စိုက်(စကခ) ၂ မှ တပ်ရင်းတချို့ကို တိုးချဲ့ချထားပြီးနောက် ပြည်သူ့စစ်တပ်များကို ထပ်မံတိုးချဲ့ထားခြင်း ဖြစ်သည်။

စစ်အစိုးရက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ခေါ်ယူခြင်းနှင့် ပတ်သက်၍ တပ်မဟာ ၁ နယ်မြေတွင် စစ်ဖြစ်လာပါက အချင်းချင်း ပြန်လည်တိုက်ခိုင်စေရန်အတွက် ဖြစ်နိုင်ကြောင်း စစ်ရေး စောင့်ကြည့်လေ့လာသူများက ဆိုသည်။

သို့သော် စစ်အစိုးရက ပြည်သူ့စစ် တပ်ဖွဲ့များကို ဆင့်ခေါ်သည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိရ သေးပေ။

SSA-N ခေါင်းဆောင် ဗိုလ်ချုပ် ပန်ဖကလည်း ၎င်း ထိန်းချုပ်ထားသော ဒေသရှိ တပ်ဖွဲ့ဝင်များကို အဆင်သင့် ဖြစ်ရန် ပြီးခဲ့သော စက်တင်ဘာလကုန်ပိုင်းက တပ်လှန့်ထားသည်။ ယင်းတပ်တွင် တပ်အင်အား ၃၀၀၀ ခန့် ရှိကြောင်း သိရသည်။

မြန်မာ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရန်အတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းအဖွဲ့က လက်မခံသဖြင့် နှစ်ဘက် စစ်ရေး တင်းမာနေခြင်း ဖြစ်သည်။

“အချိန်မရွေး ထပြီးပေါက်ကွဲနိုင်တဲ့ အခြေအနေမှာ ရှိတယ်၊ လွန်ခဲ့တဲ့ လတုန်းကလည်း နအဖ ဘက်ကနေ တပ်မဟာ ၁ ကို ၃ ကြိမ် အထိတောင် တိုက်ခိုက်ခဲ့ပြီးပြီ၊ ဆိုတော့ နအဖ တပ်တွေကလည်း အဲဒီတပ်မဟာ ၁ ကို တစုံတရာ တိုက်ခိုက်ဖို့ ဆောင် ရွက်နေတယ်လို့ သတင်းတွေ ကြားသိရပါတယ်”ဟု စိုင်းလောင်ဆိုင်းက ပြောသည်။

ပြီးခဲ့သည့်လအတွင်း စစ်အစိုးရတပ်များနှင့် တိုက်ပွဲ ၃ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး တပ်မဟာ ၁ ထိန်းချုပ်ထားသော နယ်မြေ ၀မ်ဟိုင်း ဒေသ တ၀ိုက်တွင်လည်း ၀ိုင်းထားသော ပုံစံမျိုးဖြင့် ပြီးခဲ့သည့်လအတွင်း နအဖ တပ်အင်အားများ ဖြည့်ဆည်းထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

သျှမ်းသံတော်ဆင့် သတင်း ဌာနမှ အယ်ဒီတာ တဦးဖြစ်သူ ဦးစိန်ကြည်ကလည်း နအဖ တပ်၏ ခြေမြန်တပ်ရင်း(ခမရ) ၃၂၅ တပ်များ ယခုရက်ပိုင်းအတွင်း ထပ်မံ တိုးချဲ့လာသည့်အတွက် ယင်း ဒေသရှိ ရွာသားများကလည်း စစ်တပ်လုံခြုံရေး အတွက် အဓမ္မလုပ်အားပေးခိုင်းစေမှုများ ရှိကြောင်း ပြောသည်။

“ရွာသားတွေ ၂၀၀ ကျော်တယ်၊ သူတို့ကို အဓမ္မလုပ်အားပေးခိုင်းတယ်၊ သစ်တွေ ၀ါးတွေ ခြုံတွေ ရှင်းခိုင်းတယ်၊ တဲတွေ ဆောက်ခိုင်းတယ်၊ ပြီးလို့ရှိရင် ကတုတ်ကျင်းတွေ တူးခိုင်တယ်”ဟု ၎င်းက ဆိုသည်။ အဓမ္မ လုပ်အားပေး ခိုင်းစေခံရသော ရွာသားများသည် မိုင်းရယ်မြို့နယ်အတွင်းရှိ ဒေသခံများဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

source by : ဧရာဝတီ

အပြည့်အစုံ ဖတ်ရန် ...

“ကျမတို့ မျိုးဆက် ရောက်လာပြီ”

ဧရာဝတီ | မဝေနှင်းပွင့်သုန်သည် လက်ရှိ တောင်ကြီးထောင်၌ အကျဉ်းချခံနေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးမြအေး၏ သမီးကြီးဖြစ်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန် မြို့ရှိ တက္ကသိုလ် တခုတွင် နိုင်ငံရေးနှင့် လူမှုဗေဒဘာသာဖြင့် ဒုတိယနှစ်တွင် တက်ရောက် သင်ကြားလျက်ရှိသည်။ ၎င်းသည် ဖခင်ဖြစ်သူ ဦးမြအေး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်နေသူ တဦးလည်း ဖြစ်သည်။ သူ၏ မိခင်နှင့် ညီမမှာ မြန်မာပြည်တွင် နေထိုင်လျက်ရှိသည်။

waihnin-pwint-thon-02

မဝေနှင်းပွင့်သုန်

အသက် ၂၁ ရှိပြီ ဖြစ်သော မဝေနှင်းပွင့်သုန်သည် လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK)၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) တို့နှင့်လည်း ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်နေသူ တဦးဖြစ်သည်။ AI ၏ ဆက်သွယ် ပေးမှုဖြင့် မကြာသေးမီက လေဘာပါတီ ညီလာခံတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ စကားပြောခဲ့သည်။

မဝေနှင်းပွင့်သုန် လေဘာပါတီတွင် စကားပြောသည့် ရုပ်သံ မှတ်တမ်းမှာ အင်တာနက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေပြီး အများစုက ချီးကျူးကြသော်လည်း ဝေဖန်ပြောဆိုမှု အနည်းငယ်ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် မဝေနှင်းပွင့်သုန်ကို ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ လေဘာပါတီရဲ့ ညီလာခံမှာ စကားပြောခွင့် ရတဲ့အတွက် ဘယ်လို အကျိုးအမြတ်တွေရခဲ့လဲ။ ဘယ်လို တုံ့ပြန်မှုတွေ ရခဲ့လဲ။

