Monday, September 20, 2010

ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို CALD ချီးမြှင့်

Photobucket RFA | ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အာရှ လစ်ဘရယ်နဲ့ ဒီမိုကရက် ကောင်စီ CALDအဖွဲ့ က မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တသီးပုဂ္ဂလ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒီကနေ့ စက်တင်ဘာ ၂၀ ရက်မှာ ဆုတံဆိပ် ပေးအပ်တယ်လို့ သိရပါတယ် ။

မြန်မာ ပန်းပုပညာရှင်တဦး ထုလုပ်ထားသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းပုရုပ် ဖြစ်ပါသည်။ (Photo: AFP)

ဆုပေးပွဲ အခမ်းအနားကိုတော့ ဗြိတိန်နိုင်ငံ လီဗာပူလ်မြို့မှာ ကျင်းပတာ ဖြစ်ပြီး ဆုကို ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK အဖွဲ့က မဇိုရာဖန်းကနေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လက်ခံမယ်လို့ CALD အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ် ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး မဇိုရာဖန်းက ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဆုရယူရတဲ့အတွက် သူအနေနဲ့ ဝမ်းသာ ဝမ်းနည်း ဖြစ်မိတယ်လို့ ဆိုပါတယ်။

“ပထမတချက်ပေါ့နော်၊ ကျွန်မကတော့ ဒီ ကျွန်မတို့ရဲ့၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်အတွက်ပေါ့နော်၊ ကျွန်မတို့ ဒီလိုမျိုး သွားယူပေးရတယ် အင်မတန်ကို ကျွန်မ ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကျွန်မ စိတ်မကောင်းတာ တခုကတော့ သူက ကိုယ်တိုင် လာပြီးတော့ မယူနိုင်တဲ့အတွက်ကြောင့်ပေါ့နော်၊ သူက နေအိမ် အကျယ်ချုပ်မှာပဲ ရှိနေသေးတယ်ဆိုတော့ အဲဒါ စိတ်မကောင်းစရာ ဖြစ်ပါတယ်။”

အဲဒီအခမ်းအနားကို ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီအဖွဲ့ (NCUB)အဖွဲ့ ကိုယ်စား ဦးညိုအုန်းမြင့်လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါအပြင် အဲဒီအခမ်းအနားကို ဗြိတိန်နိုင်ငံက နိုင်ငံရေးသမားတွေ၊ အာရှတိုက်က CALD အဖွဲ့ဝင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဆုချီးမြင့်တဲ့ CALD အဖွဲ့ကို ၁၉၉၃ ခုနှစ်မှာ အာရှတိုက်က လက်ဘရယ်နဲ့ ဒီမိုကရက် ပါတီတွေက စုပေါင်း တည်ထောင်ခဲ့ပါတယ်။ ဖိလစ်ပိုင်၊ ထိုင်း၊ ထိုင်ဝမ်၊ သီရိလင်္ကာ၊ ကမ္ဘောဒီယား ၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက အဲဒီ ပါတီတွေ ပါဝင်ပါတယ် ။

ဒီအကြောင်း RFA ဝိုင်းတော်သား ဦးခင်မောင်စိုးမင်းက အသေးစိတ် ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန်
Photobucket

source by :http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

မဲဆန္ဒရှင်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်



Photobucket VOA | စစ်အစိုးရက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးပိုင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒီနေ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နာမည် မပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ဗဟန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးက မဲပေးခွင့်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နာမည် မပါဘူးလို့ ရန်ကုန်ကလာတဲ့ AP သတင်းမှာ ဖော်ပြခဲ့ပါတယ်။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေမှာ သာသနာ့ဝန်ထမ်း၊ ထောင်ဒဏ် ကျခံနေရသူ၊ စိတ်ပေါ့သွပ်နေသူလို့ သတ်မှတ်ခံရသူ၊ လူမွဲ ကြေညာခံထားရခြင်းမှ မလွတ်မြောက်သေးသူ၊ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခံရသူ၊ နိုင်ငံခြားသား၊ နိုင်ငံခြားသားအဖြစ် ခံယူထားသူများကို ဆန္ဒမဲ ပေးပိုင်ခွင့်မပြု ဆိုပြီး ပိတ်ပင်ထားတာပါ။

NLD ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေလည်းဖြစ်သူ ဦးဉာဏ်ဝင်းကတော့ စစ်အစိုးရရဲ့ အခုလုပ်ရပ်တွေကို လက်ခံတာ မဟုတ်ပေမဲ့ လက်ရှိ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေအရ မဲပေးခွင့် မရှိတာဖြစ်လို့ ဥပဒေကြောင်းအရ ဘာမှ ပြောစရာမရှိဘူးလို့ ဆိုပါတယ်။

“အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေက လက်ရှိ ဥပဒေအရ မဲပေးပိုင်ခွင့် မရှိပါဘူး။ လက်ခံတယ် မဟုတ်ဘူး၊ ကျနော်တို့ ဥပဒေအရ ဖြစ်တာကို ဘာမှ ပြောစရာ မရှိဘူးလို့ ပြောချင်တာပါ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည် မဲဆန္ဒရှင် စာရင်းထဲ မပါဝင်ဘူး ဆိုတာနဲ့ ပတ်သက်လို့ နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ အတိအကျ ဖြေကြားပေးခြင်း မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့နှစ် သြဂုတ်လက စပြီး သူမနေအိမ်ထဲ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယံ ယက်တော ရေကူး ၀င်ရောက်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၈ လ ထပ်မံ ကျခံထားရပါတယ်။ ရွေးကောက်ပွဲအပြီး တပတ်အကြာမှသာ နေအိမ်အကျယ်ချုပ်က လွတ်ရက်စေ့မှာ ဖြစ်ပါတယ်။ သူမနဲ့အတူ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့လည်း ရွေးကောက်ပွဲမှာ မဲပေးခွင့် မရဘူးလို့ သိရပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရရဲ့ မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပါတီကို ပြန်မှတ်ပုံတင်ဖို့တောင် မစဉ်းစားဘူးလို့ ယတိပြတ် ပြောကြားထားပြီးတော့ NLD ပါတီကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ထားပါတယ်။ NLD ကို ထောက်ခံတဲ့ လူထုအနေနဲ့လည်း ရွေးကောက်ပွဲမှာ မဲမပေးဘဲ နေနိုင်ခွင့် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။

နားဆင်ရန်
Photobucket

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

တရုတ်-မြန်မာ ဆက်ဆံရေးမှာ မြန်မာအစိုးရ အမြတ်ထွက်တယ်

PhotobucketNEJ | မြန်မာနအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့်အဖွဲ့သည် တရုတ်နိုင်ငံ ပီကင်းမြို့သို့ တရုတ်သမ္မတ ဟူကျင်တောင်း၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့်အပေါ် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အခြေအနေနှင့်ပတ်သက်၍ တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာအကဲခတ်သူ ဦးအောင်ကျော်ဇောနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။ ။ နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ (၇) ရက်နေ့ကနေ (၅) ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်ပြည်ကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်ကနေ တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ဘယ်လိုသုံးသပ်နိုင်ပါသလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့ ဗိုလ်သန်းရွှေရဲ့ တရုတ်ပြည် ခရီးစဉ်မတိုင်ခင် ဒီနှစ်ထဲမှာ ထူးခြားတာရှိလာတယ်။ ပိုပြီးတော့ အပြန်အလှန် မှီခိုရတဲ့ ကိစ္စတွေ၊ အကျိုးစီးပွားတွေ များလာတဲ့အတွက်ကြောင့် အပြန်အလှန် သွားလာဆက်ဆံရတဲ့ အကြိမ်အရေအတွက် ပိုများလာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်ပြည်က မြန်မာပြည်ထဲမှာ ရင်းနှီးမြှုပ်နှံမှုဟာ ဒီနှစ် မေလနောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏအားလုံးရဲ့ ထိပ်ဆုံးမှာ ဖြစ်လာတယ်။ ရင်းနှီးမြှုပ်နှံမှုမှာ ဓာတ်ငွေ့၊ ရေနံ၊ သတ္တု ကဏ္ဍတွေမှာ အချိန်တိုအတွင်း အင်မတန်များပြားတဲ့ ငွေတွေနဲ့ ဝင်လာတာ။ အထူးသဖြင့် ဂက်စ်ပိုက်လိုင်းကိစ္စ ပေါ်လာပြီးနောက်ပိုင်း တရုတ်က မြန်မာအပေါ် မှီခိုမှု ပိုကြီးလာတယ်။ ဗိုလ်သန်းရွှေတို့ဘက်ကလည်း တရုတ်ပြည်နဲ့ ပတ်သက်လို့ သူတို့အတွက်ပိုပြီး အရေးကြီးလာတယ်။ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ထောက်ခံမှာက တရုတ်နဲ့ ရုရှ ဖြစ်တာကိုး။ ကုလသမဂ္ဂရဲ့ နောင်လုပ်လာမယ့် အရေးယူမှုကို တရုတ်က ကာကွယ်နိုင်တယ်ဆိုတဲ့ ထင်မြင်ချက်။ နောက်တခုက မြန်မာနိုင်ငံရဲ့ အကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်းတွေ၊ စစ်ရေးနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေကို တရုတ်က ဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့ အချက်အလက်ရှိတွေရှိတယ်။ အဲဒီတော့ နှစ်ဦးနှစ်ဖက်စလုံးက အပြန်အလှန်မှီခိုမှု ပိုကြီးလာတယ်။ ပိုမိုပြီးတော့ အသွားအလာတွေ၊ ဆက်ဆံမှုတွေ ကဏ္ဍအသီးသီးမှာ ပိုပြီးများပြားလာတယ်။ သူတို့အပြောနဲ့ ပြောရရင် တရုတ်-မြန်မာဆက်ဆံရေးဟာ အမြင့်ဆုံးအဆင့်ကို ရောက်လာပြီပေါ့။ ဒါပေမယ့် တရုတ်ပြည်က ခေါင်းဆောင်တွေကတော့ တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေအတွက် မြန်မာပြည်ကို ဆက်ဆံတာဖြစ်တယ်။ မြန်မာပြည်နဲ့ ဆက်ဆံပြီး သူတို့က အကျိုးရှိတာဖြစ်တယ်။ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေပေါ့။ ဗိုလ်သန်းရွှေကတော့ အဲလို မဟုတ်ဘူး။ သူတို့စစ်အုပ်စု လက်တဆုပ်စာအတွက်ပဲ တရုတ်-မြန်မာ ဆက်ဆံရေးကို တိုးလုပ်တာဖြစ်တယ်။ သူတို့ရဲ့ အာဏာရှင်စနစ်ကို တည်မြဲအောင်၊ သူတို့ တိုင်းပြည်ထဲမှာ မတရားလုပ်ထားတာ မှန်သမျှကာနိုင်အောင် လုပ်တာဖြစ်တယ်။ သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားအတွက် ပေါင်းစပ်ထားတဲ့ အကျိုးစီးပွားအပေါ်ကနေ လှမ်းနေတဲ့ ဆက်ဆံရေးဖြစ်တယ်။ ဒါ အိမ်နီးနားချင်းကောင်း နှစ်နိုင်ငံရဲ့ ဆက်ဆံမှုလို့ သတ်မှတ်လို့ မရပါဘူး။ သူအနစ်နာခံ၊ ကိုယ်အနစ်ခံ ဆက်ဆံရေးမဟုတ်ပါဘူး။