ဖြေ။ ။ အစက မျှော်မှန်းထားတာကတော့ ဒီလေဘာပါတီထဲကနေ လူတွေကနေ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ သိလာမယ်၊ ပိုပြီးတော့ လုပ်ချင်လာမယ်ဆိုတဲ့ စိတ်မျိုးပေါ့။ ဒါပေမယ့် အဲဒီထက် ပိုပြီးကောင်းတဲ့တခု ကျမ ရတာကတော့ မြန်မာ အသိုင်းအ၀န်းထဲက လူငယ်တွေ အတော်များများက သူတို့အနေနဲ့ ကျမရဲ့ မိန့်ခွန်းကို ကြည့်ပြီးတဲ့ အခါမှာ သူတို့ တခုခု လုပ်ချင်လာတယ်၊ သူတို့ ဘယ်လို ပါဝင်လို့ရမလဲ၊ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ သူတို့လည်း လှုပ်ရှားမှု တခုခု လုပ်ချင်တယ် ဆိုပြီးတော့ မြန်မာလူငယ်တွေ ဆက်သွယ်လာတာ အများကြီးရှိတယ်။ အဲဒါတွေအတွက် ကျမ အရမ်း ၀မ်းသာအားရဖြစ်မိပါတယ်။

အမတ်တော်တော် များများနဲ့ စကားပြောရတဲ့ အခါမှာတော့ သူတို့ တခုခု လုပ်မယ်၊ မြန်မာ့နိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ ဘာလုပ်လို့ရမလဲ၊ ဘယ်လိုပါဝင် လှုပ်ရှားလို့ရမလဲ၊ Burma Campagin နဲ့ တွေ့ရမလား၊ ဘယ်လို အဖွဲ့အစည်းမျိုးနဲ့ တွေ့ပြီး လှုပ်ရှားလို့ရမလဲ ဆိုပြီးတော့ လာမေးတာတွေ အများကြီးရှိတယ်။ အဲဒါတော့ အရမ်း ကောင်းတယ်လို့ မြင်မိပါတယ်။

မေး။ ။ လေဘာ အစိုးရတုန်းက မြန်မာပြည်အပေါ်ထားတဲ့ မူဝါဒနဲ့ လက်ရှိညွန့်ပေါင်း အစိုးရဲ့ မူဝါဒ ဘယ်ဟာက ပိုကောင်းမယ်လို့ထင်လဲ။

ဖြေ။ ။ အခုလောလောဆယ် အစိုးရပြောင်းလဲသွားတဲ့ နောက်ပိုင်းမှာ ဒီဘက်က အစိုးရကနေပြီးတော့ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီးတော့ လေဘာလောက် ပွင့်ပွင့်လင်းလင်း စကားပြောတာတွေ မရှိသေးဘူး။ အထူးသဖြင့် Commission of Inquiry ဆိုလို့ရှိရင် ဒီဘက်က အစိုးရက ပွင့်ပွင့်လင်းလင်း မပြောသေးဘူး။ သူ့အနေနဲ့ ထောက်ခံတယ်ဆိုပြီးတော့ မပြောဘူး။ လေဘာ အစိုးရ ဆိုရင် သူ ထောက်တော့ ထောက်ခံတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး သူလုပ်မယ်၊ အဲဒီလိုမျိုး ပြောတာရှိတယ်။ အဲဒါကတော့ ကွာခြားတယ်လို့မြင်မိတယ်။ အထူးသဖြင့် လေဘာအစိုးရ ဆိုရင် ဂေါ်ဒွန် ဘရောင်းပေါ့။ သူက တကယ်ကို ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားတယ်။ မြန်မာ့အရေးနဲ့ ပတ်သက် ပြီးတော့ စိတ်လည်းဝင်စားတယ်။ ဒီ ဒေးဗစ်မီလီဘန်ဆိုလည်း အဲဒီလိုပဲ။ ဒါပေမယ့် ကျမတို့ ဒီဘက်က ညွန့်ပေါင်း အစိုးရသစ်ကတော့ အဲဒီလောက်အထိ လှုပ်ရှားမှု လုပ်တာမရှိဘူး။ စိတ်ဝင်စားမှုတော့ရှိပါတယ်။

ကျမတို့အနေနဲ့ ဒေးဗစ်ကင်မရွန်ရော၊ ပြီးတော့ မစ်ကရက်ကိုရော သူတို့ ဒီထက်ပိုပြီးတော့ ပါဝင်လှုပ်ရှားလာအောင်၊ ပြီးတော့ ဂေါ်ဒွန်ဘရောင်းလုပ်ခဲ့သလိုပဲ မြန်မာ့ အရေးကို စိတ်ဝင်တစားနဲ့သူတို့ပိုပြီး ဆောင်ရွက်လာအောင် လုပ်ဖို့ ကျမတို့ အနေနဲ့လည်း လိုအပ်သေးတယ်လို့ မြင်မိတယ်။

မေး။ ။ Burma Campagin UK ကို တချို့က စီးပွားရေးပိတ်ဆို့တာကို ထောက်ခံတာနဲ့ ပတ်သက်ပြီး အစွန်းရောက်တယ်လို့ ပြောတာတွေရှိတယ်။ အဲဒီအဖွဲ့နဲ့တွဲပြီး လက်တွဲ အလုပ်လုပ်နေတဲ့ သူတယောက်အနေနဲ့ အဲဒီဝေဖန်ချက်တွေကို ဘယ်လိုများ ထင်မြင်မိပါသလဲ။

ဖြေ။ ။ ကျမပြောချင်တာကတော့ ကိုယ် ဘယ်အဖွဲ့အစည်းနဲ့ပဲ အလုပ် လုပ်၊ အဓိက ကိုယ့်ခံယူချက်က ပိုအရေးကြီးတယ်လို့ မြင်မိတယ်။ ကျမရဲ့ ခံယူချက်က ဒီလူ့အခွင့်အရေး လှုပ်ရှားမှုကို လုပ်ချင်တယ်။ မြန်မာနိုင်ငံထဲမှာ လူငယ်တွေ အကုန်လုံးရော၊ ပြီးတဲ့ အခါကျတော့ လူသားတွေအကုန်လုံးကို လူ့အခွင့်အရေးဆိုတဲ့ အရာ ရှိစေချင်တယ်။ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး ဆိုတာ ကျမတို့ နိုင်ငံထဲမှာ ရှိပြီးတော့ ပျော်ရွှင်စေချင်တယ်။ ကျမရဲ့ခံယူချက်က ကျမ ဒါလုပ်နေတယ်ဆိုတာ မြန်မာနိုင်ငံက လူသားတွေအတွက် လုပ်နေတာ ဆိုတော့ ကျမမှာ အဖွဲ့အစည်း အစွဲဆိုတဲ့ဟာ မရှိဘူး။ အချိန်တန်တဲ့ အခါကျရင် ကျမဟာ မြန်မာနိုင်ငံသားတွေအတွက် အမြဲတမ်း အဆင်သင့်ရှိနေမယ် ဆိုတဲ့ ခံယူချက်ရှိနေသရွေ့ ကျမ စိတ်သန့်တယ်လို့ မြင်မိတယ်။

မေး။ ။ ပြောသွားတဲ့ မိန့်ခွန်းမှာ UN ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ ဝေဖန်တာတွေရှိတယ်။ ဘာကြောင့် ဝေဖန်ခဲ့ တာလဲ ပြောပြပါလား။

ဖြေ။ ။ ကျမအဓိက ပြောချင်တာက နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှုအတွက် ကျမတို့ တောင်းဆို လာခဲ့တာ အချိန်ကြာလှပြီ။ အထူးသဖြင့် ကုလသမဂ္ဂကို တောင်းဆိုလာတာ ကြာလှပြီ။ ဒါပေမယ့် သူတို့ အနေနဲ့ ဒီကိစ္စကို ဘယ်တုန်းကမှ ထူးထူးခြားခြား ဆောင်ရွက်မှုဆိုတာ မရှိခဲ့ဘူး။

အမြဲတမ်း တခုခုဖြစ်တယ်ဆိုရင်၊ ဥပမာ - ဒေါ်အောင်ဆန်းစုကြည် ထပ်ပြီးတော့ နေအိမ် အကျဉ်းကျခံ ရတာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာ ပိုပြီးတော့ ကိစ္စတွေ ဆိုးရွားလာတာပဲဖြစ်ဖြစ် ကုလသမဂ္ဂ အတွင်းရေမှူးချုပ် ဘန်ကီမွန်းက အမြဲတမ်း ပြောတယ်၊ သူ့အနေနဲ့ မြန်မာနိုင်ငံကိစ္စကို စိတ်ဝင်စားပါတယ်။ သူ အဲဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်း စိုးရိမ်မကင်း ဖြစ်ရပါတယ်ဆိုတာ ကျမတို့ ခဏခဏကြားရတယ်။ အဲဒီလို ထုတ်ပြန်ချက်တွေလည်း ခဏခဏ ဖတ်ရတယ်။ သူ့အနေနဲ့ ထုတ်ပြန်ချက်ရဲ့နောက်မှာ သူတကယ် စိုးရိမ်တာတော့ ဟုတ်တယ်လေ။ ဒါပေမယ့် ဘာလုပ်မှာလဲ။

သူက ပြောတယ် နိုင်ငံရေး အကျဉ်းသားတွေကို လွတ်မြောက်ဖို့ လုပ်ပေးပါ၊ သူ တောင်းဆိုတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တကယ်လွတ်မြောက်လာအောင် သူ ဘာလုပ်လဲ။ အဲဒီလိုမျိုး သူ့ရဲ့ တကယ်ထိထိရောက်ရောက် လုပ်ဆောင်မှုကို လုံးဝ မမြင်ရသေးဘူး။ အဲဒါကြောင့် ကုလသမဂ္ဂနဲ့ ပတ်သက်ပြီးတော့ အရမ်းကို စိတ်ပျက်မိတယ်။ အဲဒါကြောင့်လည်း ကျမပြောခဲ့တာပါ။

မေး။ ။ အခုကျင်းပမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ အပေါ်ရော ဘယ်လိုသဘောထားလဲ။

ဖြေ။ ။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သူများတွေကမေးတယ်၊ ဒီရွေးကောက်ပွဲကနေပြီးတော့ ဘာ မျှော်လင့်သလဲ ပေါ့။ ကျမက ပြောတယ်၊ ဘာမှ မမျှော်လင့်ဘူးလို့။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။ ၂၀၀၈ အခြေခံ ဥပဒေက အကုန်လုံး သူတို့ ကျကျနန ဆွဲထားတာ။ ဒီစစ်အစိုးရကို တကယ့်ကို မြန်မာနိုင်ငံထဲမှာ သက်ဆိုးရှည်အောင် ဆွဲထားတဲ့ အခြေခံ ဥပဒေဆိုတော့ ရွေးကောက်ပွဲပြီးတာနဲ့ ပိုပြီးတော့ အခြေအနေတွေ ဆိုးလာဖို့ပဲ ရှိတယ်။

ကျမနှိုင်းယှဉ်လို့ရတာတခုကတော့ ဒီဗြိတိန်က ရွေးကောက်ပွဲတုန်းက အခွင့်အရေး တခု ရခဲ့တယ်။ ဒီနိုင်ငံက Conservative ပါတီက အမတ်တယောက်၊ သူတို့ ရွေးကောက်ပွဲ လှုပ်ရှားမှု စည်းရုံးရေး လုပ်တဲ့ အချိန်မှာ ကျမသူနဲ့သွားပြီးတော့ လိုက်ပါ ဆောင်ရွက်ခဲ့တယ်။ တအိမ်တက်၊ တအိမ်ဆင်းပြီး သူ လူတွေနဲ့ တွေ့တယ်၊ စကားပြောတယ်။ အဲဒီအခါကျတော့ လူတွေက သူ့ကိုမေးတယ်၊ မင်းကို ဘာလို့ ငါတို့ မဲပေးသင့်သလဲ၊ မင်းက ဘာကောင်းလို့ငါက မဲပေးရမလဲ၊ ပွင့်ပွင့်လင်းလင်းမေးတယ်။