မေး။ ။ နှစ်နိုင်ငံ အကျိုးစီးပွားမှာ တရုတ်ရဲ့ အဓိကအကျိုးစီးပွားက ဘာဖြစ်မလဲ၊ နောက်ပြီး မြန်မာရဲ့ အကျိုးစီးပွားကရော ဘာဖြစ်မလဲ။

ဖြေ။ ။ တရုတ်အကျိုးစီးပွားကတော့ သူ့နိုင်ငံရဲ့ စစ်ရေးနဲ့လုံခြုံရေးကဏ္ဍက play ground ဖြစ်လာတာ အမှန်ပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူရဲ့အနောက်မှာ သူ့ကိုမှီခိုနေတဲ့ မြန်မာနိုင်ငံလိုအစိုးရ ရှိထားတယ်။ တရုတ်က နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံက ကျားကန်ပေးမှု ရမှသာလျှင် ဆက်လက် ရပ်တည်နိုင်မယ့် အစိုးရအဖွဲ့ဖြစ်တယ်။ မြန်မာအစိုးရဟာ တရုတ်က ထောက်ခံမှု မရတော့ရင် ဒီထက်ဆိုးဝါးတဲ့အခြေအနေ၊ မတည်ငြိမ်မှုတွေ ရင်ဆိုင်ရမှာဖြစ်တယ်။ တရုတ်အစိုးရရဲ့ အဓိက အကျိုးစီးပွားက လုံခြုံရေး ဖြစ်သော်ငြားလည်း သူ့ပြည်တွင်းမှာ လိုအပ်တဲ့ သယံဇာတာ၊ ပိုက်လိုင်း (၂) လိုင်းမှာ (၁) လိုင်းက အာရှအလယ်ပိုင်းက ပို့မယ့်ရေနံဆိုရင် တရုတ် တပြည်လုံး သုံးနေတဲ့ (၆ဝ) ရာခိုင်နှုန်းဖြစ်တယ်။ အဲဒီရေနံကို ဒီလမ်းကြောင်းက ဖြတ်သွားမယ်ဆိုတော့ မြန်မာပြည် အကျိုးစီးပွားက ဒါလည်း ပါတယ်။

မေး။ ။ တရုတ်-မြန်မာနှစ်နိုင်ငံအကြား စာချုပ်တွေချုပ်ဆိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေချိန်မှာ မြန်မာလူထုအတွက်ရော ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။

ဖြေ။ ။ တရုတ်ပြည်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်နေတာ သူ့အတွက် အကျိုးရှိတာပဲ။ သူတို့စက်ရုံကြီးတွေ၊ သတ္တုတူးဖော်ရေးတွေမှာ သူတို့လူ သူတို့ခေါ်တာ။ ဥပမာ မုံရွာမှာ ကြေးနီတူးနေတယ်၊ ဘယ်မြန်မာမှ ဝင်လို့ မရဘူး။ မြန်မာလူထုထဲက အလုပ်သမားတွေအတွက် လုပ်ငန်း၊ နေရာထိုင်ခင်း ပေးနိုင်ရင်တော့ ကောင်းတာပေါ့။ ပြောမယ်ဆိုရင် စာချုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ် မြန်မာပြည်လူထု အကျိုးမရှိဘူး။ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေဟာ မြန်မာပြည်က သယံဇာတပစ္စည်းတွေ တရုတ်ထဲ သွားရေးဖြစ်တယ်။ နှစ်ပေါင်း (၂ဝ၊ ၃ဝ၊ ၄ဝ) မှာ ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူဟာ ဒုက္ခလှလှ ရောက်သွားမယ့်အခြေနေမျိုး ဆိုက်လာနိုင်တယ်။ အခုစာချုပ်တွေ ချုပ်ပြီး အကောင်အထည် ဖော်ခဲ့မယ်ဆိုရင်ပေါ့။ ဆိုပါတော့ အခု ဧရာဝတီမြစ်ဖျားမှာ၊ တာပိန်မြစ်ထဲမှာ ရွှေကျင်တာတို့ဟာ အားလုံးမှာ ဒုက္ခရောက်ကြတယ်။ ရေကာတာတွေမှာ ရင်းနှီးမြှုပ်နှံဆောက်တာဟာ ကျနော်တို့ တိုင်းပြည်အတွက် အနာဂတ်အတွက် အင်မတန် ဆိုးဝါးကြီးမားတဲ့ သဘာဝဘေးဒုက္ခတွေ ဖန်တီးမှုဖြစ်တယ်။