သူတို့က ငါ လေဘာဘာတီကို မကြိုက်ဘူး။ ဘာကြောင့်လဲ ဆိုတော့၊ ဒါကြောင့်။ ငါ Conservative ပါတီကို မဲမပေးချင်ဘူး ဘာလို့လဲဆိုတော့၊ ဒါကြောင့်၊ အဲဒီလိုမျိုး ပွင့်ပွင့်လင်းလင်းပြောတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ အဲဒီလို ပြောပိုင်ခွင့်၊ အဲဒီလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပိုင်ခွင့် မရှိဘူး။ ငါ ဘာလို့ အစိုးရကို မဲပေးရမှာလဲလို့ ပြောတာနဲ့ ထောင်ထဲမှာ နှစ်ရှည်လများ ကျဖို့ဆိုတာပဲ ရှိတယ်လေ။ အဲဒီလိုမျိုး ကွာခြားချက်တွေ အများကြီးရှိတယ်။

ကျမတို့ အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားပိုင်ခွင့် မရှိဘူး။ ရွေးကောက်ပွဲ ဥပဒေကရော၊ အဲဒါတွေ အကုန်လုံးက နိုင်ငံရေးပါတီတွေ အကုန်လုံးကို ခြေချုပ် လက်ချုပ် ချထားတဲ့ ဥပဒေတွေ။ ကျမကတော့ ဒီရွေးကောက်ပွဲကနေ ဘာမှ မျှော်လင့်ချက်မရှိဘူး။

မေး။ ။ မြန်မာနိုင်ငံအရေးကို ဘာကြောင့် စိတ်ဝင်စားလာတာလဲ။

ဖြေ။ ။ မြန်မာနိုင်ငံရေးမှာ အဓိက စိတ်ဝင်စားတာက အဖေ့ကြောင့်ပါ။ ငယ်ငယ်လေး ကတည်းက အဖေက ထောင်ထဲမှာ ထောင်ကျခံရတာ၊ ပြီးတော့ အဖေက ငယ်ငယ်လေး ကတည်းက ကိုယ့်ကို နောက်နောက်ပြီး သင်ပေးတာရှိတယ်။ ကြီးရင် ဘာလုပ်မလဲ ဆိုရင် ပြန်ပြောရတာက ကြီးလာရင် ဒီမိုကရေစီလှုပ်ရှားမှု လုပ်မယ်၊ နိုင်ငံရေး လုပ်မယ် ဆိုတာမျိုး ဆိုတော့ အဲဒီကတည်းက ကိုယ့်မှာ ရှိတယ်။ ဒါပေမယ့် ဒီလောက်အထိ ထဲထဲဝင်ဝင် လှုပ်ရှားဆောင်ရွက်မယ် ဆိုတာတော့ မမြင်ခဲ့ဘူး။

ဒါပေမယ့် ဒီနိုင်ငံရောက်လာတော့၊ အထူးသဖြင့် လူငယ်တွေ လူ့အခွင့်အရေးရှိတာမျိုးတွေ မြင်ရတဲ့ အခါကျတော့ ကျမအရမ်းကို စိတ်ထိခိုက်တယ်။ အထူးသဖြင့် ကလေးတွေ အတွက်ပေါ့။ ကျမရဲ့ ညီမလေး ဆိုလို့ရှိရင် သူ့အတွက် လူ့အခွင့်အရေး ဆိုတာဘာလဲ သူမသိဘူး။ မိသားစုနဲ့ စုံစုံလင်လင်နေခွင့် ဆိုတာလည်း မရှိဘူး။ ကျမဆို အင်္ဂလန်မှာ၊ အဖေဆိုတောင်ကြီးမှာ၊ ကျမတို့ မိသားစု တကွဲတပြားစီ။

အဲဒီလိုပဲ ကိုဂျင်မီနဲ့ မနီလာသိန်းတို့ရဲ့ သမီးလေးဆိုရင် ၃ နှစ်ပဲရှိသေးတယ်။ သူ ပြောတဲ့စကားက ကျမကိုယ် ကျမပြန်ကြည့်ရသလိုပဲ။ သူပြောတဲ့စကားက သူနေ့တိုင်း ဘုရားမှာ ဆုတောင်းတာ မိသားစုနဲ့ ပြန်ပြီးတော့ နေချင်တယ် ဆိုတော့၊ လွန်ခဲ့တဲ့ ၁၈ နှစ် တုန်းက ကျမ အဲဒီလိုမျိုးပဲ ခံစားခဲ့ရတယ်။ အခုအချိန်ထိ အဲဒီ ကလေးတွေ ခံစားနေရတုန်းပဲ ဆိုတော့ အဲဒီကိစ္စက ကျမကို အရမ်းတွန်းအားပေးတယ်။ ကျမကို တခုခုလုပ်ဖို့ပေါ့နော်။ ကလေးတွေ အဲဒီလိုမျိုး ဖြစ်နေတာကို ကျမ မမြင်ချင်ဘူး။

မေး။ ။ ဦးမြအေးရဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ရော ဘာတွေကြားထားသေးလဲ။

ဖြေ။ ။ အဖေက ကျန်းမာရေး ကုသမှုကတော့ အရမ်းလိုအပ်တယ်။ အထူးသဖြင့် နှလုံးရောဂါရှိတယ်၊ နှလုံးသွေးကြော ကျဉ်းတယ်ဆိုတဲ့ အခါကျတော့ အဲဒါနဲ့ ပတ်သက်ပြီး သူတို့တွေ ဆေးစစ်ဖို့နဲ့၊ နှလုံးရောဂါ အထူးကုတွေနဲ့တွေ့ဖို့က အရမ်း လိုအပ်တယ်။ နှလုံးသွေးကြော ကျဉ်းတယ်ဆိုတာ ဘယ်လောက်အထိ အခြေအနေ ဆိုးရွားလဲဆိုတာ ကျမတို့တော့ မသိဘူး။ အချိန်မရွေး တခုခု ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်။ အဲဒါကိုတော့ ကျမတို့က အမြဲတမ်းကြောက်နေရတယ်။ အခုအချိန်ထိ အဖေက နှလုံးရောဂါ ဆရာဝန်နဲ့လည်း မတွေ့ရသေးဘူး၊ သူ့အတွက် နှလုံးရောဂါနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေး ကုသမှုတွေ ပေးတာလည်း မရှိသေးဘူးဆိုတော့ နေ့တိုင်းတော့ စိုးရိမ်နေရတယ်။ ဘာဖြစ်သွားမလဲ ဆိုပြီးတော့ပေါ့နော်။ နှလုံးရောဂါ ရှိတဲ့သူဆိုတော့ အချိန်မရွေး တခုခုဖြစ်နိုင်တယ်လေ။

မေး။ ။ အခုဆိုရင် ဝေနှင်းပွင့်သုန်တို့နဲ့ သက်တူရွယ်တူလို့ပြောလို့ရမယ့်သူတွေဟာ သူတို့ စိတ်ဝင်စားတဲ့ အရာတခုကို လေ့လာ သင်ယူနေရမယ့် အချိန်မှာ မတရား ထောင်ဒဏ်ချမှတ်ခံနေရတယ်။ အဲဒီလို ကိုယ်နဲ့ သက်တူရွယ်တူတွေ၊ ထောင်ကျနေသူတွေ အတွက် ဘယ်လိုခံစားရလဲ။

ဖြေ။ ။ ကျမပြောချင်တာကတော့ သူတို့နဲ့ ကျမနဲ့ဆိုတာက ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ မိုးနဲ့မြေလို ကွာခြားပါတယ်။ ကျမ ဒီနိုင်ငံမှာ လုပ်နေတယ်ဆိုတာ လွတ်လပ်မှုရှိတယ်၊ ကျမအနေနဲ့ ဘာအန္တရာယ်မှ မရှိဘူး။ ကျမမှာ နောက်ဆက်တွဲ အကျိုး သက်ရောက်မှုဆိုတာ ဘာမှမရှိဘူး။ ဒါပေမယ့် သူတို့အနေနဲ့ အများကြီးရှိတယ်။ ထောင်ကျခံရမယ်ဆိုတာ သူတို့သိတယ်။ သူတို့က အရမ်းကို ရဲရင့်ပါတယ်။ အဲဒီလိုမျိုး ဆုံးဖြတ်ချက်ချရဲတဲ့သူတွေနဲ့ ကျမနဲ့ ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ ဒါပေမယ့် ကျမ မြင်မိတာကတော့ ဒီလူ့အခွင့်အရေး လှုပ်ရှားမှု၊ မြန်မာ့အရေး လှုပ်ရှားမှုဆိုတာကတော့ လူတိုင်းနဲ့ ဆိုင်တယ်လေ။ အခုဆိုရင် ကျမတို့ရဲ့ အရှေ့မှာ ဦးဝင်းတင်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့၊ ကျမတို့ အဖေတို့ သူတို့ မျိုးဆက်အရသူတို့ တာဝန် ကျေအောင် လုပ်ခဲ့ပြီးသွားပြီ။

ကျမတို့ မျိုးဆက်ရောက်လာပြီဆိုတော့ ကျမတို့ တာဝန်ကျေအောင် ကျမတို့ လုပ်ရမယ့် အချိန်ရောက်လာပြီ။ အဲဒါကြောင့် ကျမတို့လူငယ်တွေ ထွက်ပြီးတော့ လုပ်တာလို့လည်း မြင်တယ်။ တာဝန်ကျေအောင်၊ ကမ္ဘာကို ပြောအောင် ကျမတို့ လူငယ်တွေ တာဝန်ထပ်ပြီး ထမ်းဆောင်နေပါပြီ ဆိုတာမျိုး ပြောချင်လို့၊ ပြီးရင် ကိုယ့်နိုင်ငံကို တခုခုလုပ်ပေးချင်လို့ လုပ်တာလို့လည်း မြင်မိတယ်။

မေး။ ။ ဝေနှင်းပွင့်သုန်အနေနဲ့ ဘန်ဂျီ ခုန်မယ်ဆိုတာလည်း ကြားတယ်။ အဲဒါ ဘယ်နေ့၊ ဘယ်မှာ ခုန်မှာလဲ။ ဘာကြောင့် ခုန်ချင်ရတာလဲ။

ဖြေ။ ။ အောက်တိုဘာ ၁၆ ရက်နေ့ စနေနေ့မှာ ခုန်မှာပါ။ အဲဒါက အိုတူး အရီနာလို့ခေါ်တယ်။ ဒီမှာ စတိတ်ရှိုးတွေ၊ ပွဲလမ်းသဘင်တွေ လုပ်တဲ့နေရာမှာပေါ့။ အဲဒီ အိုတူး အရီနာရဲ့ အပြင်မှာ ခုန်မှာ။ ကျမက ရိုလာ ကိုစတာ စီးရတာကို ကြိုက်တယ်။ ဒါပေမယ့် ဘန်ဂျီကတော့ တခါမှ မခုန်ဖူးဘူး။ ရုပ်ရှင်မှာ တွေ့တဲ့ အခါကျတော့ ကိုယ်က လုပ်ချင်တယ်။ အဲဒီလိုမျိုး ထူးထူးခြားခြား။ နောက်တော့ ပြန်စဉ်းစားကြည့်တဲ့ အခါကျတော့ နယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံရေး အကျဉ်းသား ဟောင်းတွေကို အရမ်းအကူအညီ ပေးချင်တယ်။ သူတို့မှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရတယ်။ စားစရာ သောက်စရာ ပိုက်ဆံ အဲဒီလောက် မရှိဘူး။ ပြီးတော့ ဆေးဝါးကုသမှုအတွက်လည်း ပိုက်ဆံ လုံလုံလောက်လောက် မရှိဘူးပေါ့။ အဲဒီအခါကျတော့ ကျမ သူတို့ကို အရမ်း ကူညီချင်တယ်။ ကျမအနေနဲ့ ပိုက်ဆံ စုပြီး လှူဖို့ဆိုရင်လည်း အဲဒီလောက် အများကြီး တတ်နိုင်မှာ မဟုတ်ဘူး။ ဆိုတော့ ကျမ ဒီ Burma Campagin နဲ့ အဲဒီလိုမျိုး ရန်ပုံငွေ ရှာဖွေရေး လုပ်မယ်ဆိုပြီးပေါ့။ အကူအညီ ရတဲ့ အခါကျတော့ ပိုပြီး သူတို့ကို ကူညီလို့ရမယ်ဆိုတာ မြင်မိလို့ အဲဒီလိုမျိုး လုပ်မိတာ။