မေး။ ။ ဗိုလ်ချုပ်မှူးကြီးရဲ့ တရုတ်ခရီးစဉ်အတွင်းမှာ သူရဦးရွှေမန်းနဲ့ တရုတ်စစ်ဦးစီးချုပ်တို့ သီးသန့်တွေ့ဆုံကြသေးတယ်ဆိုတော့ တရုတ်-မြန်မာအကြား စစ်ရေးအရ ဆက်ဆံမှုတွေ ဘယ်လို ရှိနိုင်ပါသလဲ။

ဖြေ။ ။ တရုတ်-မြန်မာ စစ်ရေးဆက်ဆံမှုက ကြာလေ ပိုများလေလို့ ယူဆရတယ်။ မြန်မာစစ်တပ်က ကြည်း၊ ရေ၊ လေမှာ၊ အထူးသဖြင့် ရေနဲ့လေမှာ တရုတ်ရဲ့ပစ္စည်းတွေ အများစု အဓိက ဖြစ်လာတယ်။ တရုတ်ရဲ့ပစ္စည်းကို မှီခိုရုန်းကန်နေရတယ်။ အထူးသဖြင့် ရေတပ်ဆိုလို့ရှိရင် ရှိနေတဲ့ ရေယာဉ်အုပ်ရဲ့ သင်္ဘောအများစု၊ ၁၉၈၈ နောက်ပိုင်း တပ်ဆင်တဲ့ ရေယာဉ်အများစုဟာ တရုတ်က ဝယ်ယူတာဖြစ်တယ်။ လေတပ်မှာလည်း အချိုးအစားအရ အများစုဟာ တရုတ်လေယာဉ်တွေဖြစ်တယ်။ ကြည်းတပ်မှာတော့ ကိုယ့်ဘာသာကိုယ် ထုတ်နိုင်တာ တပိုင်းပေါ့။ အတတ်ပညာပိုင်းမှာ မှီခိုမှုများလာတယ်။ မြန်မာနိုင်ငံက ကျွန်းစုတွေမှာ တရုတ်ကျွမ်းကျင်သူတွေ တွေ့နိုင်တယ်။ လေတပ် အခြေစိုက်စခန်း၊ လေယာဉ်ပြုပြင်တဲ့စခန်းတွေမှာ တရုတ်ကျွမ်းကျင်သူတွေ တွေ့ရတယ်။ ဒီလိုအောက်မှာ ဒီထက်မြင့်တဲ့ နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်ဖို့အထိ တိုးမြင့်ဖို့ အလားအလာတွေ မြင်နေရတယ်။

မေး။ ။ တရုတ်ပြည်မှာ မြန်မာပညာတော်သင် သင်တန်းသားတွေ ရှိတယ်လို့ သိရပါတယ်။ ဘယ်လို သင်တန်းမျိုးတွေ ပို့ချနေတာပါလဲ။

ဖြေ။ ။ အထက်မှာ ပြောခဲ့သလို ဝယ်ယူထားတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ ဘယ်လိုသုံးမလဲ၊ ဘယ်လိုပျက်ရင် ဘယ်လိုပြင်မလဲပေါ့။ Technician လိုင်းပေါ့၊ အဲဒါများတယ်။ အဲဒီကြားထဲမှာ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေ၊ မြန်မာပြည်ကိုလည်း တရုတ်တပ်က လူတွေ၊ ရဲတွေ လွှတ်ပြီး မြန်မာစာ သင်ခိုင်းတယ်။ မြန်မာကလည်း တပ်နဲ့ ရဲကိုလွှတ်ပြီး တရုတ်စာသင်ခိုင်းတယ်။ မဟာဗျူဟာ၊ သေနင်္ဂဗျူဟာနဲ့ ပတ်သက်လို့ စစ်တပ်ရဲ့ ကျောရိုးဖြစ်တဲ့အခြေခံ Idealogy ကို သင်ပြပေးတဲ့ကျောင်းတွေကို သွားတက်တာရှိတယ်၊ ဒါက အနည်းစုပေါ့။ မှတ်မှတ်ရရ (၂) ခါ (၃)ခါ လောက် ရှိမယ်။