မေး။ ။ တချို့က ဘန်ဂျီခုန်တယ်ဆိုတာ အပျော်သဘောအနေနဲ့ ခုန်ကြတာပဲများတယ်လေ၊ အခု ဝေနှင်းပွင့်သုန်က နိုင်ငံရေးနဲ့ ပတ်သက်ပြီး ခုန်တယ်ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေကို အကူအညီပေးချင်ရုံ သက်သက်ပဲလား တခြား ဘာအကြောင်းတွေ ရှိသေးလဲ။

ဖြေ။ ။ ကျမပြောချင်တာက ဒီနိုင်ငံက လူငယ်တွေလည်း ပါတယ်။ လူငယ်ဆိုတာ ကျမတို့ မြန်မာနိုင်ငံက လူငယ်တွေတင် မဟုတ်ဘူး။ လူငယ်တွေအကုန်လုံးပေါ့။ ဘာလို့လဲ ဆိုတော့ သူတို့က သိပ်မသိဘူး။ လူ့အခွင့်အရေး ဆိုတာ ရနေပေမယ့်လည်း ရနေမှန်းကို မသိဘူး။ ကျမက လူတိုင်းကို ပြောချင်တာက ဒီနိုင်ငံမှာ လူ့အခွင့်အရေး ဆိုတာရှိတယ်။ လွတ်လပ်မှုဆိုတာရှိတဲ့ အခါကျတော့ ဒီလိုမျိုး ဘယ်သူမှ ဂရုမစိုက်ဘဲနဲ့ အပျော်သဘော ဟေးလား ၀ါးလားလုပ်တဲ့ အရာတခုကို ကိုယ့်အနေနဲ့ အဓိပ္ပာယ်ရှိတဲ့ အရာ၊ ပိုပြီးတော့ လူတွေကို ကူညီလို့ ရတဲ့ အရာတခုလိုမျိုး ပြောင်းချင်ရင် ပြောင်းလို့ရတယ်၊ ကိုယ့်မှာ ပြောင်းပိုင်ခွင့်ရှိတယ် ဆိုတာမျိုးကို ကျမ ပြချင်တာ။ ။

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

မုန်တိုင်း သတင်း

မုန်တိုင်း သတင်း (၇-၁၀-၂၀၁၀ ရက်နေ့ နံနက်(၀၉) နာရီ (၁၅) မိနစ် အချိန် ထုတ်ပြန်ချက်)

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

တောင်တရုတ် ပင်လယ်ပြင်မှာ ယမန်နေ့ (၄-၁၀-၂၀၁၀)ရက် နေ့လည်ပိုင်းက စတင် ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်း မုန်တိုင်းငယ် 14W ဟာ (၇-၁၀-၂၀၁၀)မနေ့ ည သန်းကောင်ယံ အချိန် တိုင်းထွာချက်များ အရ သိသိသာသာ အားကောင်း လာခြင်း မရှိဘဲ မြောက်ဖက် အရပ်သို့ ဆက်လက် ရွေ့လျား လာခဲ့ရာ (၆-၁၀-၂၀၁၀) ည သန်းကောင်ယံ အချိန်မှာ 20.2°N, 110.2°E မှာ ဗဟို ပြုနေပြီး၊ တရုတ် နိုင်ငံ ဟောင်ကောင် ကျွန်းရဲ့ အနောက်တောင် ယွန်းယွန်း ရေမိုင်၂၆၀)ခန့် အကွာပင်လယ်ပြင်ကို ဗဟို ပြုနေပါတယ်။ မုန်တိုင်းငယ်ဟာ အရှေ့ဖက်ဆီသို့ 2 knots နှုန်းနဲက ဖြည်းဖြည်း ဆက်လက် ရွေ့လျား သွားမယ်လို့ JTWC(USA) က ခန့်မှန်း ထားပါတယ်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ နိုင်ငံတွင် ရန်ကုန်မြို့အပါအ၀င် နေရာ အချို့တို့တွင် ယနေ့ ညနေပိုင်းက မိုးအသင့်တင့် ရွာသွန်းခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော် အတွင်းတွင်လည်း တိမ်ထိပ် အပူချိန် - 60° C, -70°C ရှိသော မိုးတိမ် တောင်ကြီးများ ပိုမို ဖြစ်ထွန်း လာနေသဖြင့် လေထု မငြိမ်မသက်ဖြစ်မှု တိုးလာခဲ့ကြောင်း တွေ့ရပါသည်။ (၅-၁၀-၂၀၁၀) ရက်နေ့ မှာတော့ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းမှာ လေဖိ အားနည်း ရပ်ဝန်းတစ်ခု စတင် ဖြစ်ပွားလာခဲ့ပါတယ်။ (၆-၁၀-၂၀၁၀)ရက်နေ့မှာ အဲဒီ လေဖိအားနည်း ရပ်ဝန်းနဲ့ ဆက်စပ်ပြီး ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းကနေ မြန်မာ နိုင်ငံ မြောက်ပိုင်းကို တိုးဝင်နေတဲ့ တိမ်စွယ်တန်း (Plume Spiral Cloud) တွေ တိုးဝင် နေခဲ့ပါတယ်။ ဒီတိမ်စွယ်တန်းကြောင့် (၅-၁၀-၂၀၁၀)ရက်ညနေပိုင်းမှာ မြန်မာနိုင်ငံ ဒေသ အတော်များများမှာ မိုးတွေ ရွာခဲ့ပါတယ်။ လေတွေလည်း တိုက်ခတ် ခဲ့တယ်။

အမှန်မှာတော့ တိမ်စွယ်တန်း အတွင်းမှာ တိမ်အစုကြီး နှစ်ခု ရှိနေပြီး၊ ရှေ့ဖက်က တိမ်စုကြီးက မြန်မာနိုင်ငံ မြောက်ပိုင်းကို တိုးဝင် သွားခဲ့ပြီး၊ ခရုပတါ တိမ်တန်းတွေကို မြစ်ဝကျွန်းပေါ် ဒေသကို ဖြတ်သန်း သွားခဲ့တာ ဖြစ်ပါတယ်။ (၇-၁၀-၂၀၁၀) ရက်နေ့ မနက်မှာတော့ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းမှာ ရှိတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမို အားကောင်း လာခဲ့ပြီး အိန္ဒိယနဲ့ ထိုင်း မိုးလေ၀သ ဌာနများကတော့ နောက်(၂၄)နာရီအတွင်း သိသိသာသာ ပိုမို အားကောင်း လာလိမ့်မယ်လို့ ခန့်မှန်း ထားကြပါတယ်။

MCCW အနေနဲ့ အောက်တိုဘာလ အတွင်း ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်း(၂)ကြိမ်အထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ တိမ်စွယ်တန်းတွေရဲ့ အနေအထားအရ အပြင်၊ ဒီလို မိုးလွန်ကာလတွေမျာ မုန်တိုင်းတွေဟာ အရှေ့ မြောက်ဖက်ကိုဘဲ ရွေ့တတ်လို့ မြန်မာနိုင်ငံ အနေနဲ့ သတိမပြတ် စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။

Check detail in
http://www.tunlwin.com/latestdetail.php?myanmar=42

source by : http://www.tunlwin.com

အပြည့်အစုံ ဖတ်ရန် ...

နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ တပ်မှထွက်ပြေး

ရဲရင့် | ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် သွားရောက်ပူးပေါင်းမည့် ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို လက်ဦးမှုယူ၍ သုတ်သင်ရန်နှင့် ၎င်းတို့သွားရောက်သည့် အဓိက နယ်စပ်လမ်းကြောများကို ပိတ်ဆို့ထားရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က အမိန့်ပေးထားသည်ဟု နယ်ခြားစောင့်တပ်အရာရှိတဦးက ပြောသည်။

၎င်းက “ဒီကေဘီအေ ကနေ ကရင် နယ်ခြားစောင့်တပ် အသွင် ပြောင်းထားတဲ့ အထဲက တပ်ဖွဲ့ဝင် (၁၀၀)ကျော်ဟာ အသွင်ပြောင်းပြီးတာနဲ့ တလကျော် ကာလ အတွင်းမှာ ကေအန်ယူနဲ့ ဒီကေဘီအေ ခွဲထွက် ဗိုလ်နှုတ်ခမ်းမွှေး တပ်ဘက်ကို လက်နက်တွေနဲ့အတူ သွား ပူးပေါင်းတာတွေကို ထိန်းချုပ်ဖို့ အတွက် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်း က အောက်ခြေ တပ်မှူးတွေကို အမိန့်ပေးထားတယ်” ဟု ပြောသည်။

အဆိုပါတပ်ဖွဲ့ဝင်များသည် နအဖစစ်တပ်၏ ဖိနှိပ်အုပ်ချုပ်မှုအောက်တွင် မနေလို၍ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇)၊ တပ်မဟာ (၆) နှင့် ခွဲထွက် ဒီကေဘီအေတပ်မဟာ (၅) စသည့်တပ်များနှင့် လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု တပ်ဖွဲ့ဝင်များက ပြောသည်။

ကေအန်ယူ လက်အောက်ခံ ကေအန်အယ်လ်အေ တပ်မဟာ (၇) တွင် လာရောက်ပူးပေါင်းသည့် လှိုင်းဘွဲ့အခြေစိုက် နယ်ခြားစောင့်တပ်မှ အရာရှိတဦးက “လွန်ခဲ့တဲ့သြဂုတ်လ (၁၈) ရက်နေ့က ဒီကေဘီအေကို နယ်ခြားစောင့်တပ်အဖြစ် စပြီးပြောင်းခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျနော်တို့အားလုံးဟာ နအဖလက်အောက်ခံ တပ်ဖွဲ့ဝင်တွေအဖြစ် သစ္စာခံကြရတယ်။ ကရင်အမျိုးသားအလံတော်နဲ့ အဆောင်အယောင်တွေ ဘာတခုမှ အသုံးပြုခွင့်မရှိတော့ဘူး။ ဘာလုပ်ပိုင်ခွင့်မှလည်း မရှိတော့ဘူး။ ဒါကြောင့် ဒီကိုပြန်လာတာပါ” ဟု ပြောသည်။

နယ်ခြားစောင့်တပ်မှ ထွက်ပြေးသူများအနက် လိုက်လံဖမ်းဆီးရမိသူ (၁၀) ဦးခန့်ကိုလည်း ဖမ်းဆီးမိသည့် တောထဲ၌ပင် လက်နက်များကိုသိမ်းကာ သတ်ပစ်လိုက်သည့်ဖြစ်ရပ်များ လှိုင်းဘွဲ့နှင့်မြ၀တီမြို့နယ်တို့တွင် ယခင်လအတွင်း၌ ဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။

အဆိုပါ လာရောက်ပူးပေါင်းသူ (၁၀၀) ခန့်သည် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအတွက် နအဖ က တပ်ဆင်ပေးသည့် လက်နက်ငယ်များနှင့် အခြားလက်နက်ကြီးအချို့ အပါအ၀င် လက်နက်အရေအတွက် (၁၀၀) ကျော်ပါရှိသည်ဟု ကေအန်အယ်လ်အေ တပ်မှူးတဦးက ပြောသည်။

လှိုင်းဘွဲ့မြို့နယ်တွင် အခြေစိုက်သည့် နယ်ခြားစောင့် တပ်ရင်းမှူးတဦးက ကေအန်အယ်အေ တပ်မဟာ (၇) ဒေသတွင် ရောက်ရှိနေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို ပြန်လည်လွှဲပြောင်းပေးရန် တပ်မဟာ (၇) ၏ အဆင့်မြင့်တပ်မှူးများထံ ဆက်သွယ်ခဲ့သော်လည်း ကေအန်အယ်လ်အေမှ ငြင်းဆန်ခဲ့သည်ဟု သိရသည်။