မေး။ ။ နယ်စပ်ဒေသများ၌ မြန်မာအစိုးရကို ဆန့်ကျင်မည့် လှုပ်ရှားမှုများနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမည့်လုပ်ရပ်များကို ပြုလုပ်မည့် မည်သည့်အဖွဲ့အစည်းကိုမျှ လက်ခံ ထောက်ခံမည်မဟုတ်ကြောင်း တရုတ်သမ္မတ ဟူကျင်တောင်းက ပြောတယ်ဆိုပြီး နအဖသတင်းစာတွေက ဖော်ပြတယ်။ ဒီအတွက် နယ်စပ် အဖွဲ့အစည်းတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိစေနိုင်သလဲ။

ဖြေ။ ။ သမ္မတကြီး ဟူကျင်တောင်းက ဒီစကားမပြောပါဘူး။ မပြောခဲ့ဘူး။ သူတို့က နားမလည်တာ၊ သမ္မတ တယောက်ရဲ့အဆင့်မှာ နှစ်နိုင်ငံကိစ္စကို ပြတ်ပြတ်သားသား ပြောမှာ မဟုတ်ဘူး။ မြန်မာအစိုးရရဲ့ သူ့ပြည်တွင်းမှာရှိတဲ့ လူမျိုးစုတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ ပြန်လည်ပေါင်းစည်းတဲ့ လုပ်ဆောင်မှုမျိုးကို စာနာနားလည် ထောက်ခံပါတယ်။ ဒီစကားပဲ ပြောတယ်။ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမျိုးသား ပြန်လည်သင့်မြတ်မှုကို အကောင်အထည်ဖော်တာ မြင်လိုပါတယ်။ အဲလို ဖော်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ဆိုပြီး တရုတ် သမ္မတကြီးက ပြောသွားတယ်။ ဒီစာပိုဒ်က ရည်ရွယ်ချက်ရှိရှိ ဗိုလ်သန်းရွှေ လုပ်ခဲ့တာ။ ဗိုလ်သန်းရွှေ တရုတ်ပြည်သွားတဲ့ ရည်ရွယ်ချက်ကော၊ နယ်စပ်ဒေသမှာ အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကိုကော အစီစဉ်ရှိရှိ လုပ်တာ ဖြစ်တယ်။ မြန်မာပြည်သူတွေနဲ့ တရုတ်အစိုးရကြားမှာ၊ တရုတ်အစိုးရနဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေကြားမှာ သွေးထိုးသပ်လျှိုတာ၊ တရုတ်အစိုးရကို နားလည်မှု လွဲအောင် လုပ်ကိုင်ဆောင်ရွက်လာတဲ့ နည်းဖြစ်တယ်။ သူ တရုတ်က ပြန်လာပြီးတဲ့နောက် လုပ်ချင်ရာ လုပ်မယ်၊ သတ်ချင်ရာ သတ်မယ်၊ ဖျက်ချင်ရာ ဖျက်မယ်၊ အဲဒါ အားလုံးဟာ တရုတ်က အကြံဉာဏ်ပေးလိုက်တာပါမျိုး ဖြစ်အောင် လုပ်မယ်။ တရုတ်အစိုးရဆီသွားပြီး အကြံဉာဏ်ယူတာပါ။ ပြန်လာပြီးတော့ လုပ်တာပါဆိုပြီး မပွင့်တပွင့် ဟိုနားပြောလိုက်၊ ဒီနားပြောလိုက် ပြောပါလိမ့်မယ်။ ဒီစကားဟာ တရုတ် ဟူကျင်တောင်း မပြောခဲ့ဘူး။ မပြောခဲ့ဘူးဆိုတာလည်း တရုတ်နယ်စပ်က အဖွဲ့အစည်းတွေအားလုံး လက်ခံနားလည်တယ်၊ သိထားတယ်။ ဘာကြောင့်လဲဆို ဗိုလ်သန်းရွှေတို့သာ နားမလည်လို့ ပြောတာ။ တရုတ်ပြည်လို နိုင်ငံမျိုးမှာ သမ္မတ အဆင့်က ဒီစကားမျိုး မပြောဘူး။ ဒါပေမယ့် ယူနန်ပြည်နယ်က အုပ်ချုပ်ရေးမှူးတွေ၊ လုံခြုံရေးဆိုင်ရာ အရာရှိကြီးတွေ၊ စစ်တပ်ဘက်က နယ်စပ်ဒေသအရာရှိကြီးတွေက အလားတူ စကားမျိုးပြောတယ်။ နှစ်နိုင်ငံ နယ်စပ်ဒေသမှာနေပြီး နှစ်နိုင်ငံရဲ့ တရားဥပဒေကို ချိုးဖောက်တဲ့ လုပ်ဆောင်မှု၊ လုပ်ဆောင်တဲ့ အဖွဲ့စည်းကို မှန်သမျှ လက်ခံ ထောက်ခံမှာ မဟုတ်ဘူးဆိုပြီး ပြောတာမျိုး ရှိတယ်။ ဒါပေမယ့် သမ္မတ တယောက်အနေနဲ့ ဒီစကားမျိုး ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ ဒါပေမယ့် မြန်မာအစိုးရက အစီစဉ်ရှိရှိ ဒီဟာကို သုံးလာတာ။ တချက်က နယ်စပ်ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေကို ခြိမ်းခြောက်တယ်၊ တရုတ်ပြည်က သဘောတူပြီ၊ ငါတို့ ချတော့မယ်ဆိုပြီး ဖြစ်အောင်၊ ဒုတိယအချက်ကတော့ တရုတ်အစိုးရနဲ့ နယ်စပ် အဖွဲ့အစည်းတွေအကြားမှာ သွေးထိုးတာ ဖြစ်တယ်။

မေး။ ။ တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲ ပြန်ဖြစ်လာခဲ့မယ်ဆိုရင် တရုတ်က ဘယ်အခန်းကဏ္ဍကနေ ဝင်ပါမယ်လို့ ယူဆနိုင်ပါသလဲ။

ဖြေ။ ။ တရုတ်ကတော့ သူ့နယ်စပ် လုံခြုံရေးကို ထိန်းသိမ်းမှာပဲ။ ဖြစ်လာရင် ကိုးကန့်တုန်းကလိုပေါ့၊ တစုံတရာ ကာဆီးပြီးတော့ ဝင်လာတဲ့လူတွေ မထိခိုက် မနစ်နာအောင်၊ သူတို့ထဲမှာ လက်နက်ကိုင် လှုပ်ရှားမှုမဖြစ်အောင် လက်နက်တွေ သိမ်းထားတာ၊ လူတွေကို တနေရာမှာ စုစည်းထားတာ ဒါမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒဏ်ရာရတဲ့ သူတွေကို ဆေးကုပေးတာ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။ တရုတ်ပြည်အနေနဲ့ နယ်စပ်မှာ လက်နက်ကိုင်တိုက်ပွဲ ပြန်ဖြစ်မှာကို လုံးဝ မလိုလားဘူး။ ဘာကြောင့်လည်း ဆိုတော့ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးက သူ့အတွက် အရမ်းအရေးကြီးတယ်။ တည်ငြိမ်ချင်လို့လည်း မတရားအစိုးရကို ထောက်ခံထားရတာဖြစ်တယ်။

မေး။ ။ ဟုတ်ကဲ့။ ဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ။

ဖြေ။ ။ ချုပ်ပြီးပြောရရင် တရုတ်အစိုးရအနေနဲ့ လုံခြုံရေးအကျိုးစီးပွား၊ လိုအပ်တဲ့ စွမ်းအင် အကျိုးစီးပွား တစုံတရာ ထိုက်ထိုက်တန်တန် ရရှိနိုင်သော်လည်းပဲ မြန်မာပြည်သူတွေနဲ့ ပတ်သက်ရင် နိုင်ငံရေးအရ ကြီးမားစွာ ဆုံးရှုံးတယ်။ မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ တရုတ်အစိုးရကို ဘယ်လို မြင်သလဲဆိုတာ ပြောလို့ရတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ မြန်မာအစိုးရ အမြတ်ထွက်တယ်။ မြန်မာအစိုးရက သူ့အာဏာတည်မြဲရေးအတွက် သူလုပ်နေတာ၊ ဘယ်ပြည်သူ့အတွက်မှ မကြည့်ဘူး။ သူ့အာဏာတည်မြဲရေးအတွက် တရုတ်အစိုးရက ထောက်ခံကျားကန် ပေးရသလို ဖြစ်နေတယ်။ ဒါကြောင့် နှစ်နိုင်ငံဆက်ဆံမှုမှာ မြန်မာအစိုးရလိုချင်တဲ့ ခုံမပျောက်ရေး၊ အာဏာကို ဆက်လက် ဆုပ်ကိုင်ရေးအတွက် တရုတ်အစိုးရကို မှီခိုပြီး အောင်အောင်မြင်မြင် အသုံးချနေတာ ဖြစ်တယ်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဗိုလ်သန်းရွှေတို့အုပ်စုက အကျိုးအမြတ် ပိုရရှိတာ ဖြစ်တယ်။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Saturday, September 18, 2010

စစ်အာဏာသိမ်း တရားမ၀င် စစ်အစိုးရ အပေါ် သဘောထား ထုတ်ပြန် ကြေငြာချက်

Photobucket

အပြည့်အစုံ ဖတ်ရန် ...

Friday, September 17, 2010

မြန်မာကို ဖြတ်မည့် ဘင်္ဂလာဒေခ်ျ့ - တရုတ် လမ်းဖေါက်ရေးကို နအဖ အာဏာပိုင်များ သဘောတူ

တာကလူး| ဘင်္ဂလားဒေခ်ျ့မှ အထူး လိုလားနေသည့် မြန်မာကို ဖြတ်ပြီး တရုတ်နှင့် ဆက်သွယ်မည့် ရထားလမ်း၊ ကားလမ်းမ ဖောက်လုပ်ရေး စီမံကိန်းကို မြန်မာ စစ်အစိုးရမှ အခြေခံမူအားဖြင့် သဘောတူလိုက်ပြီ ဖြစ်ကြောင်း တရုတ် သံအမတ်က ပြောသည်။