ကေအန်ယူမှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေက “ပြန်လာတဲ့လူတွေကို ကောင်းမွန်စွာလက်ခံတယ်။ သူတို့ဆန္ဒအတိုင်း ဖြစ်ချင်တာကို ဦးစားပေးတယ်။ အများစုကတော့ အပြင်မှာပဲ သာမန်အရပ်သားအနေနဲ့ နေကြတာများတယ်။ သူတို့ယုံကြည်ချက်နဲ့ သူတို့လာတာ ဘာမှပြန်ပို့စရာ အကြောင်းမရှိဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဒီကေဘီအေအဖွဲ့ကို နအဖက ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့မှ စတင်ကာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းပေးခဲ့သည်။

source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

ကုလသမဂ္ဂမှာ ဦးဉာဏ်ဝင်း မှားယွင်းပြောဆို

မျိုးဝင်းဇော် | ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့၌ ကျင်းပသည့် (၆၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက လွှတ်တော်နေရာ (၁,၁၇၁) နေရာ ရှိသည်ဟု မှားယွင်းပြောဆိုခဲ့မှုအပေါ် ပြည်တွင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် သတင်းဂျာနယ် အယ်ဒီတာများ အံ့သြနေကြကြောင်း သိရသည်။

လသာမြို့နယ် အမှတ် (၂) ရပ်ကွက် မဲရုံတွင် ပြီးခဲ့သည့် အောက်တိုဘာ (၁) ရက်နေ့၌ ကျင်းပသည့် သရုပ်ပြ မဲပေးပွဲ ရွေးကောက်ပွဲ တာဝန်ရှိသူတဦးက “တပြည်လုံးမှာ မဲဆန္ဒနယ် စုစုပေါင်း (၁,၁၆၃) နေရာရှိပါတယ်။ အဲဒါ သတင်းစာကနေ အတိအလင်း ကြေညာထားပြီးသားပါ။ လွှတ်တော်နေရာ (၁,၁၆၃) နေရာကို ဆိုလိုတာပါ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဘာကြောင့် (၁,၁၇၁) နေရာလို့ ပြောဆိုသလဲ ကျနော်တို့ မသိပါဘူး” ဟု ပြောသည်။

ပြည်တွင်းသတင်းအယ်ဒီတာ တဦးကလည်း “ဂျာနယ်တွေ အားလုံးမှာရော၊ အစိုးရ ဝါဒဖြန့် ဆောင်းပါးတွေမှာပါ မဲဆန္ဒနယ် (၁,၁၆၃) ဆိုပြီး ရေးနေကြတယ်။ ဒါက မှားစရာလည်း ဘာအကြောင်းမှ မရှိဘူး။ ဦးဉာဏ်ဝင်းက ဘာကြောင့် ကုလသမဂ္ဂမှာ (၁,၁၇၁) နေရာလို့ ပြောရလဲ။ အခု သူ့မိန့်ခွန်းအတိုင်း (၁,၁၇၁) နေရာဆိုပြီး ဂျာနယ်တွေမှာ ဖော်ပြတော့ စိစစ်ရေးက ခွင့်ပြုတယ်။ သတင်းတွေ ဆောင်းပါးတွေမှာ အမှန်အတိုင်း (၁,၁၆၃) နေရာဆိုလည်း ခွင့်ပြုထားတယ်။ အစိုးရဟာ လုပ်ချင်တာ လုပ်နေတဲ့ သဘောပဲ” ဟု ပြောသည်။

စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်သည် ပြီးခဲ့သည့် သြဂုတ်လ (၁၁) ရက်၌ လွှတ်တော် (၃) ရပ်အတွက် မဲဆန္ဒနယ်မြေများကို သတ်မှတ်ကြေညာခဲ့ပြီး ကြေညာချက် အပြည့်အစုံကို သြဂုတ် (၁၂-၁၃-၁၄-၁၅) ရက် သတင်းစာတို့တွင် (၄) ရက်ဆက်တိုက် ဖော်ပြခဲ့သည်။

အဆိုပါ ဖော်ပြချက်များအရ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မြေပေါင်း (၃၃ဝ)၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်မြေပေါင်း (၁၆၈)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအတွက် မဲဆန္ဒနယ်မြေပေါင်း (၆၃၆) နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် လူမျိုးစု မဲဆန္ဒနယ်မြေပေါင်း (၂၉) နေရာ၊ စုစုပေါင်း မဲဆန္ဒနယ်မြေပေါင်း (၁,၁၆၃) နေရာအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတဦးက “ဝန်ကြီးဦးဉာဏ်ဝင်းက မဲဆန္ဒနယ်မြေ စာရင်းတွေ တရားဝင် မထုတ်ပြန်ခင်က ရရှိထားတဲ့စာရင်းကို အသုံးပြုမိတာ ဖြစ်နိုင်တယ်။ ဝတိုင်းဒေသအတွင်းက မြို့နယ် (၄) ခုရဲ့ ရှမ်းပြည်နယ် လွှတ်တော်အတွက် (၈) နေရာရှိပြီး အဲဒီ နေရာတွေပါ ပါမယ်ဆိုရင် မဲဆန္ဒနယ် စုစုပေါင်း (၁,၁၇၁) နေရာရှိမှာဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်း စစ်အစိုးရက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပေါ်ပေါက်မလာအောင် အဲဒီ မဲဆန္ဒနယ် (၈) နေရာကို မထည့်သွင်းတော့ဘဲ မဲဆန္ဒနယ်မြေစာရင်း ထုတ်ပြန်ခဲ့တယ်” ဟု သုံးသပ်ပြောဆိုသည်။

ယခုကဲ့သို့ မဲဆန္ဒနယ်ကွဲပြားမှုနှင့် ပတ်သက်၍ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ မေးမြန်းကြည့်ရာ သတင်းစာပါ ထုတ်ပြန်ကြေငြာချက်များ အတိုင်းသာ ဖြစ်ပါသည်ဟု ပြောဆိုပြီး ကိန်းဂဏန်း အမှန်ကိုမူ ပြောဆိုဖြေကြားခြင်း မပြုပေ။

စစ်အစိုးရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ယခုကဲ့သို့ပင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စများကို ထုတ်ပြန်ပြောဆို ရှင်းလင်း ဖြေကြားခြင်း မပြုသည့်အတွက် ကော်မရှင် အဆင့်ဆင့်၊ နိုင်ငံရေးပါတီများနှင့် သတင်းသမားများပါ အမြဲတစေ အခက်အခဲကြုံကြရကြောင်း သိရသည်။

source by :NEJ

အပြည့်အစုံ ဖတ်ရန် ...