ဘင်္ဂလာဒေ့ရှ် ဆိုင်ရာ တရုတ်သံအမတ် ဇန်ဇိန်ရီ (Zhang Xianyi) က ဘင်္ဂလားဒေခ်ျ့ သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီး ဟာဆန်မာမွတ်နှင့် အင်္ဂါနေ့က မြို့တော် ဒက္ကားရှိ အတွင်းဝန် ရုံး၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နဖအ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည် ခရီးစဉ် အပြီးတွင် သုံးနိုင်ငံ လမ်းဖေါက်လုပ်ရေး မြန်မာဘက်က သဘောတူညီမူ ထွက်ပေါ်လာသဖြင့် တရုတ်ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား လမ်းဖေါက်လုပ်ရေး ကိစ္စ တရုတ် ခေါင်းဆောင်များက ဖိအားပေး ဆွေးနွေး နိုင်ခဲ့ဖွယ်ရှိသူ လေ့လာသုံးသပ်သူများက ပြောသည်။

မိမိတို့၏ သုံးနိုင်ငံ လမ်းဖေါက်လုပ်ရေး တင်ပြချက်ကို စိတ်ဝင်စားမူ မရှိသော မြန်မာနိုင်ငံ အနေဖြင့် အုံးမလုပ် - အဲမလုပ်ဘဲ ရှိရာမှ ယခုကဲ့သို့ သဘောတူကြောင်း သတင်းစကားကို တရုတ်သံအမတ်မှ တဆင့် ကြားရသဖြင့် ၀မ်းမြောက်မိပါ ကြောင်း ဘင်္ဂလားဒေခ်ျ့ သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီး ဟာဆန်မာမွတ်မှ ပြောသည်။

ဝန်ကြီး ဟာဆန်မှ “ဒီ အဝေးပြေး ရထားနဲ့ ကားလမ်းမ စီမံကိန်းကို လက်ခံလာအောင် မြန်အစိုးရကို တိုက်တွန်းဖို့ ဘင်္ဂလာဒေခ်ျ့ အနေနဲ့ တရုတ်အစိုးရကို ဒီနှစ်အစောပိုင်းကတည်းက တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။ ခုတော့ မြန်မာအစိုးရဘက်က စီမံကိန်းကို မူအားဖြင့် သဘောတူ လက်ခံလိုက်ပြီ ဖြစ်ပါတယ်။ ” ဟု ၀န်ကြီး ဟာဆန်က တရုတ်သံအမတ်နှင့် တွေ့ဆုံဆွေးနွေးအပြီးတွင် သတင်းထောက် များအား ပြောကြားခဲ့သည်။

ဘင်္ဂလားဒေခ်ျ့ နိုင်ငံ အနေဖြင့် မြန်မာကို ဖြတ်ပြီး ရထားလမ်းနှင့် ကားလမ်းဖေါက်ကာ တရုတ်နှင့် ကုန်သွယ်ရေး တိုးမြှင့်လုပ်ဆောင်နိုင်ရန် အထူး စိတ်အားထက်သန် လျက်ရှိသည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံ အနေဖြင့် အခြေခံ စက်မူ ကုန်ပစ္စည်း အပါအ၀င် အီလက်ထရောနစ် ပစ္စည်းများကို တရုတ်မှ မှာယူ တင်သွင်းနေရပြီး တရုတ်မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ ဒေသအတွင်း အိန္ဒိယ ပြီးလျှင် အကြီးမားဆုံး ကုန်သွယ်ဘက် နိုင်ငံ ဖြစ်သည်။

ယခုနှစ် မတ်လတွင် လည်ပတ်ခဲ့သည့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ခ်ဟာဆီးနာ၏ တရုတ် ခရီးစဉ် အတွင်းတွင်လည်း ဘင်္ဂလာ ၀န်ကြီးချုပ် အနေဖြင့် မြန်မာကို ဖြတ်၍ တရုတ်နှင့် ဘင်္ဂလာဒေခ်ျ့ အကြား ဆက်သွယ်ရေး လမ်းဖောက်လုပ်ရေးကို တရုတ် ခေါင်းဆောင်များအား အဓိက အလေးပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

၎င်းပြင် တရုတ်နိုင်ငံ အနေဖြင့် စစ်တကောင်း ဆိပ်ကမ်းကို နိုင်ငံတကာ အဆင့်မှီ ဆိပ်ကမ်း တစ်ခု ဖြစ်လာရန် ပံ့ပိုးကူညီသွားမည်ဟု သိရသည်။

source by : http://www.narinjara.com

အပြည့်အစုံ ဖတ်ရန် ...

စစ်ပြေးဒုက္ခသည်များ စားသောက်ရေး အခက်ကြုံ

အာကာ | မွန်ပြည်သစ်ပါတီ နှင့် စစ်အစိုးရကြား စစ်ရေးတင်းမာမှုကြောင့် ထိုင်း-မြန်မာနယ်စပ် ခလောက်ခနီ ဒုက္ခသည်စခန်းနှင့် ပလဲ့ဒွန်းဖိုက်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ပြေးဒုက္ခသည်များ စားသောက်ရေး အခက်အခဲနှင့် ကြုံတွေ့နေရသည်။


စစ်ပြေး ဒုက္ခသည်များ နားခိုရာ ယာယီ တဲစခန်း

ဇူလိုင်လမှ စ၍ အလှူရှင်များ ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပြီးနောက်တွင် ပြည်ပရောက် မွန်လူငယ် အဖွဲ့အစည်းများမှ အထောက်အပံ့များ ပေးနေသော်လည်း မလုံလောက်ခြင်းကြောင့် ယခုကဲ့သို့အခက်အခဲနှင့် ကြုံတွေရခြင်း ဖြစ်သည်။

“ကျမတို့က ဒီကို ရောက်လာကတည်း ဘာမှ အလုပ်အကိုင် မရှိဘူး၊ ဘယ်သူမှလည်း ကျမတို့ကို ငွေမချေးပေးဘူး၊ ကျမ သားသမီးတွေ ကျောင်းတက်တာ သိပ်မျက်နှာငယ်ရတယ်၊ ငွေတစ်မတ် တစ်ကျပ်မှ မပေးနိုင်ဘူး” ဟု အသက် (၄၅) နှစ် အရွယ်ရှိ ကလေး (၅) ယောက် မိခင် ဒုက္ခသည် မိစန်းရီက ပြောသည်။

လွန်ခဲ့သည့် ဧပြီလ (၂၂) ရက်နေ့တွင် စစ်အစိုးရ ကမ်းလှမ်းထားသည့် ဌာနေပြည်သူ့စစ် အသွင်ပြောင်းခြင်းကို မွန်ပြည်သစ်ပါတီက တရားဝင်ငြင်းပယ်ပြီးနောက်ပိုင်း နှစ်ဖက်လုံးမှ စစ်ရေးပြင်ဆင်နေခြင်းကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းမှ ရွာသား (၆၀၀) ကျော် ထွက်ပြေးလာခဲ့သည်။

မေလကုန်ခန့်တွင် စစ်ဖြစ်နိုင်မည့် အရိပ်အယောင် မမြင်တွေ့ရခြင်းကြောင့် ထွက်ပြေးလာသော ရွာသားများအနက် (၅၀၀)ခန့် နေရပ် ပြန်သွားကြသော်လည်း ဒုက္ခိတများ၊ နို့စို့အရွယ် ကလေးမိခင်များနှင့် ၎င်းတို့၏ ကလေးငယ်များ အိမ်ထောင်စု (၂၀) ကျန်ရှိနေသေးသည်။

၎င်းတို့တွင် (၅) နှစ်အထက် အမျိုးသား (၃၈) ဦး၊ အမျိုးသမီး (၃၉) ဦး နှင့် (၅) နှစ်အောက် ယောကျာ်းလေး (၈) ဦး၊ မိန်းကလေး (၉) ဦး ပါဝင်ပြီး မွန်ပြည်သစ်ပါတီက ဗလဲ့ဒွန်းဖိုက်ကျေးရွာတွင် ယာယီတဲ (၃၀) ခန့် ဆောက်လုပ်ပေးကာ နေရာ ချထားပေးခဲ့သည်။

မွန်ပြည်သစ်ပါတီအား စက်တင်ဘာလ (၁) ရက်နေ့ နောက်ဆုံးထား၍ လက်နက်စွန့်လွှတ်ရန် စစ်အစိုးရက ညွှန်ကြားထားသည့်အပေါ် လက်မခံနိုင်ကြောင်း မွန်ပြည်သစ်ပါတီက ပြန်လည် အကြောင်းကြားခဲ့ပြီး နောက်ပိုင်းတွင်လည်း မွန်ပြည်သစ်ပါတီ နယ်မြေအတွင်းမှ ရွာသားများ စစ်လန့်နေကြသည်။ သို့သော်လည်း မိုးရာသီ ဖြစ်၍ ထွက်မပြေးနိုင်ကြကြောင်း ထိုဒေသမှ ရွာသူရွာသားများက ပြောသည်။

source by : http://monnews.org

အပြည့်အစုံ ဖတ်ရန် ...

ရဲဘော်တို့ လာ၊ စုရုံးနေ


ကဒေါင်းတို့ မည်သည်

သူတပါးအလိုကျ

ကပြ အသုံးတော်ခံ

အားမာန်လျှော့လေ့

ရှိသော်ငြား၊

ခွပ်ဒေါင်းတို့ မည်သည်ကား

အနိုင်မခံ

အရှုံးမပေး

သွေးချင်းချင်းနီသည်ထိ

အားလျှော့ရိုးထုံးစံမရှိ။


၂၀၁၀ရဲ့ တိုက်ပွဲခေါ်သံ

ခွပ်ဒေါင်းအလံကား

ဘူမိနက်သန်

အောင်မြေမှန်တွင်

စိုက်ထူထားသည်မို့

ရဲဘော်တို့လာ-

စုရုံးကြစို့။

အဆုံးစစ်ပွဲကို

နွှဲပါစို့။


ခင်မမမျိုး (၁၇၊၉၊ ၂၀၁၀)

အပြည့်အစုံ ဖတ်ရန် ...